ချင်းက မြို့နယ် သုံးခုမှာ တိုက်ပွဲပြင်းထန်နေပြီး အရပ်သား ခြောက်ဦး သေဆုံး
2024.11.27
[Update: 4: 00 PM, Nov 27, 2024]
ချင်းပြည်နယ် မင်းတပ်၊ ဖလမ်းနဲ့ ထန်တလန်မြို့နယ်တွေမှာ နိုဝင်ဘာလ ၂၇ ရက် ဒီနေ့နေ့လယ်ပိုင်းအထိ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်နေတယ်လို့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
မင်းတပ်မြို့မှာ နို၀င်ဘာ ၉ ရက်နေ့ကစပြီး ဒီကနေ့ မနက်ပိုင်းအထိ စစ်ကောင်စီတပ်နဲ့ ချင်းညီနောင် ပူးပေါင်းတပ်တို့ တိုက်ပွဲ ဆက်တိုက်ပြင်းထန်နေတယ်လို့ မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြောခွင့်ရသူ ကိုယောမန်က RFA ကို ပြောပါတယ်။
"တိုက်ပွဲကတော့ တောက်လျှောက် ရက်ဆက် ထိတွေ့နေတယ်။ စစ်ကောင်စီ တောက်လျှောက် ဖိုက်တာနဲ့ လာဗုံးကြဲတယ်။ အဲဒီလိုတော့ တောက်လျှောက် ဖြစ်နေတယ် ခင်ဗျ၊ မီးရှို့တာတော့ အရင် သုံးလေးငါးရက် တစ်ပတ်က မီးရှို့တာပါ။ အခုက အပြင်မထွက်နိုင်တော့ဘူး။ အရင်တုန်းက သူတို့ မီးရှို့တာက သူတို့ ငါးဂါလန် ပုံးတွေ၊ ဓာတ်ဆီတွေနဲ့ အိမ်တွေကို ဆီနဲ့ လောင်း မီးရှို့၊ မီးပုလင်းနဲ့ ပေါက်ပေါ့နော်။ အခုနောက်ပိုင်းတော့ သူတို့ရဲ့ ဒီလက်နက်ကြီးတွေနဲ့ မီးလောင်ဗုံးတွေ ပစ်မှပဲ မီးလောင်ကျွမ်းတာရှိတယ်။ အခုတော့ မီးလောင်ကျွမ်းတာတွေ နည်းသွားပါပြီ၊ တိုက်ပွဲတစ်လျှောက် မီးလောင်ကျွမ်းတာဆိုရင်တော့ တစ်ရာ၀န်းကျင်၊ တစ်ရာကျော်လောက်ရှိမယ် ခန့်မှန်းရပါတယ်။ အသေအချာပြောဖို့တော့ ခက်ပါတယ်"
ဒီနေ့ နေ့လယ်ပိုင်းမှာလည်း စစ်ကောင်စီတပ်က မင်းတပ်မြို့ကို လေကြောင်းကနေ ဗုံးကြဲချနေသလို နို၀င်ဘာ ၂၆ ရက်နေ့က ပေါင် ငါးရာဗုံးသီး၊ ပေါင် ၂၅၀ ဗုံးသီးတွေ အသုံးပြုပြီး လေးကြိမ် ဗုံးကြဲချခဲ့တယ်လို့ သူက ပြောပါတယ်။
"တိုက်ပွဲတစ်လျှောက် မီးလောင်ကျွမ်းတာဆိုရင်တော့ တစ်ရာ၀န်းကျင်၊ တစ်ရာကျော်လောက်ရှိမယ် ခန့်မှန်းရပါတယ်"
ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့မှာလည်း စစ်ကောင်စီတပ်နဲ့ ချင်းညီနောင်မဟာမိတ်တပ်တို့ တိုက်ပွဲ ပြင်းထန်နေပါတယ်။
ဖလမ်းမြို့နယ်၊ လုမ်သဲ (Lumte) ရွာမှာတော့ နို၀င်ဘာ ၂၆ ရက် မနေ့က စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသားငါးဦးနဲ့ အမျိုးသမီးတစ်ဦး စုစုပေါင်း ခြောက်ဦး သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့က လုမ်သဲကတော့ ခြောက်ယောက် ဆုံးသွားတယ်။ အမျိုးသမီး တစ်ယောက်ရယ်၊ အမျိုးသား ငါးယောက်ရယ်၊ တစ်ဦးဒဏ်ရာရတယ်။ နေအိမ်ကတော့ နှစ်အိမ်၊ သုံးအိမ်လောက် ပျက်စီးသွားတယ်။ နေအိမ်ထဲမှာ နေတဲ့အချိန်ပေါ့၊ တိုက်ပွဲလည်း ဘာမှမရှိပါဘူး။ ဒီနေ့ သင်္ဂြိုဟ်နိုင်ဦးမလားတော့ မသိသေးဘူး။ လေကြောင်းရန်လည်း ကြောက်ရသေးတယ်ဆိုတော့”
ဖလမ်းမြို့ပေါ်မှာ တိုက်ပွဲပြင်းထန်နေပေမဲ့ အဲဒီရွာနဲ့အနီးတစ်၀ိုက်မှာတော့ တိုက်ပွဲဖြစ်တာတွေ မရှိဘဲ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၅ ရက်နေ့ကလည်း ဖလမ်းမြို့နယ်၊ ဗားရ် ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ခရစ်ယာန်ဘုရားကျောင်း အပါအ၀င် နေအိမ်ငါးလုံး ပျက်စီးပြီး ဒေသခံတစ်ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
လုမ်သဲ ကျေးရွာနဲ့ ဗားရ်ကျေးရွာက ဒေသခံတွေဟာ လေကြောင်းရန်ကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဆက်နွှယ်သောသတင်းများ
မင်းတပ်မှာ တစ်ရက်တည်း လေကြောင်းတိုက်ခိုက်မှု အကြိမ် နှစ်ဆယ်ကျော်လုပ်
ဖလမ်းမြို့ မကျစေရေး စစ်ကောင်စီက အပြင်းအထန်ခုခံနေ
အာဏာသိမ်းကာလ ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူတစ်ရာကျော် သေဆုံး
မင်းတပ်နဲ့ ဖလမ်းမြို့အပြင် ထန်တလန်မြို့မှာလည်း စစ်ကောင်စီတပ်နဲ့ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်တို့ နို၀င်ဘာ ၂၂ ရက်နေ့စပြီး ဒီကနေ့အထိ တစ်ကျော့ပြန် တိုက်ပွဲပြင်းထန်နေတယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) ရဲ့ ပြောခွင့်ရသူ ဆလိုင်းထက်နီက ပြောပါတယ်။
“ဒီလ ၂၂ ရက်နေ့ကစပြီး အခုထိပေါ့ တိုက်ပွဲကတော့ ဆက်ဖြစ်နေပါတယ်၊ ဟားခါးနဲ့ ထန်တလန်ကြား။ အဓိက ကတော့ ထန်တလန်မှာက သူတို့ တပ်ကုန်းကြီးကိုတော့ ကျွန်တော်တို့ သိမ်းထားနိုင်တယ်။ အခု သူတို့ နှစ်နေရာ ရဲစခန်းဟောင်းနဲ့ NLD ရုံးဟောင်းကြီးက တော်တော်လေး စခန်းတွေက အခိုင်အမာ တိုက်အိမ်ထဲမှာ တည်ဆောက်ထားတာဆိုတော့ ကျွန်တော်တို့ဘက်က အဲဒါ အခက်အခဲ ရှိတာပေါ့နော်။ ဒါပေမဲ့ အဲဒီနှစ်နေရာပဲ သူတို့က ရှိနေသေးတယ်ပေါ့။ ကျန်တဲ့နေရာ အားလုံးကို ကျွန်တော်တို့ စိုးမိုးထားဆဲပေါ့။ နောက်ထပ် စခန်းအသစ်တွေကို ထန်တလန်မြို့ထဲမှာ လုပ်နိုင်တာ မရှိပါဘူး”
နိုဝင်ဘာ ၂၆ ရက်နေ့ကလည်း ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြားမှာရှိတဲ့ စစ်ကောင်စီ တပ်စွဲထားတဲ့ စီသရီးတောင်စခန်း (ပွိုင့် ၃ စခန်း) ကို ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့က သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစခန်းဟာ ဟားခါးမြို့ကနေ ထန်တလန်မြို့ကို စစ်ကူပေးနိုင်ဖို့ စစ်ကောင်စီအတွက် အရေးပါတဲ့ တပ်စခန်း တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ဟားခါးကနေ ထန်တလန်မြို့ဘက်ကို အင်အားဖြည့်ဖို့ လာတဲ့ စစ်ကောင်စီတပ်တွေကို ဖြတ်တောက် တားဆီးနိုင်ခဲ့တယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။
သိမ်းဆည်းခဲ့တဲ့ စီသရီးတောင်စခန်း (ပွိုင့် ၃ စခန်း) ကနေ စက်သေနတ်တစ်လက်အပါအဝင် သေနတ် ခြောက်လက်နဲ့ ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်သား ခြောက်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဆယ်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
ချင်းပြည်နယ်မှာ မတူပီ ၊ တွန်းဇံ၊ ကျီခါးမြို့၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဝေဘူလ၊ ဆူခွာ စတဲ့ မြို့ ၁၁ မြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက် ထိန်းချုပ်ထားပြီး ပလက်ဝမြို့နယ်နဲ့ ဆမီးမြို့ကိုတော့ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ချင်းပြည်နယ်မှာ လူဦးရေ ငါးသိန်း ကျော်ရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ပြည်နယ်လူဦးရေရဲ့ တစ်၀က်ခန့်က စစ်ဘေး တိမ်းရှောင်နေရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က RFA ကို ပြောထားပါတယ်။
(မှတ်ချက် - မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရသူ ကိုယောမာန်နှင့် CNA ပြောခွင့်ရသူ ဆလိုင်းထက်နီတို့၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ရေးသားထားသည်။)