အိန္ဒိယအစိုးရပိုင်ကုမ္ပဏီက စစ်ကောင်စီကိုလက်နက်ရောင်း

2022.05.21
အိန္ဒိယအစိုးရပိုင်ကုမ္ပဏီက စစ်ကောင်စီကိုလက်နက်ရောင်း နေပြည်တော်မှာ ကျင်းပတဲ့ တပ်မတော်နေ့ အခမ်းအနားအား ၂၀၁၇ ခုနှစ် မတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံနဲ့ ၁၉၅၁ ခုက ချစ်ကြည်ရေးစာချုပ် လက်မှတ်ရေးထိုးခဲ့တဲ့ အိန္ဒိယဟာ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ရုံမက သမိုင်းအရ၊ ယဉ်ကျေးမှုအရ၊ ဘာသာရေး အရ မြန်မာနဲ့ တူညီတာတွေရှိပြီး မြန်မာစစ်တပ်ကို လက်နက်ရောင်းချတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနပိုင် လက်နက်ထုတ်လုပ်တဲ့ Bharat Electronics Limited (BEL) ဟာ ၂၀၂၁ စစ်အာဏာသိမ်းချိန်ကစလို့ မြန်မာစစ်တပ်ကို ရေဒါနည်းပညာ တင်ပို့တယ်လို့ မြန်မာစစ်တပ်နဲ့ စီးပွားရေးဆက်စပ်လုပ်ကိုင်တဲ့ ကုမ္ပဏီတွေ ပုဂ္ဂိုလ်တွေကို သုတေသနလုပ်နေတဲ့ Justice for Myanmar က ပြောပါတယ်။

BEL ဟာ မြန်မာစစ်တပ်အတွက် ၂၀၂၁ ဇူလိုင် မှာ အဝေးထိန်း လေကြောင်းရေးကာကွယ် စနစ် တင်ပို့တယ်လို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် CSIS Center for Strategic and International Studies မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာနက ပြောပါတယ်။

ဝန်ကြီးချုပ် မိုးဒီ အစိုးရဟာ မြန်မာစစ်ကောင်စီနဲ့ မိတ်မပျက်ချင်တဲ့အကြောင်းတွေရှိတယ် လို့ ဆိုပါတယ်။ မြန်မာနဲ့ အိန္ဒိယက မိုင် ၉၀၀ ကျော် ထိစပ်နေပြီး တခြားအိမ်နီးချင်း၊ မိုင် ၂၀၀၀ ကျော်နယ်စပ်ချင်းထိစပ်တဲ့ တရုတ်နဲ့ နယ်စပ်ပြဿနာရှိတာမျိုးလို ဒါမှမဟုတ် နောက်အိမ်နီးချင်း ပါကစ္စတန်နဲ့ ကက်ရှ်မီးယားပြဿနာရှိတာမျိုးလို နယ်စပ်ကိစ္စနဲ့ ပတ်သက်ပြီး နောက်တစ်နိုင်ငံနဲ့ ထပ်ပြဿနာ မရှာချင်တာလည်း ပါပါတယ်။

မြန်မာ - အိန္ဒိယ နယ်စပ် မှာ နာဂသူပုန်လို သီးခြားခွဲထွက်ရေး အဖွဲ့တွေရှိတာကလည်း မိုးဒီ အစိုးရအတွက် ဖြေရှင်းရမယ့် ကိစ္စတစ်ရပ်ဖြစ်ပြန်ပါတယ်။ နှစ်နိုင်ငံနယ်စပ်မှာ လှုပ်ရှားနေ တဲ့ စစ်သွေးကြွအဖွဲ့တွေကို ရှင်းထုတ်ရေးအတွက်လို့ သတင်းထွက်တဲ့ အိန္ဒိယနဲ့ မြန်မာ စစ်ရေးပူးတွဲ စစ်ဆင်ရေးကို ၂၀၂၁ စစ်အာဏာ မသိမ်းခင်မှာ လုပ်ခဲ့ပါတယ်။

အိန္ဒိယဟာ မြန်မာစစ်တပ်နဲ့ ဆက်ဆံမပျက်ချင်တဲ့ထဲ စီးပွားရေး အကျိုးစီးပွားလည်း ပါပါတယ်။

မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့၊ ရေနံနဲ့ အိန္ဒိယအဆင့် နည်းပညာလုပ်ငန်းအတွက် အသုံးတည့်တဲ့ မြေရှားသတ္တု အပါအဝင် သဘာဝသယံဇာတတွေကို မျက်စိကျပါတယ်။ သူ့ကုန်းတွင်းပိတ် အရှေ့မြောက်ဒေသ ဖွံ့ဖြိုးရေးအတွက် ရည်သန်တဲ့ ကုလားတန်မြစ် ဘက်စုံစီမံကိန်း ပြီးမြောက်ဖို့ မြန်မာနိုင်ငံတည်ငြိမ်ရေးက အိန္ဒိယအတွက် အရေးပါတယ်လို့ ဆိုပါတယ်။ နောက်.. မြန်မာနိုင်ငံကို အလယ်မှာထားပြီး အိန္ဒိယနဲ့ ထိုင်းနဲ့ ဆက်သွယ်နိုင်တဲ့ သုံးနိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်းကလည်း ရှိနေပြန်ပါတယ်။

ဒါကြောင့် မြန်မာစစ်တပ်ကို လက်နက်တွေတင်ပို့ပြီး စစ်ကောင်စီကို အရေးယူပိတ်ဆို့ဖို့ တခြားက အရေးဆိုတာတွေကို အိန္ဒိယက ဆန့်ကျင်ရင် သယံဇာတတွေရယူခွင့်ပေးဖို့ မြန်မာစစ်တပ်က ဆန္ဒရှိကောင်းရှိမယ်လို့ CSIS က သုံးသပ်ပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီးတုန်းက မြန်မာ့ဒီမိုကရေစီရေး ထောက်ခံတဲ့ အိန္ဒိယဟာ ခုတော့ သူ့အကျိုးစီးပွားကိုပဲ ကြည့်တယ်လို့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတုန်းက အိန္ဒိယကို တိမ်းရှောင်ခဲ့ပြီး ခု နော်ဝေနိုင်ငံမှာ သီတင်းသုံးနေတဲ့ အရှင်ထာဝရက မိန့်ပါတယ်။

မြန်မာ စစ်တပ်ကို လက်နက်တင်ပို့ဖို့ အိန္ဒိယအတွက် BEL က အသုံးတည့်ပါတယ်။ အီလက်ထရွန်းနစ် ထုတ်ကုန်တွေနဲ့ ကြည်း၊ ရေ၊ လေ တပ်တွေမှာ သုံးတဲ့ စနစ်တွေကို BEL က တင်ပို့ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် မိုးဒီ မြန်မာနိုင်ငံကို ၂၀၁၇ မှာ ရောက်ခဲ့ချိန်က ရေးထိုးခဲ့တဲ့ နည်းပညာ ရပ် သဘောတူညီချက်အရ အိန္ဒိယက မြန်မာစစ်တပ်ကို ပင်လယ်ကမ်းရိုးတန်းထောက် လှမ်းရေးစနစ် ပေးပို့တာလို့ Justice for Myanmar ကပြောပါတယ်။

အိန္ဒိယဟာ မြန်မာရေတပ်အတွက် သင်္ဘောဖျက်လက်နက် တော်ပီဒိုတွေ ၂၀၁၇ က ပေးပို့ခဲ့ပြီး ၂၀၂၀ မှာ ရေငုပ်သင်္ဘော လက်ဆောင်ပေးပါတယ်။

ရုရှားလုပ် သမားရိုးကျ ရေငုပ်သင်္ဘောအမျိုးအစားဖြစ်ပြီး အိန္ဒိယက အသစ်သဖွယ် မွန်းမံပြင်ဆင်ပေးပို့တာပါ။

မြန်မာစစ်တပ်ကို လက်နက်တင်ပို့တဲ့ BEL ဟာ အီတလီ နိုင်ငံက Beretta နဲ့ Elettronica ၊ ဆွီဒင်နိုင်ငံက Saab ၊ ဒိန်းမတ် နိုင်ငံက Terma နဲ့ ပြင်သစ်နဲ့ နယ်သာလန်က Thales ကုမ္ပဏီတွေ နဲ့ သဘောတူညီချက်စာချုပ် ချုပ်ဆိုထားပါတယ်။

ဒီအဆက်အစပ်ကြောင့် မြန်မာစစ်တပ်ကို လက်နက်ရောင်းချတာကို အီးယူ - ဥရောပ သမဂ္ဂက ပိတ်ဆို့ထားပေမယ့် အီးယူ အဖွဲ့ဝင်နိုင်ငံတွေက လက်နက်တွေ မြန်မာ စစ်တပ် ရနိုင်အောင် အိန္ဒိယ အစိုးရပိုင် BEL က ကြားကဝင်ပေးသလို ဖြစ်ပါတယ်။

အိန္ဒိယက မြန်မာစစ်တပ်အတွက်တင်ပို့တဲ့ လက်နက်တွေအတွက် ကြားက လက်နက်ပွဲစား က Mega Hill ကုမ္ပဏီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။