ဗဟိုဘဏ်ရဲ့ နိုင်ငံခြား အရန်ငွေ ၅.၇ ဘီလျံ ဘယ်ရောက်နေသလဲ

ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2021.02.20

မြန်မာနိုင်ငံ ဗဟိုဘဏ်ဟာ နိုင်ငံအတွက် လိုအပ်တဲ့ foreign reserve လို့ခေါ်တဲ့ နိုင်ငံခြား အရန်ဘဏ္ဍာငွေ ၆.၇ ဘီလျံလောက်ကို ပြည်ပကဘဏ်တွေမှာ အပ်နှံထားတဲ့အထဲက အမေရိကန်နိုင်ငံမှာ ရှိနေတဲ့ ဒေါ်လာ ၁ ဘီလျံကို အမေရိကန်အစိုးရက ထိန်းချုပ်ထားလိုက်ပေမယ့် အခြားနိုင်ငံကဘဏ်တွေမှာ အပ်နှံထားတဲ့ နိုင်ငံခြား အရန်ဘဏ္ဍှာငွေတွေရဲ့ အခြေအနေ ဘယ်လိုရှိတယ်ဆိုတာ ကွဲကွဲပြားပြား မသိရသေးဘူးလို့ ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ မြန်မာ စစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှု executive order အမိန့်အရ အမေရိကန် နိုင်ငံမှာ ရှိနေတဲ့ မြန်မာအစိုးရပိုင်ဆိုင်မှု ဒေါ်လာ ၁ ဘီလျံဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ရက်က အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု အတွက် တာဝန်ရှိတဲ့ စစ်အစိုးရခေါင်း ဆောင်တွေကို အရေးယူပိတ်ဆို့ကြောင်း executive order ထုတ်ပြန်ခဲ့ရာမှာ၊ အမေရိကန်နိုင်ငံမှာရှိတဲ့ မြန်မာအစိုးရရဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ၁ ဘီလျံကို ထုတ်ယူရွေ့ပြောင်းလို့မရအောင် freeze လုပ်ပြီး ထိန်းချုပ် လိုက်တဲ့အကြောင်း ပါရှိပါတယ်။

အခုလို အမေရိကန်သမ္မတရဲ့ အမိန့်နဲ့ ထိန်းသိမ်းလိုက်တဲ့ မြန်မာအစိုးရရဲ့ ပိုင်ဆိုင်မှု ဒေါ်လာ ၁ ဘီလျံဆိုတာ နယူးယောက်မြို့က Federal Reserve Bank of New York မှာ အပ်နှံထားတဲ့ မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ နိုင်ငံ ခြား အရန်ဘဏ္ဍာငွေတွေ ဖြစ်ဖွယ်ရှိတယ်လို့ မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို စောင့်ကြည့်နေတဲ့ Justice for Myanmar အဖွဲ့က ကြေညာထားပါတယ်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ စာရင်းအရ မြန်မာနိုင်ငံ ဗဟိုဘဏ်မှာ foreign reserve လို့ခေါ်တဲ့ နိုင်ငံခြားအရန်ဘဏ္ဍာငွေ ဒေါ်လာ ၆.၇ ဘီလျံ ရှိပြီး၊ ဒီအထဲက အမေရိကန်နိုင်ငံမှာ အပ်နှံထားတဲ့ ဒေါ်လာ ၁ ဘီလျံကို အခုအချိန်မှာ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တဲ့အတွက် ခန့်မှန်းခြေ ဒေါ်လာ ၅.၇ ဘီလျံလောက်ဟာ အမေရိကန်နိုင်ငံ ပြင်ပက ဘဏ်တွေထဲမှာ ကျန်ရှိနေသေးတဲ့အတွက် အာဏာသိမ်းအစိုးရက ဒီငွေကြေး တွေကို လွှဲပြောင်းရယူပြီး ၎င်းတို့ ကိုယ်ကျိုးအတွက် အသုံးပြုမှာကို ပူပန်ကြောင်း Justice for Myanmar က ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။

အခုရက်ပိုင်းအတွင်း RFA ကနေ ဆက်သွယ်မေးမြန်းခဲ့တဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီ အခြေစိုက် အမည်မဖော်လိုသူ ကုန်သွယ်ရေးနဲ့ စီးပွားရေး ဆိုင်ရာ ကျွမ်းကျင်သူ အရာရှိ တစ်ဦးရဲ့ အဆိုအရတော့ အမေရိကန်အစိုးရက ထိန်းချုပ်လိုက်တဲ့ မြန်မာအစိုးရပိုင် ဒေါ်လာ တစ်ဘီလျံဆိုတာ မြန်မာနိုင်ငံဗဟိုဘဏ် ကနေ လာရောက်အပ်နှံထားတဲ့ နိုင်ငံခြား အရန်ဘဏ္ဍာငွေတွေဖြစ်တာ မှန်ကြောင်း အတည်ပြုပြီး၊ ဗဟို ဘဏ်ရဲ့ ကျန်တဲ့ နိုင်ငံခြား အရန်ဘဏ္ဍာငွေတွေကတော့ စင်္ကာပူနိုင်ငံက ဘဏ်တွေမှာ အပ်နှံထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့ မီဒီယာတွေနဲ့ စကားပြောဆိုခွင့် မရှိတဲ့အတွက် သူဘယ်သူ ဘယ်ဝါဖြစ်ကြောင်း ဖော်ပြခြင်း မပြုဖို့ကိုလည်း သူက တောင်းဆိုထားပါတယ်။

ဒီကိစ္စနဲ့ ပက်သက်လို့၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား အရန်ဘဏ္ဍာငွေတွေကို နယူးယောက်မြိုတို့ဖြစ်တယ်လို့ အဲဒီ ကုန်သွယ်ရေးအရာရှိက RFA ကို ပြောပြခဲ့ပါတယ်။

အခုလို သမ္မတ ဂျိုးဘိုင်ဒင် အစိုးရက freeze လုပ်ပြီး ထိန်းချုပ်လိုက်တဲ့ ဆုံးဖြတ်ချက်ဟာ နယူးယောက်က ဘဏ်တစ်ခုတည်းအပေါ်မှာသာ သက်ရောက်မှုရှိပြီး၊ ကျန်တဲ့ ဘဏ်သုံးခုမှာ အပ်နှံထားတဲ့ ဒေါ်လာ ဘီလျံနဲ့ ချီပြီးရှိတဲ့ နိုင်ငံခြားငွေတွေအပေါ် ဘယ်လို သက်ရောက်မှုရှိလာမလဲ ဆိုတာ မသိရသေးကြောင်း၊ အမေရိကန် နိုင်ငံပြင်ပမှာရှိတဲ့ ဒေါ်လာ ဘီလျံနဲ့ချီရှိတဲ့ မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားအရန်ဘဏ္ဍာငွေတွေကို အာဏာ သိမ်းစစ်တပ်က ထုတ်ယူရွေ့ပြောင်းလို့ မရအောင် ထိန်းချုပ်ဖို့ အလွန်အရေးကြီးတဲ့အကြောင်း သူက ပြောသွား ပါတယ်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေအရ CBM လို့ ခေါ်ကြတဲ့ မြန်မာနိုင်ငံ ဗဟိုဘဏ်ဟာ အစိုးရရဲ့ ထိန်းချုပ် မှုအောက်မှာမရှိဘဲ လွတ်လပ်စွာ လုပ်ငန်းဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ဖို့ အာမခံချက်ပေးထား ပါတယ်။

ဒါပေမဲ့ အခုအချိန်မှာ အာဏာသိမ်းအစိုးရက အရပ်သား အစိုးရက ခန့်အပ်ထားတဲ့ ဗဟိုဘဏ် အကြီးအကဲတွေ ကို ဖမ်းဆီးထိမ်းသိမ်းထားပြီး၊ ၎င်းတို့ စိတ်ကြိုက်ရွေးခြယ်ထားတဲ့ ပုဂိုလ်တွေနဲ့ အစားထိုး ခန့်လိုက်လိုက်တဲ့ အတွက် ဗဟိုဘဏ်ရဲ့ လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာရှိရှိ လုပ်ငန်းဆောင်ရွက်နိုင်မှုတွေအပေါ် သံသယရှိစရာ ဖြစ်လာတယ်လို့ အဲဒီအရာရှိက RFA ကို ပြောပြသွားပါတယ်။

မြန်မာစစ်တပ်ဟာ ဖေဖော်ဝါရီလ ၂ရက်မှာ NLD အစိုးရက ခန့်အပ်ထားတဲ့ ဗဟိုဘဏ်ခေါင်းဆောင်တွေကို ရာထူးကနေ ဖယ်ရှားပြီး၊ ဗဟိုဘဏ် ဒုအုပ်ချုပ်ရေးမှုး ဦးဘိုဘိုငယ်ကို ဖမ်းဆီးထိမ်းသိမ်းလိုက်တဲ့နောက်၊ အရင်ဦးသိန်းစိန် အစိုးရလက်ထက်က တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးသန်းငြိမ်းကို ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် ပြန်လည် ခန့်အပ်လိုက်ကြောင်း ကြေညာထားပါတယ်။

အဲဒီကုန်သွယ်ရေး အရာရှိကပဲ သူဟာ အမေရိကန် အစိုးရက မြန်မာစစ်တပ်အပေါ်မှာ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ဖော်ဆောင်ရာမှာ အကြံပေးအဖြစ်နဲ့ ပါဝင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်းလိုက်ကြောင်း ကြေညာပြီးတဲ့နောက်၊ အာဏာပိုင်တွေရဲ့ ပထမဆုံးလုပ်ဆောင်ချက်က နယူးယောက် ဘဏ်မှာ အပ်နှံထားတဲ့ နိုင်ငံခြားငွေတွေကို ရွေ့ပြောင်းဖို့ ကြိုးစားခဲ့တာ တွေ့ရကြောင်းနဲ့ ဒီလို မသင်္ကာစရာ လုပ်ရပ်ကြောင့် ဘဏ်လုပ်ငန်း ကြီးကြပ်သူတွေအနေနဲ့ ဒီဘဏ်အကောင့်ကနေ ရွေ့ပြောင်းထုတ်ယူလို့ မရတော့အောင် freeze လုပ်ပြီး ထိန်းချုပ်လိုက်တာဖြစ်တယ်လို့ RFA ကို ပြောပြသွားပါတယ်။

ဗဟိုဘဏ်ကနေ နိုင်ငံခြားဘဏ်တွေမှာ အပ်နှံထားတဲ့ foreign reserve လို့ ခေါ်တဲ့ နိုင်ငံခြားအရန်ငွေကြေး တွေဟာလည်း၊ မြန်မာကျပ်ငွေရဲ့ တန်ဖိုးခိုင်မာနေစေဖို့၊ နိုင်ငံတကာနဲ့ နိုင်ငံခြားငွေပေးချေတဲ့နေရာမှာ အထောက်အကူဖြစ်ဖို့၊ စတာတွေအပြင် မြန်မာနိုင်ငံရဲ့ စီးပွားရေး ပုံမှန် လည်ပတ်နေနိုင်ဖို့ အလွန် အရေး ကြီးတဲ့အကြောင်း သူက ခုလို ရှင်းပြသွားပါတယ်။

“ဥပမာအနေနဲ့ ထိုင်းနိုင်ငံကိုပဲ ကြည့်ပါ။ ထိုင်းနိုင်ငံမှာဆိုရင် စစ်တပ်က အာဏာသိမ်းပြီး၊ နိုင်ငံရေး ပဋိပက္ခတွေ အများကြီးကြုံနေရပေမယ့် ငွေကြေးစနစ်ကို ထိခိုက်မှုမရှိဘဲ စီးပွားရေးက အားကောင်းနေဆဲ ဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ဗဟိုဘဏ်ရဲ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကို ဆက်ပြီး ထိန်းသိမ်း ထားလို့ ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းအစိုးရက အရပ်သားအစိုးရက ခန့်အပ်ထားတဲ့ ဗဟိုဘဏ်ရဲ့ ခေါင်းဆောင်ပိုင်း သင့်တော်တဲ့ ကြိုတင်ပြင်ဆင်မှုတွေမလုပ်ဘဲ ရာထူးကနေ ဖယ်ရှားလိုက်ပြီး၊ သူတို့ စိတ်ကြိုက်ရွေးထားတဲ့သူတွေနဲ့ အစားထိုးခန့်အပ်လိုက်ပါတယ်။ ဒီလုပ်ရပ်ကြောင့် ဗဟိုဘဏ်ရဲ့ ယုံကြည်စိတ်ချရမှုအပေါ်မှာ သံသယရှိစရာ ဖြစ်လာပါတယ်။” လို့ သူက အင်္ဂလိပ်ဘာသာစကားနဲ့ ပြော သွားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ အရပ်သားအစိုးရက ခန့်အပ်ထားတဲ့ ဗဟိုဘဏ်ရဲ့ ခေါင်း ဆောင်ပိုင်းတွေကို ဖမ်းဆီးထိမ်းသိန်းပြီး၊ သူတို့ စိတ်ကြိုက်ရွေးခြယ်ထားတဲ့သူတွေနဲ့ အစားထိုးလိုက်တာဟာ စိတ်ပူစရာဖြစ်တယ်လို့ မြန်မာနိုင်ငံမှာ သယံဇာတနဲ့ အကျင့်ပျက်ခြစားမှုကိစ္စတွေကို လေ့လာစောင့်ကြည့်နေ တဲ့ Global witness အဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ လှုပ်ရှားမှု မန်နေဂျာ ပေါလ် ဒိုနိုဝစ်ဇ် က ပြောပါတယ်။

အခုဆိုရင် မြန်မာစစ်တပ်ဟာ ဗဟိုဘဏ်ကို ထိန်းချုပ်လိုက်ပြီ ဖြစ်တဲ့အတွက် အစိုးရပိုင် တရားဝင် ဘဏ္ဍာငွေတွေကို သူတို့ရဲ့ တရားမဝင်လုပ်ရပ်တွေအတွက် အသုံးပြုလာနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။ အခုအချိန်မှာ နိုင်ငံတကာဘဏ်လုပ်ငန်းတွေနဲ့ ဘဏ္ဍာရေး ကြီးကြပ်သူတွေ မေးရမယ့်မေးခွန်းက မြန်မာနိုင်ငံပိုင် ဘဏ်အကောင့်တွေထဲက ပြည်သူပိုင် ဘဏ္ဍာငွေတွေကို စစ်တပ်က တလွဲအသုံးချလို့ မရအောင် ဘယ်လိုတားဆီးကြမလဲ ဆိုတာကိုပါ။ ဒါဟာ ကြီးမားတဲ့စိန်ခေါ်မှု တစ်ခုဖြစ်သလိုပဲ၊ အဲဒီ ဘဏ်အကောင့်တွေ တည်ရှိတဲ့ နိုင်ငံတွေအနေနဲ့ တညီတညာတည်း တုံ့ပြန်ဆောင်ရွက်ကြဖို့လည်း လိုအပ်ပါတယ်။

အထူးသဖြင့် စင်္ကာပူနိုင်ငံ အာဏာပိုင်တွေနဲ့ ဘဏ်လုပ်ငန်းတွေအနေနဲ့ကလည်း၊ သံသယဖြစ်စရာ လုပ်ဆောင်ချက်တွေရှိလာရင် လေ့လာစုံစမ်းတာတွေ၊ အဲဒီ ဘဏ်အကောင့်တွေကို freeze လုပ်ပြီး ရပ်ဆိုင်းတာတွေ၊ ချက်ချင်းလုပ်ပြီး အရေးယူဆောင်ရွက်ပေးပါ။ မြန်မာနိုင်ငံပိုင်ငွေတွေကို လုယက်ခံရ တာကနေ ကာကွယ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

အခုဆိုရင် အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်မှုတွေမရှိရင်၊ မြန်မာစစ်တပ်ဟာ နိုင်ငံတော်ပိုင် ဘဏ္ဍာငွေတွေကို အသုံးချပြီး ပြည်သူလူထုအပေါ် ဖိနှိပ်မှုတွေ ဆက်လုပ်လာပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး၊ တာဝန်ခံမှု၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်တွေ တည်မြဲဖို့အတွက် နိုင်ငံတကာ အသိုက်အဝန်းနဲ့ ဘဏ်လုပ်ငန်းတွေအနေနဲ့ အမြန်ဆုံး တုံ့ပြန်ဆောက်ရွက်ကြဖို့ လိုပါတယ်လို့ အဖွဲ့ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်အစိုးရဟာ အမေရိကန်နိုင်ငံမှာရှိတဲ့ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားအရန်ငွေတွေကို ရွေ့ပြောင်းဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ ပြောကြားချက်နဲ့ စင်္ကာပူနိုင်ငံက ဘဏ်တွေမှာ အပ်နှံထားတဲ့ အရန်ဘဏ္ဍာငွေတွေရဲ့ အခြေအနေ ဘယ်လို ရှိသလဲဆိုတာနဲ့ ပက်သက်လို့ ဗဟိုဘဏ်က တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်း ကြိုးစားနေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-02-21 20:57

The rest of people's fund should be freeze BY the bank authority in Singapore.

Anonymous
2021-02-21 20:58

The rest of people's fund should be freeze BY the bank authority in Singapore.

Anonymous
2021-03-04 01:30

Singapore is looking for money face only.