လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲ ဖြစ်စေရမယ်လို့ တရုတ်ကို စစ်ခေါင်းဆောင် ကတိပေး
2024.11.19
ရွေးကောက်ပွဲမဲစာရင်းအတွက် သန်းခေါင်စာရင်းကို နိုင်ငံလူဦးရေရဲ့ ၆၃ ရာခိုင်နှုန်းဆီက ကောက်ယူထားပြီး ကျန်တဲ့နေရာတွေမှာ ဒီနှစ်ကုန် အပြီးသတ်ကောက်သွားမယ်လို့ တရုတ်ဝန်ကြီးချုပ်နဲ့ ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေကို ပြောခဲ့တယ်လို့ စစ်ခေါင်းဆောင်က နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ပြောပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာလ ၁၉ ရက်နေ့က နေပြည်တော်မှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့နဲ့ ကျင်းပတဲ့ စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးမှာ သူရဲ့တရုတ်ခရီးစဉ်နဲ့ ပတ်သက်ပြီး ရှင်းပြခဲ့တာပါ။
လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး နိုင်ငံတကာကအကဲခတ်တွေကို ဖိတ်ခေါ်မယ်လို့ စစ်ခေါင်းဆောင်က တရုတ်ခရီးစဉ်မှာ ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ခေါင်းဆောင်က ဘယ်လိုမျိုးစည်းရုံးမှုတွေရှိပါစေ လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့နိုင်ငံတွေနဲ့ မြန်မာပြည်သူတွေက စစ်ကောင်စီ ဦးဆောင်ကျင်းပမဲ့ရွေးကောက်ပွဲကို လက်ခံမှာမဟုတ်ဘူးလို့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက သုံးသပ်ပါတယ်။
“လူ့အခွင့်အရေးကို တန်ဖိုးထားတဲ့ ဘယ်လိုနိုင်ငံကမှ ဒီလောက်လူသတ်နေတဲ့ ပြည်သူကိုပြန်ပြီးတော့ ဒုက္ခပေးပြီးသတ်ဖြတ်နေတဲ့ သူတွေက တရားမျှတတဲ့ရွေးကောက်ပွဲကို ဖော်ဆောင်မယ်ဆိုတာ ဘယ်လိုမှ ယုံကြည်နိုင်စရာမရှိဘူး။ ဒါပေမဲ့ တချို့နိုင်ငံတွေ ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ကို တန်ဖိုးမထားတဲ့ နိုင်ငံတွေလည်း ရှိကောင်းရှိမှာပေါ့။ အဲ့လိုမျိုးနိုင်ငံတွေက စစ်ကောင်စီကို ထောက်ခံကောင်း ထောက်ခံနိုင်ပေမဲ့ ပြည်သူမပါရင် ဒါတွေက ဘာမှ အောင်မြင်မှာ မဟုတ်ဘူး”
ဒေသနဲ့ တိုင်းရင်းသားအကျိုးကို တရားဥပဒေနဲ့အညီ တောင်းဆိုနိုင်ဖို့ တိုင်းရင်းသားတွေ နိုင်ငံရေးမှာ ပိုပါဝင်လာဖို့ လိုလားတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။
ဒါကြောင့် အချိုးကျကိုယ်စားပြုစနစ် (PR)ကို တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ အမျိုးသားလွှတ်တော်တွေမှာ ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ သူကထုတ်ပြောလာပါတယ်။
စစ်ကောင်စီက မဖြစ်ဖြစ်တဲ့နည်းနဲ့ ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး စစ်ကောင်စီရဲ့လုပ်ရပ်တွေကို တရုတ်အစိုးရက လက်ခံနေတာဟာ ရာဇဝတ်မှုကျူးလွန်နေသူတွေကို အားပေးထောက်ခံရာရောက်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်က မှတ်ချက်ပြုပါတယ်။
“ဒို့တိုင်းပြည်မှာ ဆိုးကျိုးတွေပေါ်ပေါက်အောင်လို့ တရုတ်အစိုးရနဲ့ တရုတ်ကွန်မြူနစ်ပါတီက ရာဇဝတ် ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ပေါင်းပြီးလုပ်နေတယ်။ သူကတော့ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်လုပ်မဲ့ ပုံစံမျိုးတွေလည်း အများကြီးတွေ့နေရတယ်။ ပုံစံမျိုးစုံနဲ့ပေါ့။ လူထုကိုတော့ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ဖိအားတွေပေးပြီး မဲထည့်ခိုင်းမှာပဲ။ အကြမ်းဖက်စစ်ပွဲ ဆင်နွှဲနေတဲ့ ရာဇဝတ်ကောင်တွေကို တရုတ်အစိုးရနဲ့ တရုတ်ကွန်မြူနစ်ပါတီက ထောက်ခံရပ်တည်ပေးခြင်းကားကိုက သူတို့ကိုယ်တိုင်လည်း ရာဇဝတ်မှုတွေကို အားပေးရာရောက်တယ်”
ဆက်နွှယ်သော သတင်းများ
စစ်ကောင်စီ စီစဉ်နေတဲ့ ၂၀၂၅ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ကြောင်း နိုင်ငံရေးလေ့လာသူတွေပြော
မဲစာရင်းအမှန်ရဖို့ သန်းခေါင်စာရင်းရလဒ်ကို အသုံးပြုမယ်လို့ စစ်ခေါင်းဆောင်ပြော
မြန်မာပြည်မှာ ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်ကြောင်း အမေရိကန်ပြော
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ မဲမသမာမှုတွေရှိခဲ့တဲ့ ရွေးကောက်ပွဲတစ်ခုသာဖြစ်ပြီး ကျူးလွန်ခဲ့တဲ့ NLD ပါတီကို ထိထိရောက်ရောက်အရေးယူထားတယ်လို့ စစ်ခေါင်းဆောင်က တရုတ်ပြည်ခရီးစဉ်မှာ ထည့်ပြော ခဲ့ပါတယ်။
မြန်မာပြည်သူအများစုကတော့ စစ်ကောင်စီက ဦးဆောင်ကျင်းပမဲ့ ရွေးကောက်ပွဲကို ကန့်ကွက်နေပြီး NLD ပါတီအနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုသာ ပြန်အကောင်အထည်ဖော်ဖို့ လိုလားနေကြပါတယ်။
စစ်ကောင်စီဟာ သူဦးဆောင်ကျင်းပမဲ့ ရွေးကောက်ပွဲမှာတော့ မဲစာရင်းတွေ မှားယွင်းမှုမရှိအောင် အဓိကထား ဆောင်ရွက်မယ်လို့ အကြိမ်ကြိမ်ပြောဆိုနေပေမဲ့ ပြည်သူတွေက မယုံကြည်ကြပါဘူး။
၂၀၂၅ မှာ ကျင်းပဖို့ လျာထားတဲ့ ရွေးကောက်ပွဲကို အီလက်ထရောနစ်စနစ်နဲ့ ဆောင်ရွက်မယ်လို့ ထုတ်ဖော်ပြောထားပြီး လုံခြုံရေးအရ အပိုင်းလိုက်ခွဲပြီးဆောင်ရွက်သွားဖို့ ရှိတယ်လို့လည်း စစ်ခေါင်းဆောင်က တရုတ်ကို အသိပေးခဲ့ပါတယ်။