နိုင်ငံတစ်ဝန်း စက်သုံးဆီ ရှားပါးပြတ်လပ်နေ
2024.08.04
သြဂုတ်လဆန်းပိုင်းကစလို့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်စတဲ့ မြို့ကြီးတွေအပါအဝင် နိုင်ငံတစ်ဝန်းက မြို့တွေမှာ စက်သုံးဆီတွေ ရှားပါးပြတ်လပ်လာတာကြောင့် မော်တော်ယာဥ်တွေ အချိန်ကြာမြင့်စွာ တန်စီးစောင့်ဆိုင်း ဝယ်ယူနေရပါတယ်။
မန္တလေးမြို့မှာတော့ စက်သုံးဆီဆိုင်အများစုက ပိတ်ထားပါတယ်။ နာမည်ရ စက်သုံးဆီဆိုင်ကြီးတချို့သာ နေ့စဥ်ရောင်းချပေးပြီး ရောင်းချတဲ့နေရာမှာလည်း ပမာဏအကန့်အသတ်နဲ့ပဲ ရောင်းချပေးနေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
ဒါကြောင့် စက်သုံးဆီရနိုင်ဖို့ မိုးမလင်းခင်ကတည်းက တန်းစီစောင့်ဆိုင်းဝယ်ယူနေရတယ်လို့ သုံးဘီးဆိုင်ကယ်မောင်းသူတစ်ဦးက RFA ကို ပြောပါတယ်။
“ဆီဆိုင်တွေက များသောအားဖြင့်တော့ ခြောက်နာရီလောက်မှ ဖွင့်ကြတာ။ ဒါပေမဲ့ နှစ်နာရီလောက်ကတည်းက တန်းထားရတယ်။ တချို့ဆို နှစ်နာရီ သုံးနာရီ စသဖြင့် အဲဒီလို ထပြီးတန်းကြတယ်။ တစ်ခါတန်းရင် အနည်းဆုံး သုံးနာရီတော့ ကြာတယ်ဗျ။ ဆီဆိုင်နားရောက်ခါနီးမှ ဆီမရတော့လို့ ပြန်လှည့်ရတာတွေလည်း ရှိတယ်။ နှစ်နာရီ သုံးနာရီ စောင့်ပြီးတော့လေ။ အဲဒီလိုမျိုးတွေတော့ ရှိတယ်”
စက်သုံးဆီဆိုင်ကြီးတွေမှာ ပုံမှန်ပေါက်ဈေးအတိုင်း ရောင်းချပေးပေမဲ့ ပြင်ပမှာတော့ အောက်တိန်း-၉၂ ဓာတ်ဆီ တစ်လီတာကို ကျပ်ရှစ်ထောင်နှုန်းအထိ ရောင်းချနေကြတယ်လို့လည်း သူက ပြောပါတယ်။
စက်သုံးဆီတွေလိုသလောက် မရတော့တာကြောင့် အခြေခံလူတန်းစားတွေ အလုပ်သွား အလုပ်ပြန်ကိစ္စတွေကစလို့ စက်သုံးဆီ အသုံးပြုရတဲ့ လုပ်ငန်းတွေအားလုံး ထိခိုက်မှုတွေရှိတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
“နေ့စဥ် စက်သုံးဆီလိုက်ရှာရတဲ့ အလုပ်တစ်ခု တိုးလာတယ်”
စက်သုံးဆီတွေ ရှားပါးပြတ်လပ်နေတာကြောင့် မန္တလေးမြို့ပေါ်မှာ ယာဥ်အသွားအလာတွေလည်း နည်းသွားတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့က စက်သုံးဆီဆိုင်တွေမှာလည်း တန်းစီတိုးပြီး ဝယ်ယူနေရသလို လိုအပ်သလောက် ပမာဏမရတာကြောင့် ယာဥ်ပြေးဆွဲဖို့အတွက် နေ့စဥ် စက်သုံးဆီလိုက်ရှာရတဲ့ အလုပ်တစ်ခု တိုးလာတယ်လို့ အငှားယာဥ်မောင်းတစ်ဦးက ပြောပါတယ်။
“တချို့ဆိုင်က လိုသလောက်ရတယ်။ တချို့ဆိုင်ကတော့ သုံးသောင်းဖိုး၊ ငါးသောင်းဖိုး အဲဒီလိုကန့်သတ်တဲ့ ဆိုင်တွေလည်းရှိတယ်။ Taxi မောင်းတာပေါ့နော်။ Taxi မောင်းတာဆိုတော့ အဲဒီလိုမျိုးဖြစ်တော့ ဒီနေ့ဆို ကားဆွဲရမှာထက် အဲဒီဆီကို လိုက်ရှာရမှာဆိုတော့ အလုပ်တစ်ခု ပိုသွားတာပေါ့နော်”
ရန်ကုန်မြို့တွင်း ရောင်းချပေးနေတဲ့ စက်သုံးဆီဆိုင်တစ်ခုစီမှာ ကားယာဥ်တန်း အစီးရေ ငါးဆယ်ထက်မနည်း အချိန်ပြည့်ရှိနေတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီကတော့ စက်သုံးဆီ မပြတ်လပ်စေဖို့ ဆောင်ရွက်နေကြောင်း သြဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။
“ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတော့ဘဲ ဒီအကျပ်အတည်းဖြစ်လာတာပါနေ့စဥ် စက်သုံးဆီလိုက်ရှာရတဲ့ အလုပ်တစ်ခု တိုးလာတယ်”
ဇူလိုင် လလယ်ပိုင်းကစလို့ နိုင်ငံအနှံ့ ရေကြီးရေလျှံမှုတွေကြောင့် စက်သုံးဆီ ဖြန့်ဖြူးတာတွေ နှောင့်နှေးကြန့်ကြာခဲ့ရပေမဲ့ သီလဝါဆိပ်ကမ်းက စက်သုံးဆီ သိုလှောင်တဲ့နေရာမှာ သြဂုတ်လ ဒုတိယပတ်အထိ စက်သုံးဆီ အလုံအလောက်ရှိတယ်လို့ ဆိုပါတယ်။
စီးပွားရေး လေ့လာသုံးသပ်သူတစ်ဦးကတော့ ဒီရက်ပိုင်းအတွင်း ဒေါ်လာဈေး တက်လာတာအပြင် စက်သုံးဆီ ပြတ်လပ်နေပြီဆိုတဲ့ ကောလာဟလ ပျံ့နှံ့မှုတွေကြောင့် စက်သုံးဆီဆိုင်တွေမှာ လူတွေ စုပြုံတိုးဝယ်ယူကြပြီး ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတော့ဘဲ ဒီအကျပ်အတည်းဖြစ်လာတာလို့ ပြောပါတယ်။
“တစ်ယောက်ကဖွလိုက်ရင် နောက်တစ်ယောက်က အဲဒီပြဿနာက ကြီးထွားတယ်။ စက်သုံးဆီပြတ်တော့မယ်။ ဆီတွေဝယ်စုကြပါဆိုတဲ့အခါကျတော့ အဲဒီလိုတွေ ဖြစ်နေတာ။ Panic Buying ခေါ်တာပေါ့နော်။ Panic Buying ဖြစ်သွားရင် အဲဒါက တော်တော် Shortage ဖြစ်သွားတာ။ သမားရိုးကျဝယ်နေတဲ့ ဝယ်လိုအား ရောင်းလိုအား မျှနေရင် ပြဿနာမရှိဘူးလေ။ ဝယ်လိုအား ရောင်းလိုအား မမျှတဲ့အချိန်ကျရင်တော့ ဝယ်လိုအားကြီးက အရမ်းမြင့်နေပြီး ရောင်းလိုအားက မရှိရင်တော့ ဒီလိုမျိုးဖြစ်မှာပေါ့နော်”
စစ်ကောင်စီရဲ့ သြဂုတ်လ ၄ ရက်နေ့ ရည်ညွှန်းလက်လီဈေးနှုန်းတွေအရ အောက်တိန်း-၉၂ တစ်လီတာကို မန္တလေးမြို့မှာ ၂၈၅၀ ကျပ်၊ ရန်ကုန်မြို့မှာ ၂၇၇၀ ကျပ်နဲ့ အောက်တိန်း-၉၅ တစ်လီတာကို မန္တလေးမြို့မှာ ၂၉၇၅ ကျပ်၊ ရန်ကုန်မြို့မှာ ၂၈၉၅ ကျပ်နှုန်း ရှိနေပါတယ်။
ဆက်နွှယ်သောသတင်းများ
ရန်ကုန်မှာ စက်သုံးဆီပြတ်လပ်မှုကြောင့် အကန့်အသတ်နဲ့ ဝယ်ယူနေရ
ကလေးမြို့မှာ စက်သုံးဆီ တစ်လီတာ ၈၅၀၀ ကျပ်အထိ ဈေးတက်
စက်သုံးဆီဆိုင် ၁၆ ဆိုင်ကို အရေးယူခဲ့ကြောင်း စစ်ကောင်စီ ပြော
စက်သုံးဆီကိုဈေးတင်ပြီး ပြန်လည်ရောင်းချတာနဲ့ အရောင်းဆိုင်တွေမှာ စက်သုံးဆီရှိလျက်နဲ့ မရောင်းချပေးတာတွေလုပ်ခဲ့ရင် အရေးယူမယ်လို့ စစ်ကောင်စီက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတုန်းကလည်း အခုလိုမျိုး စက်သုံးဆီ ပြတ်လပ်တာ ကြုံခဲ့ရပြီးတဲ့နောက် ရန်ကုန်နဲ့ မန္တလေးက စက်သုံးဆီ အရောင်းဆိုင် (၁၆) ဆိုင်ကို သတ်မှတ်ဈေးထက် ပိုရောင်းတာနဲ့ စက်သုံးဆီရှိလျက်နဲ့ မရောင်းချပေးလို့ဆိုပြီး စစ်ကောင်စီက အရေးယူခဲ့ပါတယ်။
ပြည်တွင်းမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ ပုဂ္ဂလိကဘဏ်တွေမှာ ဇူလိုင်လ ဒုတိယပတ်က ဘဏ်အကောင့် အမျိုးအစားအားလုံးကို ငွေသားပမာဏ အကန့်အသတ်နဲ့သာ ထုတ်ပေးခဲ့တာတွေအပြင် ဝန်ထမ်းတွေနဲ့ ပင်စင်စားတွေကို ကျပ်ငွေသုံးသောင်း တိုးပေးမယ်လို့ ဇူလိုင် ၂၆ ရက်နေ့က စစ်ကောင်စီကြေညာခဲ့တဲ့နောက်ပိုင်း ရွှေနဲ့ ဒေါ်လာစျေးနှုန်းတွေ ထိုးတက်လာပါတယ်။
တစ်ချိန်တည်းမှာပဲ နိုင်ငံတစ်ဝန်းမှာ စက်သုံးဆီပြတ်လပ်လာပြီး ဆီဝယ်ယူဖို့ တန်းစီစောင့်ဆိုင်းရတာဖြစ်လို့ အခက်အခဲတွေဖြစ်နေချိန် အချိန်ကြာကြာ စက်သုံးဆီ ပြတ်လပ်သွားမှာကို စိုးရိမ်မှုတွေရှိနေပါတယ်။