ရခိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေ ပိတ်သိမ်းပေးဖို့ HRW တောင်းဆို

နေမျိုးထွန်း
2020-10-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာ မွတ်စလင် ၁၃၀၀၀၀ ကျော်ကို အကျယ်ချုပ်ချသလို ကန့်သတ်မှုတွေလုပ်ထားတာ ရှစ်နှစ်ကြာပြီဖြစ်တာကြောင့် ဒီအခြေအနေကို အမြန်ဆုံး အဆုံးသတ်ပေးဖို့ နယူးယောက် အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ဒီကနေ့ အစီရင်ခံစာထုတ်ပြန်ပြီး အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် ထိန်းသိမ်းခြင်းလို့ အမည်ပေးထားတဲ့ ဒီအစီရင်ခံစာမှာ ဒုက္ခသည်စခန်း ၂၄ ခုရဲ့ အခြေအနေတွေကို ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတချို့ ပိတ်သိမ်းလိုက်တာဟာလည်း ရိုဟင်ဂျာတွေ၊ ထောင်နဲ့ချီတဲ့ ကမန်တိုင်းရင်းသားတွေကို အမြဲထာဝရ သီးသန့်နေထိုင်အောင် စီစဉ်ထားသလို ဖြစ်နေတယ်လို့ စာမျက်နှာ ၁၆၉ မျက်နှာ ပါရှိတဲ့ အဲဒီအစီရင်ခံစာက ဆိုပါတယ်။

ဒုက္ခသည်တွေ လွတ်လပ်စွာသွားလာခွင့် လိုအပ်နေတယ်လို့ စစ်တွေမြို့ သက္ကယ်ပြင် ဒုက္ခသည်စခန်းက ဦးကျော်လှအောင်က ပြောပါတယ်။

“အရင်နေရာမဟုတ်ရင်လည်း ဒီမှာ လွတ်လွတ်လပ်လပ် ဒီမှာကောင်းကောင်း ကျယ်ကျယ်ဝန်းဝန်းနဲ့ အိမ်နဲ့ရာနဲ့ မိသားစုနဲ့ နေလို့ရအောင် အဲလို အိမ်ဆောက်ပေးရင်လည်း ရတယ်။ ဒါမှမဟုတ်ရင် မူလနေရာကို မူလအတိုင်း သွားလာနေထိုင်ဖို့ အဲလိုလုပ်ပေးရင်လည်းရတယ်ပေါ့။ အစိုးရပေါ်မှာမူတည်တယ် အဲဒါ အစိုးရက လုပ်ပေးရင်ရတယ်၊ မလုပ်ပေးရင် မရဘူး”

ရိုဟင်ဂျာ မွတ်စလင်တွေရဲ့  စခန်းတွင်းနေထိုင်တဲ့ နေ့စဉ်ဘဝဟာ နေအိမ်မှာအကျယ်ချုပ်ကျနေသလို ဖြစ်နေ တယ်၊ တရားဝင် ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေ၊ ဒေသတွင်းအမိန့်တွေ၊ စစ်ဆေးရေးဂိတ်တွေ၊ သံဆူးကြိုး တပ် ခြံစည်းရိုး စတဲ့ ကန့်သတ်ချက်တွေကြောင့် လွတ်လပ်စွာသွားလာခွင့် ငြင်းပယ်ခံနေရတယ်လို့လည်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာဟာ ၂၀၁၈ နှစ်ကုန်ပိုင်းကစပြီး ရိုဟင်ဂျာ မွတ်စလင်နဲ့ ကမန်တိုင်းရင်းသား ၆၀ ကျော်ကို ဆက်သွယ် မေးမြန်းထားချက်တွေကို အခြေခံ ပြုစုထားတာဖြစ်ပြီး အစိုးရ၊ ကုလသမဂ္ဂ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ဆီကရရှိတဲ့ စာရွက်စာတမ်း ၁၀၀ ကျော်ကို လေ့လာရာမှာလည်း  စခန်းအတွင်း လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် ဒါမှမဟုတ် နေထိုင်ခွင့် အခြေအနေ တိုးတက်ရေး အစီအစဉ်တွေကို အစိုးရက ငြင်းပယ်ခဲ့တာ  တွေ့ရှိခဲ့ရတယ်လို့ ဆိုထားပါတယ်။

ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းဖို့၊ မူလနေရပ်ကိုပြန်ပို့ဖို့ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေထဲမှာ တစ်ခု အပါအဝင်ဖြစ်ပြီး ICJ ရဲ့ ကြားဖြတ်အမိန့်လေးချက်ထဲမှာလည်း ရိုဟင်ဂျာ မွတ်စလင်တွေကို အသိအမှတ်ပြုဖို့နဲ့ လွတ်လပ်စွာသွားလာခွင့်ပြုဖို့ဆိုတာ အချက်တစ်ချက်အနေနဲ့ ပါရှိပါတယ်။

ဒုက္ခသည်တွေဟာ အရင်လို ယှဉ်တွဲနေထိုင်နိုင်ကြပြီလို့  ကိုဖီအာနန် ကော်မရှင်မှာ  အဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဦးအေးလွင်က ပြောပါတယ်။

“ဟိုတုန်းကတော့ ပြောတာကတော့ ဒါပဋိပက္ခတွေရှိတယ်၊ နှစ်ဖက်အုပ်စုရဲ့ သဟဇတ မရှိသေးတဲ့အတွက် ဒါဟာ မဖြစ်နိုင်ဘူးလို့ ပြောတယ်။ သို့သော်လည်း အခြေအနေအရာရာ တဖြည်းဖြည်း ပြန်ကြည့်တဲ့အခါမှာ နှစ်ဖက်အုပ်စုတွေက အရင်တုန်းကလည်း အတူတကွ ယှဉ်တွဲနေခဲ့ကြတယ်၊ အခုလည်း ဒီအခြေအနေကို ပြန်ပြီး ရောက်နေပြီ။ သူတို့ဘဝရှင်သန်ရေးအတွက် စီးပွားရေးရော လူမှုရေးမှာရော တစ်ယောက်ကို တစ် ယောက် လိုအပ်ကြတယ်။ အဲဒီအုပ်စုရဲ့ ပဋိပက္ခကြောင့် သူတို့ မူရင်းနေရာကို ပြန်မပို့သေးပါဘူးဆိုတဲ့ အကြောင်းပြချက်ကတော့ မဆီလျော်တော့ပါဘူးခင်ဗျ”

ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဦးဖေသန်းကတော့ ရခိုင်ပြည်နယ်မှာ မွတ်စလင်ဒုက္ခသည်တွေဟာ ရခိုင်တိုင်းရင်းသားတွေနဲ့ ရောမနေတဲ့နေရာတွေမှာတော့ အဆင်ပြေတာတွေ့ရပြီး ရောနှောနေတဲ့နေရာမျိုး မှာတော့ အဆင်မပြေနိုင်သေးဘူးလို့ ဆိုပါတယ်။

“ဒါက တာရှည်လာရင်တော့ ကျွန်တော်ထင်ပါတယ် နဂိုအတိုင်း ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာနိုင် တယ်ပေါ့။ နဂိုအိုးအိမ်တွေ သူတို့ စွန့်ခွာသွားတဲ့နေရပ်တွေက ဒါတွေကြတော့ ပြန်လာမယ်ဆိုရင် နည်းနည်း ပြဿနာရှိတယ်။ ပြဿနာတွေရှိတဲ့အတွက် ကျွန်တော်တို့ မျှော်လင့်တာကတော့ သူတို့နဲ့နီးစပ်တဲ့ တခြား နေရာတွေမှာ နိုင်ငံတော်အစိုးရက အစီအစဉ်နဲ့ပေါ့။ ရွာတွေတည်ထောင်ပေးမယ်၊ အိမ်တွေကို ဆောက်လုပ်ပေး မယ်ဆိုရင်တော့ အကောင်းဆုံးအခြေအနေမျိုးရှိမယ်လို့ ကျွန်တော် ထင်တယ်။ သို့မဟုတ်ရင်လည်း ကျွန်တော် တို့က ဘယ်နေ့ပြန်ဖြစ်မလဲဆိုတဲ့ စိတ်တထင့်ထင့်နဲ့ပေါ့။ သူတို့အတွက်လည်း မအေးချမ်းဘူး၊ ကျွန်တော်တို့ အဖို့ကလည်း စိတ်မအေးချမ်းဘူးပေါ့”

လက်ရှိ မွတ်စလင်တွေနဲ့ ရခိုင်တွေကြားမှာ စီးပွားရေးအရ ဆက်ဆံမှုတွေရှိလာသလို ကုန်စည်ဖလှယ်တာတွေ၊ ရခိုင်ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ မွတ်စလင်တွေ ဝင်ရောက်လုပ်ကိုင်တာတွေရှိတယ်လို့လည်း ဦးဖေသန်းက ပြောပါတယ်။

ဒုက္ခသည်စခန်းကနေ မူလနေရာကို ပြန်ပို့မယ်ဆိုရင်တော့ အခက်အခဲတွေရှိနိုင်တယ်လို့ ဝံလက်ဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာ ခိုင်ကောင်းစံက ပြောပါတယ်။

“အခုနေရာကနေ ပြောင်းရွှေ့ပေးဖို့ တကယ်တမ်းဆိုရင် အစိုးရရဲ့ လုပ်ဆောင်မှုဆိုရင် အခက်အခဲရှိနိုင်စရာ အကြောင်းတော့မရှိနိုင်ဘူး။ ဒါပမေဲ့ သူတို့ မူရင်းနေရာကို ပြန်ပို့မယ်ဆိုရင် နည်းနည်းအခက်အခဲရှိနိုင်တာပေါ့။ ဘာကြောင့်လဲဆိုတော့ ဒါက အချိန်ယူရဦးမယ်။ နှစ်ဖက်လူ့အသိုင်းအဝိုင်းကြားမှာ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ဖို့ လိုတာပေါ့နော်။”

လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေးကို လူတိုင်းရပိုင်ခွင့်ရှိတာကြောင့် HRW ရဲ့ တိုက်တွန်းမှုကို ကြိုဆိုတယ် လို့လည်း ခိုင်ကောင်းစံက ပြောပါတယ်။

အသက်မွေးဝမ်းကျောင်းမှု၊ အပြင်ထွက်သွားလာလှုပ်ရှားမှု၊ ပညာရေး၊ ကျန်းမာရေးတို့နဲ့ ပတ်သက်ပြီး အလွန် အကျူး ကန့်သတ်ထားတာကြောင့် ရိုဟင်ဂျာတွေရဲ့ ရှင်သန်ခွင့်နဲ့ အခြေခံအခွင့်အရေးတွေကို အကြီးအကျယ် ခြိမ်းခြောက်နေတယ်လို့ HRW ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

စခန်းအတွင်း နေထိုင်ရသူတွေဟာ စခန်းအပြင်ဘက်နေထိုင်ရသူတွေထက်  အာဟာရချို့တဲ့မှု၊ နာမကျန်းဖြစ်မှု၊ မိခင်နဲ့ကလေးသေဆုံးမှု ပိုများနေပြီး မသေသင့်ဘဲ သေဆုံးရတဲ့ဖြစ်ရပ်မျိုးလည်း မကြာခဏ ဖြစ်ပေါ်နေလို့ နေထိုင်ဖို့ မသင့်လျော်ဘူးလို့လည်း ဖော်ပြထားပါတယ်။

ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုတိုက်တွန်းချက် ၈၈ ချက်ထဲမှာ   စတင်အကောင်အထည်ဖော်နေတာ ၈၁ ချက် ရှိတယ်လို့ အစိုးရကပြောဆိုထားပေမယ့် လမ်းတွေဖောက်တာ၊ တံတားတွေဆောက်တာ၊ အဆောက်အဦတွေ ဆောက်လုပ်ပေးတာတွေ့ရပြီး ပညာရေး၊ ကျန်းမာရေးတို့လို လွယ်လွယ်ကူကူ ဖော်ဆောင်ရနိုင်တဲ့ ကိစ္စရပ်တွေ တောင် ထင်သလောက် ဖြစ်မလာသေးဘူးလို့ ဦးအေးလွင်က ပြောပါတယ်။

၂၀၁၂ ခုနှစ်က နှစ်ဖက်လူမှုအဖွဲ့အစည်းကြား ပဋိပက္ခဖြစ်အပြီး ရိုဟင်ဂျာ မွတ်စလင် ၁၃၀,၀၀၀ ကျော်ကို ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်စခန်းတွေမှာ နေရာချထားပေးခဲ့ပါတယ်။

အဲဒီပဋိပက္ခဟာ “ethnic cleansing” လူမျိုးတုံး ရှင်းလင်းမှု လို့ HRW ထုတ်ပြန်ချက်မှာ စွပ်စွဲ ထားပါတယ်။

ဒီအသုံးအနှုန်းကိုတော့ ဆင်ခြင်ပြီး သုံးရမယ်လို့  ကိုဖီအာနန်ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ပြောပါတယ်။

“ကျွန်တော်တို့ ကိုဖီအာနန်ကြီး ကွယ်လွန်သွားပါပြီ၊ သူ့အနေနဲ့က လူမျိုးတုံး ethnic cleansing တို့ Genocide တို့ စကားလုံးတွေဟာ အပြည်ပြည်ဆိုင်ရာတရားရုံးပေါ့လေ တကယ့်ဥပဒေဘောင်အရ တရားရုံးက ဆုံးဖြတ် ပြီးတော့ ဒါသည် ဒီအသုံးအနှုန်းနဲ့ ထိုက်တန်သော ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ ဆုံးဖြတ်ချက် မကျမချင်း၊ ဒီအသုံးအနှုန်းမျိုးသုံးဖို့ ဆင်ခြင်ရမယ်လို့ ပြောသွားတယ်။ ဒီလို ပြောခြင်းအားဖြင့် လူ့အခွင့်အရေးချိုးဖောက် မှုတွေ မရှိခဲ့ဘူး၊ မဖြစ်ခဲ့ပါဘူးလို့ ငြင်းနေတာ မဟုတ်ပါဘူး ခင်ဗျ။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့ တာတော့ သေချာပါတယ်ခင်ဗျ”


ဒီပြောဆိုချက်တွေအပေါ်  ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီပေးရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ UEHRD ရဲ့ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို မေးမြန်းဖို့ RFA က ဆက်သွယ်ခဲ့ပေမယ့် အလုပ်ကိစ္စတွေများနေတာကြောင့် ဖြေကြားဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ သူ့ရဲ့ ကိုယ်ရေးအရာရှိက ပြောပါတယ်။

HRW ရဲ့ တိုက်တွန်းမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို သမ္မတအိမ်တော် သတင်းထောက်များ Facebook စာမျက်နှာကနေ မေးမြန်းထားပေမယ့် တုံ့ပြန်တာ မရှိသေးပါဘူး။

လက်ရှိအာဏရ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကို ဒီတိုက်တွန်းမှုတွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သဘောထားမှတ်ချက်ရယူနိုင်ဖို့ မေးမြန်းခဲ့ပေမယ့် ဒီကိစ္စကို ကော်မတီတွေ အဆင့် ဆင့်ဖွဲ့ တာဝန်ယူဆောင်ရွက်နေပြီး သူတို့တွေ ဘယ်လိုတွေ လုပ်ဆောင်နေတယ်ဆို မသိတဲ့အတွက် မှတ်ချက်ပြုဖို့ ငြင်းဆိုပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့  ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာတော့ တာဝန်တွေလွှဲထားပြီး စစ်တွေကနေ နယ်ကိုရောက်နေတာ ၁၀ ရက်လောက်ရှိပြီ ဖြစ်လို့ ဒီကိစ္စကို ဖြေလို့မရဘူးလို့ ပြန်လည်တုံ့ပြန်ပါတယ်။

အစိုးရကတော့ ရခိုင်ပြည်နယ်က မွတ်စလင်ဒုက္ခသည်စခန်းအားလုံးကို ပိတ်သိမ်းရေးအတွက် ဆောင်ရွက်နေတယ် လို့ လွန်ခဲ့တဲ့ ၂၀၁၇ ဧပြီလတုန်းက ကြောညာထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း ရိုဟင်ဂျာမွတ်စလင် တစ်သန်းနီးပါး ခိုလှုံနေကြတာ ၂၀၁၇ ခုနှစ် သြဂုတ်လက တည်းကဖြစ်ပြီး သူတို့ကို ပြန်လည်လက်ခံမယ်လို့ အစိုးရက ပြောထားပေမယ့် ပြည်နယ်အတွင်း ဒုက္ခသည် တစ်သိန်းခွဲနီးပါးကိုတောင် နေရာပြန်ချထားပေးဖို့ မဆောင်ရွက်နိုင်သေးဘူးလို့ HRW အစီရင်ခံစာက ထောက်ပြထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့