စက်သုံးဆီပြဿနာ မပြေလည်သေးဘဲ အချိန်ကြာ တန်းစီဝယ်ယူနေရဆဲ
2024.08.20
နိုင်ငံတစ်ဝန်း ဩဂုတ်လဆန်းကစပြီး စက်သုံးဆီပြတ်လပ်မှု ရင်ဆိုင်နေရပေမဲ့ စစ်ကောင်စီကတော့ ပြည်တွင်းဆီလက်ကျန်နဲ့ ပြည်ပက ထပ်ရောက်မဲ့ ဆီတင်သင်္ဘောတွေအရ စက်သုံးဆီမပြတ်နိုင်ဘူးလို့ ထုတ်ပြန်ကြေညာထားပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်ကလည်း စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ သန်းတစ်ရာ ပံ့ပိုးပေးမယ်လို့ ဩဂုတ်လ ၁၄ ရက်နေ့က ထုတ်ပြန်ထားပေမဲ့ မြို့အတော်များများက ဆီဆိုင်တွေမှာ ဒီနေ့ ဩဂုတ် ၂ဝ ရက်နေ့အထိ ကားနဲ့ မော်တော်ဆိုင်ကယ်တွေ အချိန်အတော်ကြာ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရဆဲဖြစ်ပါတယ်။
"အပြင်မှာဝယ်ရင် ဆီဘူး တစ်ဘူးကို ငါးထောင်ကျော်တော့ပေးရတယ်။ အမှန်တော့ မတရားဈေးတွေ ဖြစ်ကုန်တာပေါ့နော်”
မန္တလေးမြို့မှာ စက်သုံးဆီအရောင်းဆိုင်တွေ ဖွင့်ကြပေမဲ့ ဆိုင်တိုင်းမှာ ယာဉ်အစီးရေ ထောင်နဲ့ချီ တန်းစီပြီး ဝယ်ယူနေရဆဲဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဆိုင်တွေကတော့ အကုန်ဖွင့်တယ်လေ။ ဒါပေမဲ့ တန်းရတာများတာပေါ့။ နည်းနည်းအချိန်ကြာတာပေါ့။ နှစ်နာရီ၊ သုံးနာရီပေါ့ အဲလောက်တော့ တန်းရတာ။ မန္တလေးက ဆိုင်ကယ်ပေါတော့ ဆိုင်ကယ်က ပိုများတာပေါ့။ အစီးရေထောင်ချီတာပေါ့”
ဆီကို တစ်ဆင့်ပြန်ရောင်းချလိုသူတွေပါ တန်စီးဝယ်နေတာကြောင့် ဆီရဖို့ခက်ခဲနေပြီး လိုသလောက်လည်းဝယ်လို့ မရသေးတဲ့အခြေအနေလည်း ရှိနေဆဲဖြစ်တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
အလားတူ တောင်ကြီးမြို့မှာလည်း ဒီနေ့မနက်ပိုင်းအထိ ဆိုင်ကယ်၊ ကား အစီးရေ ရာနဲ့ချီ တန်းစီပြီး ဝယ်ယူနေရဆဲ ဖြစ်ပါတယ်။
တန်းစီရတဲ့ ယာဉ်အစီးရေများတာကြောင့် ညအိပ်ပြီးပါ စောင့်ဝယ်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်ကြီးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနက်ခင်းလေးနာရီလောက် တန်းစီရတာပေါ့။ တချို့ပန့်တွေက ငါးထောင်ပေးတယ်။ တချို့ပန့်တွေက ရှစ်ထောင်ပေးတယ်ပေါ့။ ရှစ်ထောင်ကတော့ အများဆုံးပဲဗျ။ ဆိုင်ကယ်ကိုပြောတာပေါ့။ ကားဆိုရင်တော့ သုံးသောင်းဖိုး၊ လေးသောင်းဖိုးပေါ့။ ကားတော့ ပိုဆိုးတာတော့ နည်းနည်း ညအိပ်စောင့်ရတာတွေရှိတော့”
ဆက်နွှယ်သောသတင်းများ
ရန်ကုန်မြို့မှာ စက်သုံးဆီပြတ်လပ်မှု ဆိုးရွားလာ
မန္တလေးနဲ့ တောင်ကြီးမှာ စက်သုံးဆီပြတ်လပ်မှု ဆိုးရွားစွာ ကြုံနေရ
ရန်ကုန်မှာ စက်သုံးဆီ ပြတ်လပ်မှု ဆိုးရွားလာပြီးနောက် ပုဂ္ဂလိကကျောင်းတချို့ ယာယီပိတ်
စက်သုံးဆီမရတာကြောင့် ရန်ကုန်က ပုဂ္ဂလိကကျောင်းအချို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ယာယီပိတ်ခဲ့ရသလို လူမှုကူညီရေးအသင်းတွေလည်း လူနာတွေကို မကူညီနိုင်တော့ဘဲ ကားတွေကို ရပ်နားခဲ့ရပါတယ်။
ဒါ့အပြင် စက်သုံးဆီဝယ်ယူရခက်ခဲတာနဲ့ စက်သုံးဆီဈေးနှုန်း မြင့်တက်လာတာကြောင့် အဝေးပြေးယာဉ်လိုင်း တချို့ ကားလက်မှတ်ခစျေးတွေ မြင့်တက်သွားတယ်လို့လည်း ကြုံခဲ့ရသူတွေက ပြောပါတယ်။
မော်လမြိုင်မြို့က စက်သုံးဆီဆိုင်ကြီးတွေမှာလည်း အချိန်ပိုင်းနဲ့သာ ဆီရောင်းပေးတာကြောင့် တန်းစီပြီး စောင့်ဝယ်နေရတယ်လို့ မော်လမြိုင်မြို့ခံတစ်ဦးက ပြောပါတယ်။
“ကမ်းနားလမ်းဘေးတစ်လျှောက်လုံး ဆိုင်ကယ်တွေတန်းစီပြီးတော့ မနက် ငါးနာရီခွဲလောက်ကတည်းက သုံးဘီးတွေရော၊ ဆိုင်ကယ်တွေရော၊ ကားတွေရော တန်းစီပြီး တောက်လျှောက် အဲမှာ။ ဆိုင်ကမဖွင့်သေးဘူး လူတွေက တန်းစီနေကြတာ။ အဓိကက ဆိုင်ကြီးတွေပေါ့ လွယ်လွယ်ကူကူဝယ်လို့ ရသေးတယ်ဆိုတာ မနက်ပိုင်းတစ်ချက်ပေါ့။ အပြင်မှာဝယ်ရင် ဆီဘူး တစ်ဘူးကို ငါးထောင်ကျော်တော့ပေးရတယ်။ အမှန်တော့ မတရားဈေးတွေ ဖြစ်ကုန်တာပေါ့နော် ”
မော်လမြိုင်မြို့က စက်သုံးဆီအရောင်းဆိုင်တချို့မှာတော့ စစ်ကောင်စီ သတ်မှတ်ဈေးထက် ပိုရောင်းတာတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ သြဂုတ်လ ၂၀ ရက်နေ့ ရည်ညွှန်းလက်လီဈေးနှုန်းအရ ရန်ကုန်မြို့မှာ အောက်တိန်း ၉၂ အမျိုးအစား တစ်လီတာကို ၂၉၉၀ ကျပ်နဲ့ အောက်တိန်း- ၉၅ အမျိုးအစား တစ်လီတာကို ၃၁၄၀ ကျပ်ရှိနေပါတယ်။
အလားတူ ဘိုကလေး၊ ဖျာပုံ၊ မြန်အောင်နဲ့ မြောင်းမြမြို့အပါအဝင် ဧရာဝတီတိုင်းကမြို့တွေမှာလည်း စက်သုံးဆီ ပြတ်လပ်နေပါတယ်။
ဆိုင်ကယ်အသုံးများတဲ့ ဒေသတွေမှာ ဆီကို လွယ်လွယ်ဝယ်မရတာကြောင့် ကုန်ဈေးနှုန်းပါတက်လာပြီး နောက်ဆက်တွဲပျက်စီးဆုံးရှုံးမှုတွေပါ ကြုံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြန်အောင်မြို့ခံ တစ်ဦးက ပြောပါတယ်။
“ဆိုင်ကယ်တွေ၊ လိုင်းကားတွေ အဓိက သယ်ယူပို့ဆောင်ရေးအပိုင်းမှာ အများကြီး အခက်အခဲဖြစ်သွားတယ်။ အဓိက ဆိုင်ကယ်ကိုအားထားပြီး အမှီသဟဲပြုပြီး လုပ်ကိုင်စားသောက်ရတဲ့ မြို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျေးရွာဘက်ကနေပြီးတော့ တချို့တချို့ ကုန်ပစ္စည်းတွေ၊ ဆီဈေးတွေက အဆမတန် အပြင်ဆိုင်တွေမှာ လေးငါးထောင်ထိ ပေးဝယ်နေရတာ ဖြစ်တဲ့အတွက်ကြောင့် ကုန်ဈေးနှုန်းတွေကအစ အများကြီး အပြောင်းအလဲ ဖြစ်သွားတယ်လေ။ တချို့ ကုန်ဈေးနှုန်းတက်လို့မရတဲ့ ကုန်ပစ္စည်းတွေဆိုလို့ရင် နောက်ဆုံး လုံးဝ မရောင်းရတဲ့ အခြေအနေတွေ ဖြစ်သွားတာပေါ့”
စက်ဆုံးဆီရဖို့ ကားအစီးရေရာနဲ့ချီ စောင့်ဆိုင်းဝယ်ယူခဲ့ရတဲ့ ရန်ကုန်မြို့မှာတော့ ဒီရက်ပိုင်း အနည်းငယ် အဆင်ပြေလာပြီး အရင်လောက် အချိန်ကြာ တန်းစီစရာမလိုတော့ဘူးလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
စက်သုံးဆီပြတ်လပ်မှု ပြဿနာ မပြေလည်သေးတာနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
အမေရိကန်ဒေါ်လာဈေး မြင့်တက်လာချိန် စစ်ကောင်စီက စက်သုံးဆီဈေးနှုန်းကျဖို့ ဖိအားပေးနေတာကြောင့် လုပ်ငန်းရှင်တွေ အရှုံးပေါ်တဲ့အခြေအနေဖြစ်လာပြီး အခုလို ရောင်းချတာတွေကိုပါ ကန့်သတ်လာတာလို့ စီးပွားရေး လေ့လာသုံးသပ်သူတွေက သုံးသပ်ကြပါတယ်။