အမုန်းတရားဖြန့်ဝေမှုအပေါ် ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိကြောင်း Facebook ပြော

0:00 / 0:00

မြန်မာနိုင်ငံမှာ ဖေ့စ်ဘွတ်ကို အသုံးပြုပြီး အမုန်းစကားဖြန့်ဝေတာ၊ အကြမ်းဖက်တာတွေ ပေါ်ပေါက်အောင် သွေးထိုးလှုံ့ဆော်နေတာတွေနဲ့ ပတ်သက်လို့ ဖေ့စ်ဘွတ်ကုမ္ပဏီအနေနဲ့ လုပ်ဆောင်ရမယ့် နယ်ပယ် ၅ ခုရှိတယ်လို့ အစီရင်ခံစာပြုစု လေ့လာခဲ့တဲ့ BSR အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားနေသူတွေရဲ့ ပြောစကားတွေကို RFA သတင်းထောက် မသက်စုအောင်က စုစည်းတင်ပြထားပါတယ်။

..........................

ဖေ့စ်ဘွတ်က အမေရိကန်ပြည်ထောင်စုအခြေစိုက် BSR အဖွဲ့ကို လေ့လာသုတေသနပြုစေပြီး "မြန်မာနိုင်ငံက ဖေ့စ်ဘွတ်အသုံးပြုမှုနဲ့ လူ့အခွင့်အရေးအကျိုးသက်ရောက်မှုများ "ဆိုတဲ့ အစီရင်ခံစာတစ်စောင်ကို ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။

BSR ရဲ့ အစီရင်ခံစာမှာ တိုက်တွန်းထားတဲ့ အချက် ၅ ချက်ထဲက ပထမတစ်ချက်က ဖေ့စ်ဘွတ်အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိဖို့၊ ဖေ့စ်ဘွတ်ကုမ္ပဏီရဲ့ လူ့အခွင့်အရေးမူဝါဒ သီးသန့်ထားရှိဖို့ ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ ဖေ့စ်ဘွတ်စာမျက်နှာအသုံးပြုသူတွေ လိုက်နာရမယ့် ဆောင်ရန်ရှောင်ရန် မူဝါဒတွေကို တိတိကျကျသတ်မှတ်ဖော်ပြထားဖို့ဖြစ်ပြီး တတိယတစ်ချက်ကတော့ ဖေ့စ်ဘွတ်ကို အသုံးချပြီး လူ့အခွင့်အရေးချိုးဖောက်တာတွေရှိရင် ဖော်ထုတ်အရေးယူနိုင်ဖို့အတွက် ကုမ္ပဏီက သိမ်းဆည်းထားတဲ့ သတင်းအချက်အလက်တွေကို ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေနဲ့ သတင်းအချက်အလက်ဖလှယ်နိုင်ဖို့ ပွင့်လင်းမြင်သာမှုရှိဖို့ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ မြန်မာနိုင်ငံမှာ အမုန်းတရားတိုက်ဖျက်ရေး၊ အင်တာနက်ဆောင်ရန်ရှောင်ရန် အခြေခံအသိပညာတိုးပွားရေးတွေနဲ့ ဥပဒေရေးရာ ပြုပြင်ပြောင်းလဲရေးတွေမှာ မြန်မာနိုင်ငံနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊ ၂၀၂၀ လို ရွေးကောက်ပွဲလို မြန်မာနိုင်ငံ အနာဂတ်နိုင်ငံရေး လူမှုရေး ဖြစ်ပေါ်တိုးတက်မှုမှာ ဖေ့စ်ဘွတ်ကို ဒုစရိုက်မှုတွေအတွက် တလွဲအသုံးချတာမဖြစ်လာအောင် ဖေ့စ်ဘွတ်အနေနဲ့ ကြိုတင်ပြင်ဆင်ရေးတို့ ဖြစ်ပါတယ်။

အခုလို ဖေ့စ်ဘွတ်ကို တိုက်တွန်းတဲ့အချက်တွေကို မူဝါဒပိုင်းအရ သဘောတူပေမယ့် အရေးယူမှုတွေ လုပ်ဆောင်ရာမှာတော့ လူအပေါ်မှာ အခြေခံပြီး အရေးယူမှု လုပ်ဆောင်တာမျိုးထက် ချမှတ်ထားတဲ့မူအရ လုပ်ဆောင်တာ ပိုဖြစ်သင့်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ညီမျှခြင်း မြန်မာအဖွဲ့ရဲ့ ဒါရိုက်တာ ကိုအောင်မျိုးမင်းက ပြောပါတယ်။

"ဒီအရေးယူုမှုအပိုင်းတွေမှာ သက်ဆိုင်ရာအစိုးရတွေက တည်ဆဲဥပဒေတွေနဲ့ အရေးယူဖို့အတွက် လုပ်ဆောင်တာကို ကျေးဇူးတင်တယ် ၊ ဒါပေမဲ့ တဖက်မှာ စိုးရိမ်စရာတစ်ခုက မူအရတော့ ရှိရမယ်၊ ဒါပေမဲ့ တခါတလေ တချို့သော အစိုးရတွေ၊ ပေါ်လစီတွေက မူအရမဟုတ်ဘဲ လူအရ လုပ်ဆောင်တာဆိုရင်တော့ လူ့အခွင့်အရေး ရှုထောင့်အရ လက်မခံနိုင်ဘူး၊ ချမှတ်ထားတဲ့ လုပ်ဆောင်ချက်တွေက မူပေါ်မှာ အခြေမခံဘဲနဲ့ လူပေါ်မှာ အခြေခံပြီး လုပ်ဆောင်ရင် တရားဥပဒေစိုးမိုးရေးဆိုတဲ့အရာဖြစ်ပေမဲ့ တရားဥပဒေမျှတရေးအပိုင်းကို သိပ်မသွားနိုင်ဘူး၊ ဖေ့စ်ဘွတ်က လုပ်ဆောင်တာလုပ်ပါ ၊ ဒါပေမဲ့ အစိုးရတစ်ရပ် အဖွဲ့အစည်းတစ်ရပ် အယူအဆတစ်ရပ်ရဲ့ သြဇာနဲ့ တဖက်စောင်းနင်းလုပ်ဆောင်တဲ့ အရာမျိုးမဖြစ်အောင်တော့ ပြန်ပြီးတော့ ထိန်းသိမ်းဖို့တော့ လိုအပ်ပါတယ်"

ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာ ပြန့်နှံ့နေတဲ့အမုန်းစကားတွေ၊ သတင်းမှားတွေနဲ့ ပတ်သက်ပြီး အရေးယူတဲ့နေရာမှာ မြန်မြန်ဆန်ဆန် မဆောင်ရွက်နိုင်ကြောင်း ဖေ့စ်ဘွတ်က ပြီးခဲ့တဲ့ သြဂုတ်လက ဝန်ခံထားပါတယ်။

အဲဒီလိုဝန်ခံပြီးနောက်မှာ ဖေ့စ်ဘွတ်က ဘာသာရေး လူမျိုးရေး အမုန်းစကားလှုံ့ဆော်နေတာတဲ့ အကောင့်တချို့နဲ့ အကောင့်တုတွေကို ဖျက်သိမ်းတာတွေ ဆောင်ရွက်ခဲ့ပြီးနောက်မှာ အမုန်းစကားရေးသားတာတွေကို တွေ့ရတာနည်းလာတယ်လို့ ပြောကြတာလည်း ရှိပါတယ်။

ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအေးလွင် က အခုလိုပြောပါတယ်။

"ဒီဖေ့စ်ဘွတ်ပေါ်မှာ အမုန်းစကားဆိုတာကတော့ အရင်ကထက်စာရင်တော့ တော်တော်လေးလျော့သွားပြီ လို့တော့ထင်တယ်၊ ဒါပေမဲ့လည်း ကွန်မန့်တွေမှာတော့ ဆဲတာဆိုတာတွေရှိနေတယ်၊ ပညာသားပါပါ အပြန် အလှန်ပြောတဲ့ စကားမျိုးတွေထက် တဖက်သတ်၊ တဖက်ပိတ်၊ မျက်စိမှိတ်ပြီး ဆိုဒ်တစ်ခုကို ဘက်တဖက်ကို မတရားပြောတဲ့ဟာလေးတွေကတော့ ရှိနေတုန်းပဲလေ၊ အဲဒီလို ကွန်မန့်ကို တွေ့တယ်ဆိုရင် စောင့်ကြည့်တဲ့ အဖွဲ့များရှိရင် ဒါအများပြည်သူကို အကျိုးမရှိတဲ့အတွက် ဒါတွေကို ဖျက်ပစ်တာတို့ ဘလော့လုပ်တာတို့ လုပ်သင့်တယ်လို့ထင်တယ်"

ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ကိုနေဘုန်းလတ်က ဖေ့စ်ဘွတ်အနေနဲ့ မြန်မာပြည်နဲ့ ပတ်သက်လို့ မှန်ကန်တဲ့ သတင်းအချက်အလက် အကြံဉာဏ်တွေပေးနိုင်သူတွေကို အကြံပေးအဖွဲ့အနေနဲ့ ခန့်အပ်ထားသင့်တယ်လို့ ပြောပါတယ်။

"မြန်မာTeam ဆိုပြီး ဖွဲ့ထားတယ်လို့ ကျနော်တို့ ကြားတယ်၊ ဒါပေမဲ့ အဲဒီမြန်မာအဖွဲ့ထဲမှာ ဘယ်သူတွေပါလဲ၊ အဲလူတွေကရော တကယ့်ကို သမာသမတ်ကြရဲ့လားဆိုတာ ဘာမှ ပွင့်လင်းမြင်သာမှုမရှိဘူး၊ မရှိတဲ့အခါကြတော့ တချို့ ဖေ့စ်ဘွတ်ရနေတဲ့ အကြံဉာဏ်တွေက မှန်ကန်တဲ့လမ်းကြောင်းကို သွားမနေဘူးလို့ ကျနော်က သုံးသပ်ချင်တယ်၊ ဝန်ထမ်းအနေနဲ့ ခန့်တာလည်း ခန့်တာပေါ့နော်၊ ကျနော်ကတော့ ခုနပြောသလို တကယ်နားလည်တတ်ကျွမ်းတဲ့သူတွေ မြန်မာနိုင်ငံရေးကို သဘောပေါက်တဲ့သူတွေ တကယ်လည်း သမာသမတ်ကျမယ့်သူမျိုးတွေကို အကြံပေးအဖွဲ့လိုဟာမျိုး အဲဒါမျိုးဖွဲ့ပြီးတော့ ဒီလူတွေရဲ့သုံးသပ်ချက်တွေ အကြံပြုချက်တွေရယူပြီး ဆောင်ရွက်တာမျိုးလုပ်သင့်တာပေါ့"

မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၅၀ လောက်ရှိပြီး ၂၀၁၂ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ အင်တာနက်သုံးနိုင်တဲ့သူက စုစုပေါင်းလူဦးရေရဲ့ ၁ ရာခိုင်နှုန်းကျော်သာ ရှိခဲ့ပေမယ့် အခုဆိုရင် လူမှုကွန်ယက် ဖေ့စ်ဘွတ် အသုံးပြုသူက ၁၈ သန်းခန့်ရှိနေပါတယ်။

ဒီလူမှုကွန်ယက်ကို အသုံးပြုပြီး မြန်မာနိုင်ငံက လူအတော်များများဟာ သတင်းအချက်အလက်ရှာဖွေတာ၊ မျှဝေနိုင်ဖို့အသုံးပြုကြတာထက် နိုင်ငံရေး ဘာသာရေး ၊ လူမျိုးရေး နဲ့ပတ်သက်ပြီး လှုံ့ဆော်တာ အမုန်းစကား ဖြန့်ဝေပေးတဲ့နေရာတစ်ခုအဖြစ် အသုံးပြုတာက များနေတယ်လို့ ပြောဆိုကြပါတယ်။

မြန်မာနိုင်ငံမှာ အမုန်းစကားတွေ ပျံ့နှံ့အောင် ဖြန့်ဝေတဲ့နေရာမှာ ဖေ့စ်ဘွတ်လူမှုကွန်ယက်ဟာ အဓိကအခန်းက ပါဝင်နေတယ်လို့လည်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ အကြီးအကဲက မတ်လ ၁၂ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ပြောကြားထားပါတယ်ရှင်။