အာဏာသိမ်းမှုဆန့်ကျင်တဲ့ လူငယ်တွေ ပစ်မှတ်ထားဖိနှိပ်ခံနေရ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး အချိန်ကိုးလကျော်ကြာလာတဲ့အထိ လူငယ်တွေဟာ နည်းလမ်း အမျိုးမျိုးနဲ့ ဆန့်ကျင်တော်လှန်နေကြဆဲဖြစ်သလို အာဏာသိမ်းစစ်ကောင်စီကလည်း ဒီဆန့်ကျင်မှုတွေကို ရပ်တန့်နိုင်ရေးအတွက် လူငယ်တွေကို ပစ်မှတ်ထားဖိနှိပ်မှုတွေ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ လူငယ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ နေထိုင်တဲ့ အသက် ၃၁ နှစ်အရွယ် ကိုရန်ပိုင်ထွန်းကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၀ (ဈ) နဲ့ စစ်ခုံရုံးတစ်ခုကနေ ထောင်ဒဏ် တစ်သက် ချမှတ်ခဲ့ပါတယ်။

တစ်စုံတစ်ရာ ခုခံချေပခွင့်မရဘဲ အမိန့်ချမှတ်ခံခဲ့ရတာလို့ ကိုရန်ပိုင်ထွန်းရဲ့ မိခင် ဒေါ်ဌေးဌေးဝင်းက RFA ကို ပြောပါတယ်။

" သားကို လုပ်လိုက်တဲ့ အပြစ်နဲ့က အခု ဘယ်လို ခေါ်မလဲ။ ချေပခွင့် မရှိဘူး။ စိတ်တွေ ဘယ်လို ကောင်းနိုင် မလဲ။ လုပ်တဲ့အပြစ် နည်းနည်းလေးနဲ့ အများကြီးနဲ့ မတန်ဘူး။ ရှေ့နေလည်း လိုက်ခွင့် မရှိဘူးတဲ့။ အယူခံလည်း ဝင်ခွင့် မရှိဘူးတဲ့။ စစ်ခုံရုံးက ချတာတွေ မှန်သမျှက နောက်ဆုံး Video Conference နဲ့ အဲလိုမျိုးအထိ အမိန့်ချတာတဲ့။ ဘာမှ မမေးဘူး။ ဟိုဘက်က စစ်လိုက်တယ် ဒီလိုမျိုး သတင်းကြားတယ်။ ဒါတွေကို ဖတ်ကြည့်လိုက်တယ်။ မင်းကို ဒီ လောက် အမိန့်ချလိုက်တယ်။ ဘယ်လို ခေါ်မလဲ ကျမ စဉ်းစားကြည့်တာပေါ့။ ကျမ ဥာဏ်မီသလောက် စဉ်းစားကြည့်တာ။ အဖြူဆိုရင် ဆင်စွယ် ရောင်လည်း အဖြူထဲမှာပါတယ်။ ရောထည့်လိုက်တယ်လေ "

ကိုရန်ပိုင်ထွန်းဟာ ရပ်ကွက်ထဲက လူမှုရေးလုပ်ငန်းတွေမှာ ကူညီပါဝင်နေတဲ့ ပရဟိတသမားတစ်ဦးပါ။ စစ်တပ်ကသာ အာဏာမသိမ်းခဲ့ရင် လူငယ်ပီပီ မြို့ရွာအကျိုးပြုလုပ်ငန်းတွေမှာ ဆက်လက်ပါဝင်နေဦးမယ့်သူ ဖြစ်တယ်လို့ မိခင် ဒေါ်ဌေးဌေးဝင်း က ပြောပါတယ်။

ကိုရန်ပိုင်ထွန်းဟာ လှိုင်သာယာမြို့နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့ပြီးနောက် NUG နဲ့ ဆက်သွယ်တယ်၊ PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်တပ်က ဖမ်းဆီးခဲ့တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့ကလည်း အကြမ်းဖက်မှုတွေကို ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်က အသက် ၁၇ နှစ်ကနေ ၃၁ နှစ်အကြား လူငယ် ကိုးဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

သူတို့တွေကို ရန်ကုန်မြို့ ရေကျော်ဈေးအနီးက အမျိုးသမီးတစ်ဦးကို သတ်ဖြတ်မှုအပါအဝင် ဒေါပုံနဲ့ လှိုင်မြို့ နယ်တွေမှာ ဖောက်ခွဲရေးတွေလုပ်ခဲ့တယ်ဆိုပြီး စစ်တပ်က လူသတ်မှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ တွေနဲ့ စစ်တပ်က စွပ်စွဲထားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

တက္ကသိုလ်ကျောင်းသားဟောင်းများ အင်အားစုက ကိုနန်းလင်း ကတော့ ဒါတွေဟာ စစ်ကောင်စီက အငြိုးတကြီးနဲ့ လုပ်ဆောင်နေတာလို့ ပြောပါတယ်။

" စစ်ကောင်စီရဲ့ လက်ပါးစေတွေပေါ့နော်။ ဒေါက်တိုင်တွေ လုံခြုံရေး ယန္တရား၊ ထောက်လှမ်းရေး ယန္တရားမှာ ဆောင်ရွက်နေတဲ့သူတွေက လူငယ်တွေကို တော်တော့ကို အငြိုးတကြီးနဲ့ ဖမ်းဆီးတာတွေ နှိပ်စက်တာတွေ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ ရအောင်။ မိန်းကလေးတွေဆိုရင်လည်း လိင်ပိုင်းဆိုင်ရာ ထိပါး စော်ကားတဲ့ ဟာတွေ။ တကယ့်ကို ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော်တို့ လူငယ်တွေက ဒီလိုအခင်းအကျင်းကို လွန် ခဲ့သော လကျော်ကျော်က စိတ်ကူးထားမှုကို မရှိဘူး။ သူတို့ဟာ စစ်ကြောရေးမှာ သေဆုံးလိမ့်မယ်။ စစ် ကြောရေးမှာ တကယ့်ကို ပြင်းထန်တဲ့ စကားလုံးတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေ ပြင်းထန် တဲ့ နှိပ်စက်မှုတွေ ကြုံရလိမ့်မယ်လို့ သူတို့ မတွေးထားဘူး "

စစ်ကောင်စီအနေနဲ့ သူတို့အပေါ် ဆန့်ကျင်သူတွေကို အခုလို ပြင်းပြင်းထန်ထန် နှိပ်ကွက်ပြလိုက်ရင် လူငယ် တွေဟာ တုန်လှုပ်သွားပြီး တော်လှန်ရေးမှာပါဖို့ ကြောက်သွားမယ်လို့ စစ်တပ်ဘက်က မျှော်လင့်ထားပုံရတယ် လို့လည်း ကိုနန်းလင်းက ပြောပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ လူငယ်တွေဟာ စစ်ကောင်စီကို ဆက်လက်တော်လှန်ဖို့ တွန်းအားဖြစ်လာတယ်လို့လည်း သူကဆိုပါတယ်။

တစ်ချိန်က စာသင်ခန်းတွေမှာရှိနေခဲ့တဲ့ လူငယ်တွေဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အသက်ကိုစွန့်ပြီး လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လာကြသလို အာဏာသိမ်းစစ်ကောင်စီကို နည်းလမ်းအမျိုးမျိုးနဲ့ ဆန့်ကျင်နေကြဆဲဖြစ်တယ်လို့ လူငယ်တွေက ပြောပါတယ်။

"ရှေ့နေလည်းလိုက်ခွင့်မရှိဘူးတဲ့။အယူခံလည်းဝင်ခွင့်မရှိဘူးတဲ့"

စစ်ကောင်းစီဘက်ကလည်း အဲဒီလူငယ်တွေကို ပစ်မှတ်ထားပြီး သတ်ဖြတ်မှုတွေ အပါအဝင် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေရတဲ့အထိ ဆက်ပြီးပြုလုပ်နေဆဲလို့လည်းဆိုပါတယ်။

စစ်ကြောရေးစခန်းတွေနဲ့ တိုက်ပွဲတွေထဲ ကျဆုံးသွားသူတွေရှိနေပေမယ့်လည်း သူတို့ရဲ့တော်လှန်မှုတွေက မှေးမှိန်မသွားဘူးလို့လည်း လူငယ်တွေက ပြောပါတယ်။

ဒါတွေဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်တွေအဖြစ် ထောက်ပြတာတွေ ရှိပေမယ့် စစ်ကောင်စီဘက်ကတော့ လက်မခံပါဘူး။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ NLD ရဲ့ မဲမသမာမှုလုပ်ရပ်တွေကြောင့် ဖြစ်ပေါ်လာရတာလို့ တုံ့ပြန်ပါတယ်။

" လူငယ်တွေကို ဘာကြောင့် အသုံးချနေတာလဲဆိုတော့ လူငယ်တွေဆိုတာ အသုံးချရလွယ်တယ်လေ။ အသုံးချရတာလွယ် လို့ ဒါအသုံးချနေတယ်လို့ပဲ ကျနော်တို့ မြင်ပါတယ်။ အဓိကကတော့ ဒီလူငယ်ဆို တဲ့ လူတွေသည် သူတို့သည် အရိုးခံစိတ်ထား ရှိပြီး ဖြစ်တယ်။ သူတို့ရဲ့ သွေးကြွလွယ်တယ်။ ဒါတွေကို အခြေခံ အသုံးချပြီးတော့မှ ချောက်တွန်းနေခြင်း ဖြစ်တယ်။ အဲဒီမှာ ကျနော် ပြောချင်တာကတော့ လမ်းမှား ရောက်သွားတဲ့ လူငယ်တွေ အနေနဲ့လည်း ဒါတွေကို ပြန်လည်ပြီးတော့မှ ဆင်ခြင်သင့်တယ်လို့ ကျနော် ပြောချင်ပါတယ် "

ygn-protest.jpg
(စစ်ကောင်စီကို ရန်ကုန်မြို့မှာ လူငယ်တွေ ၂၀၂၁ နိုဝင်ဘာ ၆ ရက်နေ့က ဆန္ဒပြစဥ်)

ရန်ကုန်မြို့ အထက်တန်းရှေ့နေ ဒေါက်တာ ဖိုးဖြူ ကတော့ လက်ရှိအမှုဖြစ်စဉ်တွေမှာ ပါဝင်ခဲ့တဲ့လူငယ်တွေ ထဲမှာ အသက် ၁၈ နှစ် မပြည့်သေးတဲ့ကလေးတွေပါ ပါပြီး အများစုဟာ ဥပဒေရဲ့ အကာအကွယ်မရကြဘူးလို့ ပြောပါတယ်။

" ကျနော်တို့ ကြုံတွေ့ရတဲ့ ကလေးတွေဆိုရင် ၁၅ နှစ်အရွယ် သမီးလေးတစ်ယောက်တောင် တွေ့ရတယ်။ ကျောင်းတက် နေဆဲ သမီးလေးပေါ့နော်။ နောက်တစ်ခါ ၁၇ နှစ်အရွယ် ကလေးတစ်ယောက်ဆိုရင်လည်း ကျောင်းတက်နေဆဲ တန်း အရွယ်၊ ၁၀ တန်းအရွယ် ကျောင်းသူကျောင်းသားတွေ ဖြစ်နေတာကို တွေ့ ရ တယ်။ ဆိုတော့ ဒီအခြေအနေ ဒီအခင်း အကျင်းမှာ ကျောင်းမှာပဲ အေးဆေးချမ်းချမ်း ပညာသင်ရမယ့် ကလေးတွေက နိုင်ငံရေးမှာ အရမ်း စိတ်ပါဝင်စားပြီးတော့ ပြုပြင်ပြောင်းလဲရေးမှာ ဒီမိုကရေစီ လမ်းကြောင်း ပေါ် ကြိုးစားအားထုတ်တဲ့ အခြေအနေမှာ သူတို့ရဲ့ စိတ်ပါဝင်စားမှုက အရမ်း မြင့်မားလာတယ်ခင်ဗျ "

ဖမ်းဆီးခံရတဲ့ တချို့လူငယ်တွေဟာ မိသားစုနဲ့လည်း ဆက်သွယ်ခွင့်မရကြသလို ရှေ့နေနဲ့ တိုင်ပင်ဆွေးနွေးခွင့်၊ စကားပြောခွင့်လည်း မရကြဘူးလို့ သူကပြောပါတယ်။

လူငယ်တွေဟာ ၂၀၁၀ ရွေးကောက်ပွဲပြီးနောက်ပိုင်း သူတို့မှာ အခွင့်အလမ်းတွေ အိမ်မက်တွေနဲ့အတူ အနာဂတ်ကိုယ်စီနဲ့ ရှင်သန်နေခဲ့ကြရာကနေ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ဖြစ်စဉ်ကြောင့် သူတို့ရဲ့ အနာဂတ်တွေ ပျောက်သွားခဲ့ရတယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မနေ့က ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူပေါင်း ၇၂၉၁ ဦးရှိခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးသူငယ်နှစ်ဦး အပါအဝင် လူပေါင်း ၆၅ ဦးကတော့ သေဒဏ်ချမှတ် ခံထားရပါတယ်။

ဒါ့အပြင် လူပေါင်း ၁၉၅၄ ဦးဟာလည်း ဖမ်းဝရမ်းထုတ်ခံထားရလို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။