အာဏာသိမ်းပြီး အလုပ်လက်မဲ့ပြဿနာကြောင့် ထိုင်းနိုင်ငံကို ခိုးဝင်အလုပ်လုပ်သူ ပိုများလာ

RFA Burmese
2023.01.19
အာဏာသိမ်းပြီး အလုပ်လက်မဲ့ပြဿနာကြောင့် ထိုင်းနိုင်ငံကို ခိုးဝင်အလုပ်လုပ်သူ ပိုများလာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စက်ရုံတစ်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးအား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က တွေ့ရစဉ်။
REUTERS

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပရင်းနှီးမြှုပ်နှံမှုတချို့ ပြန်ထွက်ခွာမှု၊ စီးပွားရေး ကျပ်တည်းပြီး အလုပ်အကိုင်ရှားပါးမှု၊ မလုံခြုံမှုတွေကြောင့် အလုပ်လက်မဲ့ ဖြစ်သွားတဲ့ နိုင်ငံအတွင်းက အလုပ်သမားတွေဟာ ရရာအလုပ်လုပ်ကိုင်ဖို့ ပြည်ပနိုင်ငံတွေကို ထွက်ခွာနေကြပါတယ်။

အဲဒီအထဲမှာ ထိုင်းနိုင်ငံကို ထွက်ခွာသူအများဆုံးဖြစ်ပြီး စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်နီးပါးအတွင်း ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား လေးသိန်းကျော်ရှိတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။

အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်နဲ့ အာဏာသိမ်းပြီးကာလ နှစ်နှစ်ကို နှိုင်းယှဉ်ကြည့်ရင် အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်ထဲမှာ ထိုင်းနိုင်ငံကိုထွက်ခွာတဲ့ မြန်မာနိုင်ငံသား အရေအတွက်က အများဆုံးဖြစ်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က RFA ကို ပြောပါတယ်။

"ထိုင်းနိုင်ငံကိုသွားတဲ့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမား စံချိန်စံညွှန်းက ၂၀၂၁ မှာ အမြင့်ဆုံးဖြစ်တယ်။ နယ်စပ်ဒေသက တရားမဝင် အပေါက်တွေကနေ နည်းလမ်းမျိုးစုံနဲ့ ပွဲစားတွေက ဖျားယောင်းသွေးဆောင်တော့ ဈေးနှုန်းတွေ အဆမတန်ပေးပြီး ဝင်လာခဲ့ကြတာ။ မြဝတီ-မဲဆောက်ဘက်က ဝင်လာတာလည်းရှိတယ်။ ချင်းမိုင်၊ ချင်းရိုင်၊ မယ့်ဟောင်ဆောင်ဘက်က ဝင်တာလည်း ရှိတယ်။ ကန်ချနဘူရီဘက်က ဝင်တာ ရှိတယ်။ ထိုင်းနဲ့ မြန်မာက ကီလိုမီတာ နှစ်ထောင်ကျော် ရှည်လျားနေတာကြောင့် ရတဲ့နည်းနဲ့ ဝင်နေကြတာပေါ့"

၂၀၂၀ ပြည့်နှစ်မှာ ကိုဗစ်ကပ်ရောဂါ အရှိန်မြင့်တက်မှု၊ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ နယ်စပ် ဂိတ်တွေ ပိတ်ထားပြီး မြန်မာရော ထိုင်းဘက်ကပါ အဖမ်းအဆီး များလွန်းမှုတွေကြောင့် အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် အစောပိုင်းကာလတွေမှာ ထိုင်းနိုင်ငံကို တရားမဝင် ထွက်ခွာသူ အများဆုံးဖြစ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ တစ်နေ့ကို လူ ၁၀၀ ခန့်၊ ၂၀၂၁ ခုနှစ်မှာ တစ်နေ့ကို လေးထောင်နီးပါးနဲ့ ၂၀၂၂ ခုနှစ်မှာ တစ်နေ့ကို လူ နှစ်ထောင်နီးပါး ထိုင်းနိုင်ငံထဲ ဝင်လာတာတွေ့ရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

မြန်မာနိုင်ငံသားတစ်ဦး နယ်စပ်ဖြတ်ပြီး ထိုင်းနိုင်ငံထဲ ဝင်ချင်တယ်ဆိုရင် ပွဲစားကို ထိုင်းဘတ်ငွေ တစ်သောင်းခွဲ မြန်မာငွေ ကျပ် ၁၀ သိန်းနီးပါး ပေးရပါတယ်။ ထိုင်းနိုင်ငံထဲ ရောက်ပြီး အလုပ်အကိုင်ရဖို့ဆိုရင် နောက်ထပ် ဘတ်ငါးထောင်ခန့် ထပ်ပေးရပြီး စုစုပေါင်း ဘတ်နှစ်သောင်းခန့် ကုန်ကျလေ့ရှိတယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားတွေက ပြောပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလက ပွဲစားကို ဘတ်နှစ်သောင်းပေးပြီး နယ်စပ်ကတစ်ဆင့် ထိုင်းနိုင်ငံထဲ အဆင့်ဆင့် ဝင်ရောက်ခဲ့တဲ့ ကိုထွန်း ကတော့ ပိုက်ဆံပေးပြီး စွန့်စွန့်စားစား ဝင်လာရပေမယ့် ထိုင်းရောက်တဲ့အခါ အလုပ်အကိုင်က အမြဲအဆင်မပြေဘူးလို့ RFA ကို ပြောပါတယ်။

"ကိုယ့်နိုင်ငံမှာက အလုပ်က ရှားပါးသွားတော့ ဗြုန်းဒိုင်းကြီး ထွက်လာရတော့ ကိုယ့်မှာ ဘာအထောက်အထားမှမရှိတော့ အလုပ်က ရှားပါးနေတာပေါ့။ ဒီမှာ အလုပ်မှန်တယ် ဆိုပြီး လာပို့ပေးပေမယ့် တစ်ရက်နှစ်ရက် ဆင်းလိုက်၊ သုံးလေးရက် နားလိုက် ဖြစ်နေလို့ အဆင်မပြေလို့ နောက်အလုပ်တစ်ခု ပြောင်းမလို့။ ရတဲ့လုပ်အားဆိုရင်လည်း ရဲကြေး၊ အဆောင်ခ၊ ကားခ ပေးရတယ်။ ပေးရတာတွေ တော်တော်များတယ်၊ ကိုယ့်နိုင်ငံသာ အေးချမ်းရင် မိသားစုနဲ့ ဝေးကွာပြီး မလာချင်ဘူး။ မိသားစုနဲ့ နွေးနွေးထွေးထွေးပဲ ကိုယ့်နိုင်ငံမှာပဲ နေချင်တယ်"

သူဟာ အာဏာမသိမ်းခင်က လှိုင်သာယာအထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ခဲ့ပြိး တစ်လ ဝင်ငွေ ကျပ်သုံးသိန်းကျော်နဲ့ စားဝတ်နေရေး အဆင်ပြေခဲ့ပါတယ်၊ ဒါပေမဲ့ အာဏာသိမ်းပြီး နောက်ပိုင်း စက်ရုံပိတ်သွားလို့ အလုပ်လက်မဲ့ ဖြစ်သွားတယ်လို့ ကိုထွန်းက ဆိုပါတယ်။

mm-worker-thai.jpg
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ စျေးတစ်ခုတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားတစ်ဦးအား ၂၀၂၀ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: REUTERS)

ရန်ကုန်က အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကတစ်ဆင့် ထိုင်းနိုင်ငံကို တရားဝင် သွားရောက်အလုပ်လုပ်ချင်တယ်ဆိုရင်တော့ အလုပ်သမားတစ်ဦးကို မြန်မာငွေကျပ် သိန်း ၂၀ နီးပါး ပေးရတယ်လို့လည်း အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာငွေ သိန်း ၂၀ ပေးပြီး ထိုင်းနိုင်ငံမှာ တရားဝင် သွားရောက်အလုပ်လုပ်နေတဲ့ ကိုမျိုးဇော်ကတော့ သူ အခု ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်က ကြက်သားစက်ရုံတစ်ရုံမှာ အလုပ်လုပ်နေတယ်လို့ ပြောပါတယ်။

"တစ်လကို လစာနဲ့ အိုဗာတိုင် ပေါင်းရင် ဘတ် ၃၅၀၀ (မြန်မာငွေ သိန်း ၂၀ ကျော်) လစာထွက်တယ်။ ဒီကို တရားဝင်လာဖို့ ခြောက်လလောက် စောင့်လိုက်ရတယ်။ ထိုင်းလုပ်ငန်းရှင်တွေက မြန်မာအလုပ်သမားတွေအပေါ် အရမ်းနှိမ်တယ်။ ကိုယ့်နိုင်ငံက စစ်ဖြစ်နေတော့ ကျန်နေခဲ့တဲ့ မိသားစုတွေ အသက်ရှင်ရပ်တည်နိုင်ဖို့ တစ်ယောက် ယောက် စွန်ံ့စားမှရမယ်ဆိုတဲ့စိတ်နဲ့ ထိုင်းကို ထွက်ခဲ့တာပါ"

တရားဝင်အလုပ်သမားဖြစ်စေ၊ တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ အလုပ်သမားပဲ ဖြစ်စေ၊ မြန်မာအလုပ်သမားအများစုဟာ ထိုင်းနိုင်ငံက ပင်လယ်စာစက်ရုံ၊ မုန့်စက်ရုံ၊ အချိုရည်စက်ရုံ၊ စည်သွပ်ဘူးစက်ရုံတွေနဲ့ အိမ်အကူအလုပ်၊ ပန်းရံနဲ့ သံချီသံကွေး စတဲ့ အလုပ်ကြမ်းတွေကိုသာ လုပ်ရလေ့ရှိတယ်လို့လည်း ရွှေ့ပြောင်းအလုပ်သမားတွေက ပြောပါတယ်။

"ကိုယ့်နိုင်ငံက စစ်ဖြစ်နေတော့ ကျန်နေခဲ့တဲ့ မိသားစုတွေ အသက်ရှင်ရပ်တည်နိုင်ဖို့ တစ်ယောက်ယောက် စွန်ံ့စားမှရမယ်ဆိုတဲ့စိတ်နဲ့ ထိုင်းကို ထွက်ခဲ့တာပါ"

ရွှေ့ပြောင်းလုပ်သားတွေအကြောင်း လေ့လာစောင့်ကြည့်နေတဲ့ IOM အဖွဲ့ရဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ အစီရင်ခံစာအရ တစ်လကို မြန်မာနိုင်ငံသား လေးသောင်းနီးပါး ပြည်ပ နိုင်ငံတွေကို ထွက်ခွာအလုပ်လုပ်နေကြပါတယ်။

ပြည်တွင်းမှာရှိတဲ့ အလုပ်သမားအေဂျင်စီတစ်ခုကတော့ မြန်မာလူငယ်တွေဟာ အာဏာ သိမ်းပြီး နောက်ပိုင်းမှာ ထိုင်း၊ မလေးရှားနဲ့ ဂျပန်နိုင်ငံအပြင် ယူအေအီး အာရပ်စော်ဘွား နိုင်ငံတွေကို ရရာအလုပ်နဲ့ သွားအလုပ်လုပ်ဖို့ ကြိုးစားသူ ပိုများတယ်လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်လက်မဲ့ ပိုများလာတာကြောင့် လူငယ်တွေက နည်းမျိုးစုံနဲ့ ပြည်ပထွက် အလုပ်လုပ်ဖို့ ကြိုးစားလာကြတာလို့ မြန်မာနိုင်ငံ အထွေထွေ အလုပ်သမားအဖွဲ့ချုပ် (FGWM) ရဲ့ အထွေထွေအတွင်းရေးမှူး မအိက ပြောပါတယ်။

"အခုကာလမှာတော့ အလုပ်သမားတွေ ဘာကြောင့်ထွက်တာလဲဆိုတော့ လက်ရှိ ပြည်တွင်းမှာ စက်ရုံအလုပ်ရုံ ပိတ်တာတွေရှိတယ်။ လုပ်အားခ ခေါင်းပုံဖြတ်တာတွေ၊ အလုပ်သမားအခွင့်အရေး အပြည့်အဝ မရတာတွေက အရင်ကထက် ဆိုးဝါးနေတဲ့ အချက်ရယ်၊ ဒီမှာ အလုပ်အကိုင် ရှားပါးမှုရယ်၊ ဒီနှစ်ချက်ကြောင့် အလုပ်သမားတွေ ပြည်ပထွက်ခွာနေရတယ်ပေါ့။ အလုပ်အကိုင်ရှားပါးမှုက ရာခိုင်နှုန်းနဲ့ ပြောရင် ၄၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်းလောက်ကို ဖြစ်ပြီပေါ့နော်"

၂၀၂၂ ခုနှစ်အတွင်း နယ်စပ်ဖြတ်ပြီး ထိုင်းနိုင်ငံထဲ ခိုးဝင်လာတဲ့ ရွှေ့ပြောင်းအလုပ်သမား ခြောက်သောင်းကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။