အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ဘယ်လိုရှိနေသလဲ

ဝေမာထွန်း
2020-10-30
Share

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရသက်တမ်း လေးနှစ်ခွဲအတွင်း ကာကွယ်ရေးဦးစီးချုပ်နဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ကြား နိုင်ငံရေးအရ ရပ်တည်ချက် ကွဲလွဲစရာတွေများခဲ့ပြီး နှစ်ဖက်ဆက်ဆံရေး  မပြေလည်ခဲ့တာကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေဟာ ခရီးမပေါက်ခဲ့ပါဘူး။

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး မပြေလည်မှုတွေဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအလွန် အစိုးရဖွဲ့စည်းရေး နဲ့ လွှတ်တော်နိုင်ငံရေးမှာ အကျပ်အတည်းတွေ ပိုကြုံတွေ့လာရနိုင်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက တွက်ဆ ပါတယ်။

အမျိုးသားရင်ကြားစေ့ရေးကို အကောင်အထည်ဖော်မယ်ဆိုတဲ့ NLD အစိုးရတက်ခါစမှာ တပ်မတော်နဲ့ အစိုးရကြား နီးစပ်သယောင်ထင်ရပေမယ့် အဖွဲ့အစည်းနှစ်ခုကြား သဘောထား တစ်ထပ်တည်းဖြစ်မှ အောင်မြင်နိုင်မယ့် အခြေခံဥပဒေပြင်ဆင်ရေးဟာ ဘာတစ်ခုမှ ထိထိရောက်ရောက် မရှိခဲ့တာကြောင့် အတိုင်ပင်ခံနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ ဆက်ဆံရေး မပြေလည်ခဲ့ဘူးလို့ နိုင်ငံရေးအသိုင်းအဝိုင်းက ကောက်ချက်ချကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်နေထိုင်ခဲ့တဲ့ ကိုယ်ရေးအရာရှိဟောင်း ဒေါက်တာတင်မာအောင်ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အတိုင်ပင်ခံ ပဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆက်ဆံရေး ကောင်းပုံမရဘူးလို့ မှတ်ချက်ပေးပါတယ်။

“သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေး ဘာရှိလဲ မသိတော့ ကျွန်မ ပြောရခက်တယ်။ တီဗီဖန်သားပြင်မှာကတော့ တစ်မျိုး၊ နောက်မှာဘာလဲ ဆိုတာက ကျွန်မတို့မှ မမြင်ရတာ။ ကျွန်မတို့ သိရတာက ပေါလော ပေါ်နေတဲ့ ရေခဲကြီးလိုပဲ၊ အပေါ်မှာက နည်းနည်းလေး၊ အောက်မှာ အများကြီး၊ အောက်က အများကြီးကို မမြင်ရတော့ ဝေဖန်ဖို့ ခက်ပါတယ်။ ဒါပေမဲ့ အပေါ်ယံမှာမြင်နေရတဲ့ ရေခဲပြင်ကတော့ အေးချမ်းတဲ့ ရေခဲပြင်လို့ ကျွန်မမထင်ဘူး”


တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေက ခန့်အပ်နိုင်အောင် အခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ဖို့ တပ်မတော်ဘက်က ထောက်ခံခဲ့ပေမယ့် NLD က သဘောမတူလို့ မပြင်နိုင်ခဲ့ပါဘူး။

NLD ကလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးနဲ့ ကာလုံမှာ စစ်ဘက်ကိုယ်စားပြုမှု လျော့ချရေးကို လွှတ်တော်တွင်း ကြိုးပမ်းခဲ့ပေမယ့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမဲ မရလို့ မအောင်မြင်ခဲ့ပါဘူး။

အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတဲ့ တပ်မတော်ရဲ့ မူဝါဒ နဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရမယ်ဆိုတဲ့ NLD ပါတီရဲ့ မူဝါဒကြားမှာ နှစ်ဖက်ပြင်ဆင်လိုတဲ့ အကြောင်းအရာတွေ မတူညီခဲ့လို့ ပြင်ဆင်မှုက အရာမထင်ဖြစ်ခဲ့ပါတယ်။

ရွေးကောက်ပွဲအလွန် အခင်းအကျင်းအတွက် တပ်ချုပ်နဲ့ အတိုင်ပင်ခံတို့ ထိပ်တိုက်တွေ့ဆုံ ဆွေးနွေးသင့်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဖေသန်းက အကြံပြုပါတယ်။

“ငြိမ်းချမ်းရေး ညီလာခံမှာကော၊ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ ပြင်ဆင်တဲ့အခါမှာကော တစ်ယောက်နဲ့ တစ်ယောက် အပြုသဘောဆောင်တာတော့ မတွေ့ဘူး။ တစ်ယောက်နဲ့ တစ်ယောက် အပြစ်တင်နေတာပဲ တွေ့တယ်ပေါ့။ ဒီခေါင်းဆောင်နှစ်ယောက် ထိပ်တိုက်တွေ့ပြီးတော့မှ ဖွဲ့စည်းပုံပြင်မယ် ဆိုရင်တော့ ဘယ် အချက်ကို ပြင်နိုင်မယ်။ ရွေးကောက်ပွဲအလွန် ဖြစ်လာမယ့် အခင်းအကျင်းနဲ့ ပတ်သက်ပြီးတော့လည်း တိုင်ပင်‌ဆွေးနွေးသင့်တယ်။ မဟုတ်ရင် တဖက်နဲ့ တစ်ဖက် မကျေနပ်ချက်တွေ များလာပြီး တစ်ခုခု တုံ့ပြန်မှုတွေရှိလာနိုင်တယ်”

ဒီလေးနှစ်ကျော် ကာလအတွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် မဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး လည်း တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ပြစ်တင်ပြောဆိုမှုတွေရှိနေတယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက မှတ်ချက်ပေးပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ NCA စာချုပ် ၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ တပ်ချုပ်က ၅ နှစ်အတွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တိုးတက်မှု မရှိခဲ့ဘူးလို့ ပြောခဲ့သလို အတိုင်ပင်ခံကလည်း တာဝန် ရှိခေါင်းဆောင်တွေဟာ ကိုယ်တာဝန်ရှိတဲ့လုပ်ငန်းနဲ့နေရာတွေမှာ ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် မဆောင်ရွက်ဘဲ အချိန်ဆွဲနေမယ်၊  ငြိမ်းချမ်းရေးကို ဖျက်လိုဖျက်ဆီးလုပ်နေမယ်ဆိုရင် တာဝန်မကျေရာရောက်မယ်လို့ ပြောခဲ့ ပါတယ်။

တပ်မတော်နဲ့ NLD အစိုးရကြား ခံယူချက် မတူညီတာတွေရှိပေမယ့် ICJ လို့ ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံးနဲ့ ပတ်သက်တဲ့ အမြင်၊  ရခိုင်ဒေသဆိုင်ရာ သဘောထားတွေကတော့ နီးစပ်တယ်လို့ တပ်မတော်အရာရှိဟောင်းတွေ နဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦး က သုံးသပ် ပါတယ်။

“ခံယူချက်တော့ ကွာလိမ့်မယ်။ ဒါပေမဲ့ လိုအပ်လို့ ပူးပေါင်းရမယ့်ကိစ္စတွေမှာ ပူးပေါင်းနေတယ်။ အရေးကြီးတဲ့ ကိစ္စတွေမှာ သိပ်ပြီးတော့ သဘောထားကွဲလွဲတယ်လို့ ပြောလို့မရဘူး။ အထူးသဖြင့် အနောက်ဘက်ဒေသ ရခိုင်အရေးလိုကိစ္စရပ်မျိုးမှာ တော်တော်လေး နီးနီးစပ်စပ် တူညီတာမျိုးကို တွေ့ရတယ်။ ၂၀၁၅  ကနေ ၂၀၂၀ ကို ကြည့်လိုက်တဲ့အခါ ဥပမာ ICJ ကို ရောက်သွားတဲ့ဟာမျိုး၊ ၂၀၁၇ ရခိုင်ဒေသမှာ ဖြစ်ပျက်ခဲ့တဲ့ဟာမျိုး၊ တကယ်ကို ဒါ အမျိုးသားလုံခြုံရေးကို ထိခိုက်တဲ့ ကိစ္စမျိုးမှာတောင် တပ်က အစိုးရသွားတဲ့ လမ်းကြောင်းနဲ့ ညှိပြီး လုပ်လာခဲ့တယ်”

နိုင်ငံခြားရေးဝန်ကြီးတာဝန် ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံနိုင်တဲ့ နေရာတခုကတော့  အရပ်ဘက်၊ စစ်ဘက် ထိပ်ပိုင်းခေါင်းဆောင်တွေ ပါဝင်ရမယ်လို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့  အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဖြစ်ပါတယ်။  NLD အစိုးရက ဒီကောင်စီရဲ့ အစည်းအဝေးကို ပြီးခဲ့တဲ့ လေးနှစ်ခွဲအတွင်း ခေါ်ယူခဲ့ခြင်း မရှိသေးပါဘူး။  

နိုင်ငံ့အရေးအရာ ကိစ္စရပ်တွေကို ဒီကောင်စီက အစည်းအဝေး ခေါ်ယူခြင်းမရှိဘဲ တစ်ဦးတည်း ဆုံးဖြတ်နေတာဟာ အန္တရာယ်များတယ်လို့ ကာကွယ်ရေးဦးစီးချုပ်က သြဂုတ်လမှာ ပြောကြားခဲ့ပါတယ်။  

ဒါဟာ သူတို့နှစ်ဦးကြား ရပ်တည်ချက် ကွဲပြားမှုနဲ့ ဆက်ဆံရေး မပြေလည်မှုကို မြင်သာစေခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲကာလမှာ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က - အခြေခံဥပဒြေ ပင်ဆင်ရေး ဆက်ကြိုးစားဖို့နဲ့ ခိုင်မာတဲ့ ဒီမိုကရေစီစနစ် တည်ထောင်နိုင်ဖို့ NLD ပါတီ အစိုးရ ပြန်ဖွဲ့နိုင်တဲ့အထိ မဲပေးဖို့ ပြည်သူလူထုကို တိုက်တွန်းနေပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ဘက်ကလည်း လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ပေမယ့် ရွေးချယ်မှုမမှားစေဖို့နဲ့ ဒီမိုကရေစီအစိုးရနှစ်ရပ်ရဲ့ လုပ်ဆောင်ချက်တွေကို ချိန်ထိုး စဉ်းစားပြီး မဲပေးဖို့ တပ်မတော်သားတွေ၊ တပ်မိသားစုဝင်တွေနဲ့ တွေ့ဆုံပွဲတွေမှာ တိုက်တွန်းနေပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းပြီး အစိုးရဖွဲ့နိုင်မယ်ဆိုရင် ကာကွယ်ရေးဦးစီးချုပ်က သမ္မတဖြစ်လာနိုင်တယ်လို့ ရန်ကုန်မြို့က နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင် က သုံးသပ်ပါတယ်။

“ကြံ့ခိုင်ဖွံ့ဖြိုးရေးသာ တိုင်းရင်းသားပါတီတွေနဲ့ ပေါင်းပြီးတော့ အများစုအနိုင်ရသွားမယ်ဆိုလို့ရှိရင် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ တပ်မတော်က အနားယူပြီး သမ္မတနေရာ ယူဖို့အတွက်တော့ အခင်းအကျင်းက ကောင်းတာပေါ့။ ဒါပေမဲ့ အဲဒီအလားအလာက အခုရွေးကောက်ပွဲ အနေအထားအရ ဖြစ်နိုင်ခြေ နည်းပါတယ်။ တိုင်းဒေသကြီး တွေမှာတော့ NLD အနိုင်ရမှာပါပဲ။ တကယ်လို့ ပြည်နယ်တွေမှာ တိုင်းရင်းသားတွေက အများစု နေရာတွေရနိုင်မယ်ဆိုရင် အဲဒီအင်အားစုနဲ့ ကြံခိုင်ဖွံ့ဖြိုးရေးနဲ့ ပေါင်းပြီးတော့ လွှတ်တော်မှာ တရားဝင် နိုင်ငံရေးတိုက်ပွဲတွေက ပေါ်လာနိုင်တယ်။ အဲဒီလို ပေါ်လာလို့ရှိရင် တပ်မတော်က ကြံခိုင်ဖွံ့ဖြိုးရေးဘက်ကို ရပ်မှာပဲ။ NLD က သူမျှော်မှန်းသလို တောင်ပြိုကမ်းပြိုမနိုင်ရင် ပြဿနာများစွာဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့ ခန့်မှန်းပါတယ်”


ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲဟာ အရေးပါပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လိုအပ်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်က မကြာခဏပြောနေပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့  ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်လှိုင်ကလည်း တပ်မတော်က အာဏာသိမ်းတဲ့အဖြစ်မျိုး မရောက်အောင်  လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ  လိုတယ်လို့ တိုက်တွန်းပါတယ်။

“လက်ရှိတာဝန်ယူထားတဲ့ အစိုးရအနေနဲ့ ဒီမိုကရေစီကို ဖန်တီးဖော်ဆောင်ချင်တယ်ဆိုရင်တော့ ပြည်သူတွေ လမ်းပေါ်ထွက်ပြီး ဆန္ဒမပြအောင်၊ တပ်မတော်က အာဏာသိမ်းတဲ့အဖြစ်မျိုး ထပ်မဖြစ်အောင် လွတ်လပ်ပြီး တရားမျှတပြီး သန့်ရှင်းတဲ့ ရွေးကောက်ပွဲဖန်တီးဖို့လိုတယ်။ ရွေးကောက်ပွဲမလုပ်တော့ဘူးလို့ တိုင်းရင်းသားဒေသတွေမှာ ပြောနေတာဟာ  တော်တော်လေးစိတ်မကောင်းဖြစ်နေရပြီး လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေး အင်မတန်မှ စိုးရိမ်နေရပါတယ်”

ကာကွယ်ရေး ဦးစီးချုပ်က အာဏာသိမ်းတာမျိုး လုပ်နိုင်ခြေမရှိဘူးလို့  NLD ရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ယူဆပါတယ်။

“ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးလည်း ဒေါ်အောင်ဆန်းစုကြည်ပြောတာနဲ့ မတူဘူး။ မတူခြားနားနေတာတွေ ကတော့ တွေ့နေရတာပါပဲ။ အာဏာသိမ်းနိုင်မလား၊ ဒါတွေကတော့ မဖြစ်နိုင်ဘူးလို့ ကျနော်တော့ ထင်ပါ တယ်။ နောက်က တွန်းအားပေးနေတာတွေကတော့ ရှိတာပေါ့။ တပ်ချုပ်အနေနဲ့ကတော့ လုပ်လိမ့်မယ် လို့တော့ ကျနော်တော့ မထင်ပါဘူး”

တပ်မတော်က လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း နေရာယူထားပြီးဖြစ်လို့ ရွေးကောက်ပွဲ တရားမျှတမှု၊ မမျှတမှု အကြောင်းပြပြီး အာဏာသိမ်းနိုင်စရာ အခြေအနေမရှိဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ထားကြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်ပါတီက အနိုင်ရသည်ဖြစ်စေ ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံရေးမှာ ရှုပ်ထွေးမှု ပိုများလာနိုင်မယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက တွက်ဆပါတယ်။

ဒီလိုယူဆသူတွေထဲ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် လည်း ပါဝင်ပါတယ်။

“အခုရွေးကောက်ပွဲ အကြိုကာလမြင်ကွင်းအရဆိုရင်တော့ ပိုပြီးတော့မှ အကွဲကွဲ အပြဲပြဲဖြစ်လာတယ်။ ရွေးကောက်ပွဲမှာ ဘယ်သူနိုင်သည်ဖြစ်စေ၊ မြန်မာ့နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးကတော့ ပိုပြီးတော့မှ အခက်အခဲ တွေ များလာလိမ့်မယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ စဆွဲခဲ့တဲ့ ရည်ရွယ်ချက်ထဲမှာကိုက တပ်မတော်ကို က လုပ်ဖော်ကိုင်ဖက်အနေနဲ့ အာဏာရပါတီနဲ့ တွဲပြီးတော့လုပ်မယ်ဆိုပြီး ဆွဲခဲ့တာ ၂၅ ရာခိုင်နှုန်းကို ထည့်ပြီး တက်လာတဲ့ အစိုးရက တပ်မတော်ကို လုပ်ဖော်ကိုင်ဖက်အနေနဲ့ မြင်ပြီးတော့မှ ညှိနှိုင်းဆောင်ရွက်မယ်ဆိုရင် အပြောင်းအလဲတွေ ပိုပြီးတော့မှ မြန်မှာပေါ့ဗျာ”


NLD အစိုးရဟာ ၂၀၁၆ ကနေ ၂၀၂၀ အထိ အစိုးရသက်တမ်း ငါးနှစ်အတွင်း အမျိုးသား ရင်ကြားစေ့ရေးကို အကောင်အထည်ဖော်ရာမှာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားတွေကြား မတူညီတဲ့ အခြေအနေတွေမှာ အကျပ်အတည်း အများအပြား ကြုံခဲ့ရတာပါ။

တိုင်းရင်းသားနိုင်ငံရေး အင်အားစုတွေဘက်ကလည်း NLD အစိုးရက သူတို့ရဲ့ လိုလားချက်တွေကို လျစ်လျူရှုတယ်လို့ မြင်နေကြပါတယ်။

၂၀၂၀ အလွန်မှာ NLD သာ အစိုးရပြန်ဖွဲ့နိုင်မယ်ဆိုရင် ဒီအကျပ်အတည်းကို ဖောက်ထွက်နိုင်ဖို့နဲ့ တပ်မတော်က သဘောတူမှ ပြင်နိုင်မယ့် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် စိန်ခေါ်မှုတွေက ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။