ပြင်ဆင်လိုက်တဲ့ ရုပ်ရှင်ဥပဒေကြောင့် ရုပ်ရှင်လောကသားတွေ ပိုအကျပ်တွေ့နေ

RFA Burmese
2024.12.24
ပြင်ဆင်လိုက်တဲ့ ရုပ်ရှင်ဥပဒေကြောင့် ရုပ်ရှင်လောကသားတွေ ပိုအကျပ်တွေ့နေ ရန်ကုန်မြို့ရှိ သမ္မတ ရုပ်ရှင်ရုံအား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ပြည်တွင်းမှာ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကို ဆင်ဆာလက်မှတ်မရှိဘဲ ပြည်ပကိုတင်ပို့တာ ဒါမှမဟုတ် ပြည်ပမှာပြသခဲ့ရင် ကျူးလွန်သူကို ထောင်ဒဏ် သုံးနှစ်အထိဖြစ်စေ ဒဏ်ငွေ ကျပ် ခုနစ်သိန်းကနေ အများဆုံး ဆယ်သိန်းအထိ ချမှတ်နိုင်တယ်ဆိုပြီး စစ်ကောင်စီက ရုပ်ရှင်ဥပဒေကို ပြင်ဆင် ပြဋ္ဌာန်းလိုက်တာပါ။

ဒီလိုလုပ်လိုက်တာဟာ ရုပ်ရှင်အနုပညာကို ပိုဆိုးသွားစေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်တွင်းက ရုပ်ရှင်ဒါရိုက်တာတစ်ယောက်က RFA ကို ပြောပါတယ်။

ရုပ်ရှင်ဆင်ဆာအဖွဲ့ဝင်တွေထဲမှာ ရုပ်ရှင်အကြောင်း နားမလည်သူတွေ အများစုပါဝင်နေတာကြောင့် အခုလို ဆင်ဆာတင်းကျပ်နေတာလို့လည်း ထောက်ပြပါတယ်။

“ဒါတွေအပေါ်မှာ ကြောက်ရွံ့ပြီးတော့မှ ဖိနှိပ်ချုပ်ချယ်လိုတဲ့သဘောလို့ ကျွန်တော်က ဒီအတိုင်းပဲမြင်တယ်။ ဒါဟာ ဥပဒေနဲ့ မညီသလို တကယ်မှန်ကန်မျှတတာလည်း မရှိဘူး”

ဒါ့အပြင် အခုထပ်တိုးတဲ့အချက်ဟာ လွတ်မြောက်နယ်မြေရောက်နေတဲ့ ရုပ်ရှင်အနုပညာရှင်တချို့ရဲ့ ဖန်တီးမှုတွေကို ကြပ်မတ်လိုတဲ့ ရည်ရွယ်ချက်နဲ့ဆိုရင်လည်း အကြောင်းထူးမှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

“အဲဒါတွေ ဟန့်တားဖို့ဆိုတာ အဲဒီရုပ်ရှင်တွေကိုလည်း လိုက်တားလို့မှ မရသလို အဲဒီရုပ်ရှင်တွေ ဘယ်ကနေ ဘယ် လိုရိုက်နေလဲဆိုတာလည်း သူတို့မသိဘူး။ တစ်ဖက်နိုင်ငံကို သွားဖမ်းလို့လည်း မရဘူး။ အလွန်ဆုံးလုပ်လို့ရရင် ပတ်စ်ပို့ သက်တမ်းတိုးတဲ့နေရာမှာ ပြဿနာရှာတာမျိုးပဲ လုပ်လို့ရမယ်။ သူတို့ကလည်း အဲဒီလို ပတ်စ်ပို့သက်တမ်းတိုးတာ လုပ်မဲ့ လူမျိုးတွေလည်းမဟုတ်ဘူး။ တချို့ကလည်း တစ်ဖက်နိုင်ငံသား ခံယူထားတဲ့ဟာမျိုးတွေလေ”

ဒါကြောင့် အခုပြင်ဆင်ချက်ဟာ ပြည်တွင်းမှာ လုပ်ကိုင်နေသူတွေအတွက်သာ ပိုပြီးအကျပ်ရိုက်စေတယ်လို့ ဆိုပါတယ်။

ရုပ်ရှင်ဆင်ဆာအဖွဲ့ရဲ့ အာဏာအလွဲသုံးစားလုပ်ပြီး ဖြတ်တောက်မှုတွေကြောင့် မြန်မာနိုင်ငံက ထုတ်လုပ်တဲ့ ရုပ်ရှင်တွေဟာ အဆင့်အတန်းမမီတာတွေ ပြင်ပလောကနဲ့ ကွာခြားတာတွေ ဖြစ်နေတာလို့လည်း သူက ဝေဖန်ပါတယ်။


ဆက်နွှယ်သောသတင်းများ

ရုပ်သံလိုင်းများကို ဆင်ဆာစနစ်ဖြင့် စစ်ကောင်စီထိန်းချုပ်

အွန်လိုင်းပေါ်က ရုပ်ရှင်ကား ထုတ်လွှင့်မှုတွေကို စစ်ကောင်စီ တင်းကျပ်

တစ်ကျော့ပြန်ပေါ်လာတဲ့ ဆင်ဆာစနစ်အပေါ် ဝေဖန်မှုတွေရှိနေ


မြန်မာနိုင်ငံရဲ့ ရုပ်ရှင်ဆင်ဆာစနစ်ဟာ အဆင့်ဆင့်ကိုဖြတ်သန်းရပြီး စနစ်တကျသတ်မှတ်ထားတာတွေ မရှိတာကြောင့် အနုပညာဖန်တီးမှုတစ်ခုဟာ ခွင့်ပြုချက်ရ၊ မရကို မသိဘဲ လုပ်နေရတာတွေရှိတယ်လို့ အဲဒီဒါရိုက်တာက ပြောပါတယ်။

ပြည်ပမှာ ပြသဖို့နဲ့ ပြိုင်ပွဲဝင်ဖို့အတွက် ရုပ်ရှင်ဇာတ်လမ်းတိုတွေနဲ့ သတင်းရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးတာတွေက အရင်ကတည်းက ရှိခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်က ပြောပါတယ်။

“ကော်မာရှယ်လိုင်းကသွားနေတဲ့ Main Stream ကသွားနေတဲ့ ရုပ်ရှင်တွေကျတော့လည်း ပြည်ပကိုသွား ပြတယ်ဆိုတဲ့ဟာက ရှားတယ်။ ပြခွင့်ရဖို့လည်း မလွယ်ဘူးလေ။ အဲတော့ ဥပဒေထုတ်တယ်ဆိုတာကတော့ ဒီလို နိုင်ငံခြားမှာပဲ သွားရိုက်ရိုက် ပြည်တွင်းမှာရိုက်ပြီးတော့ နိုင်ငံခြားကို ပြပွဲ ပြိုင်ပွဲဝင်တာပဲဖြစ်ဖြစ် ဆင်ဆာမတင်ဘဲ လုပ်နေကြတာတွေ ရှိနေကြတာကို ဟန့်တားချင်လို့ လို့ ထင်တယ်လေ”

အဲဒီလိုရုပ်ရှင်ကားမျိုးဖန်တီးသူတွေဟာ ပြည်တွင်းမှာပြဖို့ ရည်ရွယ်ချက်မရှိကြသလို ပြည်တွင်းမှာ နေထိုင်နေသူတွေလည်း မဟုတ်တာကြောင့် စစ်ကောင်စီအရေးယူခံရမဲ့ အန္တရာယ်ကနေ ကင်းလွတ်နေကြ တယ်လို့ သူက ဆိုပါတယ်။

“သတ္တိနဲ့ပွင့်လန်း ချစ်သောပန်းများ” ရန်ပုံငွေရုပ်ရှင်ပြပွဲကို ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့၊ Payap University တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့က ကျင်းပခဲ့စဉ်။ (Photo: RFA)
“သတ္တိနဲ့ပွင့်လန်း ချစ်သောပန်းများ” ရန်ပုံငွေရုပ်ရှင်ပြပွဲကို ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့၊ Payap University တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့က ကျင်းပခဲ့စဉ်။ (Photo: RFA)

ပြည်တွင်းက ဆင်ဆာအဖွဲ့ရဲ့ မူဝါဒတွေကြောင့်လဲ ပြည်ပမှာ သွားပြဖို့ရည်ရွယ်တဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ ပြည်တွင်းမှာလည်း ဆင်ဆာတင်လေ့မရှိကြဘူးလို့ အဲဒီဒါရိုက်တာက ဆက်ပြောပါတယ်။

အရင်ရုပ်ရှင်ဥပဒေရဲ့ အခန်း ၈ ပြစ်မှုနဲ့ ပြစ်ဒဏ်များအခန်းမှာ အမြင့်ဆုံးထောင်ဒဏ် တစ်နှစ်နဲ့ ဒဏ်ငွေ တစ်သိန်းအထိသာချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းခဲ့ပေမဲ့ ပြင်ဆင်လိုက်တဲ့ ဥပဒေမှာတော့ ထောင်ဒဏ် သုံးနှစ်နဲ့ ဒဏ်ငွေ ဆယ်သိန်းကနေ သိန်းနှစ်ဆယ်အထိ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းလိုက်တာပါ။

ကျူးလွန်သူဟာ အလားတူပြစ်မှုမျိုးကို ထပ်ပြီးကျူးလွန်ရင်တော့ ထောင်ဒဏ် ငါးနှစ်နဲ့ အနည်းဆုံး ဒဏ်ငွေ သိန်းနှစ်ဆယ်ကနေ သိန်းသုံးဆယ်အထိချမှတ်နိုင်တယ်လို့ ပြင်ဆင်တဲ့ရုပ်ရှင်ဥပဒေမှာ ပါရှိပါတယ်။

အဲဒီပြစ်မှုတွေကတော့ ရုပ်ရှင်ဆင်ဆာလက်မှတ်မရှိဘဲ ရုပ်ရှင်ပြတာတွေ၊ ရုပ်ရှင်လုပ်ငန်းလိုင်စင်မရှိဘဲ ရုပ်ရှင်ပြတာတွေ ရုပ်ရှင်ရိုက်ကူးတာတွေ ဖြစ်တယ်လို့ ၁၉၉၆ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ရုပ်ရှင်ဥပဒေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရုပ်ရှင်အနုပညာရှင်တွေအနေနဲ့ နိုင်ငံတော်ကို အကြည်ညိုပျက်အောင်ပြောဆိုတာတွေ၊ နိုင်ငံနဲ့ လူမျိုးအကျိုးစီးပွားကို ထိခိုက်အောင် လှုံ့ဆော်တာတွေအပြင် ပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့ ဆန့်ကျင်တာတွေ လုပ်ရင် သတိပေးတာတွေနဲ့ တစ်နှစ်ကနေ သုံးနှစ်အထိ ရိုက်ကူးခွင့်ပိတ်ပင်ခံရမှာ ဖြစ်တယ်လို့လည်း ပြင်ဆင်လိုက်တာပါ။

ရုပ်ရှင်ဥပဒေကို အခုလို တင်းကျပ်လိုက်တဲ့အပေါ် နဲ့ ပတ်သက်ပြီး လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ရုပ်ရှင်ဆိုတာလည်း ပြည်သူကို ဩဇာလွှမ်းမိုးနိုင်တဲ့ မီဒီယာတစ်ပုံစံတစ်မျိုး ဖြစ်တာကြောင့် သတင်းမီဒီယာတွေကို ကန့်သတ်ပိတ်ပင်ပြီးနောက်မှာ နောက်ထပ် နည်းလမ်းတစ်မျိုးနဲ့ တင်းကျပ်လိုက်တာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

မီဒီယာတွေဟာ သတင်းဖြစ်ဖြစ်၊ ရုပ်ရှင်ဗီဒီယိုဖြစ်ဖြစ်၊ ဇာတ်သဘင်ဖြစ်ဖြစ် ခေတ်ရဲ့ထင်ဟပ်မှုကို ပုံစံမျိုးစုံနဲ့ ပြသနေတာဖြစ်လို့ ဒီဥပဒေထုတ်တာဟာ လူထုရဲ့ သတင်းသိပိုင်ခွင့်ကို ထပ်ပြီးပိတ်ပင်တားဆီးတာဖြစ်နေလို့ မှန်ကန်မျှတတဲ့ ဥပဒေမဟုတ်ဘူးလို့ သူက ဆိုပါတယ်။

“ရုပ်ရှင် ဗီဒီယိုတွေ ပါကောင်းပါမယ်။ ဒါတွေအပေါ်မှာ ကြောက်ရွံ့ပြီးတော့မှ ဖိနှိပ်ချုပ်ချယ်လိုတဲ့သဘောလို့ ကျွန်တော်က ဒီအတိုင်းပဲမြင်တယ်။ ဒါဟာ ဥပဒေနဲ့ မညီသလို တကယ်မှန်ကန်မျှတတာလည်း မရှိဘူး”

တော်လှန်ရေးနယ်မြေရောက်နေတဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးကတော့ အနုပညာဆိုတာ ဥပဒေတွေနဲ့ ကန့်သတ်ချုပ်ချယ်လို့ရတဲ့ ပစ္စည်းမဟုတ်ဘဲ ကိုယ့်ဖန်တီးမှုကို ကိုယ်တိုင်သာ တာဝန်ယူရမှာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

ဒီဥပဒေပြင်ဆင်ချက်အပေါ် အခုလိုဝေဖန်နေကြတာနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်ကို RFA က ဒီနေ့ နေ့လယ်ပိုင်းအထိ တယ်ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ အစည်းအဝေးလုပ်နေတာကြောင့် နောက်မှ ပြန်လည် ဆက်သွယ်ဖို့သာ အကြောင်းပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။