စစ်ကောင်စီကို အပြီးတိုင်ချေမှုန်းမယ်လို့ TNLA ပြော
2025.01.13

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က တော်လှန်ရေးအောင်မြင်မှုကို ရေရှည်ထိန်းသိမ်း ဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို အပြီးတိုင်ချေမှုန်း တော်လှန်သွားမယ်လို့ ဇန်နဝါရီလ ၁၂ ရက်နေ့ကကျရောက်တဲ့ ၆၂ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ ထုတ်ပြန် ကြေညာပါတယ်။
တစ်နိုင်ငံလုံး စစ်အာဏာရှင်စနစ်ကနေ လွတ်မြောက်ရေးဆိုတဲ့ TNLA ရဲ့ ရည်မှန်းချက်အတိုင်း ထုတ်ပြန်တာလို့ TNLA ပြောခွင့်ရ လွေးယေဦးက RFA ကို ပြောပါတယ်။
“ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့ ကျွန်မတို့ရဲ့ တော်လှန်ရေးကို ထပ်မံပြီးတော့မှ တော်လှန်ရေးပန်းတိုင် ရောက်ရှိအောင် ထပ်မံပြီး ကြိုးပမ်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ တအာင်းဒေသမှာ စစ်ကောင်စီ အာဏာရှင် စနစ်က ကင်းစင်သွားပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ စစ်အာဏာရှင်စနစ်က ဆက်ပြီးတော့ အုပ်ချုပ်ခွင့်ရှိနေတယ်။ အာဏာရှင်က ဆက်ပြီး အာဏာရနေသေးတာဖြစ်တဲ့အတွက် ကျွန်မတို့ရဲ့ တော်လှန်ရေး ပန်းတိုင်ဖြစ်တဲ့ အာဏာရှင်စနစ် ချေမှုန်းရေးဖြစ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်မှာဖြစ်ပါတယ်”
TNLA အနေနဲ့ ဒေသခံပြည်သူ လူထုလုံခြုံရေးအတွက် စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲကိုတော့ ဆက်လက်ကိုင်စွဲထားဆဲပဲလို့လည်း လွေးယေဦးက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
တော်လှန်ရေးအရှိန်မြှင့်ပြီး အောင်ပွဲယူဖို့အချိန်ကောင်းဖြစ်ကြောင်း TNLA ပြော
ထိရောက်တဲ့ တွေ့ဆုံဆွေးနွေးရေး မဖြစ်သေးကြောင်း တိုင်းရင်းသားအဖွဲ့တွေ ပြော
စစ်ရေးအရှိန်မြှင့်မှာကြောင့် ဘေးကင်းလုံခြုံရေးအစီအမံတွေကို လိုက်နာဖို့ TNLA ဥက္ကဋ္ဌ သတိပေး
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တာအိုက်ဘုန်းကလည်း အခုနှစ်အတွင်း မြေပြန့်နဲ့ ဆက်စပ်ဒေသတွေမှာ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ရေး အရှိန်မြှင့်သွားဖို့ ရှိတယ်လို့ ၆၂ နှစ်မြောက် တအာင်းအမျိုး သားတော်လှန်ရေးနေ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်တွင်း အောင်ပွဲတွေဆင်နိုင်ခဲ့ပြီး တော်လှန်ရေးအောင်မြင်မှုရောင်ခြည်သန်းလာခဲ့သလို ၂၀၂၅ ခုနှစ်မှာလည်း စစ်အာဏာရှင်ဖြိုချနိုင်ဖို့ စည်းလုံးညီညွတ်အားနဲ့ တော်လှန်ရေးတာဝန်တွေကို ဆက်လက်ကြိုးပမ်းသွားကြ ဖို့လည်း သူက ပြောပါတယ်။
"အာဏာရှင်က ဆက်ပြီး အာဏာရနေသေးတာဖြစ်တဲ့အတွက် ကျွန်မတို့ရဲ့ တော်လှန်ရေးပန်းတိုင်ဖြစ်တဲ့ အာဏာရှင်စနစ် ချေမှုန်းရေးဖြစ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်မှာဖြစ်ပါတယ်”
TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း မန္တလေးတိုင်း မိုးကုတ်မြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ပေါင်း ၁၁ မြို့ကို သိမ်းပိုက်ထားတာပါ။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီတပ်နဲ့ အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
ဒါပေမဲ့ စစ်ကောင်စီတပ်က အချိန်မရွေး ပြန်လည်တိုက်ခိုက်လာနိုင်တာကြောင့် TNLA ဘက်က ကြေညာချက် ထုတ်ပြန်လာတာဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇော က သုံးသပ်ပါတယ်။
“သူက ငြိမ်းချမ်းရေးစကား ပြောတယ်ဆိုတာ တရုတ်က ဖိအားပေးလို့ပြောရတာ။ ဒါပေမဲ့ ကိုယ်တစ်ဖက်တည်း ငြိမ်းချမ်းချင်လို့ဖြစ်တာမှာ မဟုတ်ဘဲ။ ဒါကြောင့် သူက နှစ်ဖက်ပြောထား ရတာ။ သူတို့ပြောတဲ့အထဲမှာလည်း ပါပြီးသား သူတို့တစ်နေရာလေးပဲ လွတ်မြောက်ချင်လို့မဖြစ်ဘူး။ ဒီစစ်အာဏာရှင်စနစ် ပြုတ်မှ ဖြစ်မှာ နို့မိုဆိုရင် သူတို့က ပြန်စုစည်းပြီး ပြန်တိုက်လာမှာ (န.ဝ.တ) တို့ (န.အ.ဖ) တို့တုန်းက ဒီလိုပဲလုပ်တာပဲလေ။ တစ်နေရာကို ငြိမ်းချမ်းရေးလုပ်ထား ပြီးတော့ကျန်တဲ့ နေရာကို ပြန်လာတိုက်ဆိုတော့ သူတို့ကြုံဖူးထားပြီလေ။ ဒါကြောင့်မို့ ဒီစကားပြောတာ”
TNLA ထုတ်ပြန်ချက်မှာ တော်လှန်ရေးအင်အားစုတွေနဲ့ပါ ပူးပေါင်းမဲ့အကြောင်း ပါရှိတာကြောင့် မန္တလေး၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ် တောင်ပိုင်းတွေမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ CDM စစ်တပ်အရာရှိ ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။
“နိုင်ငံရေးဆွေးနွေးရတာမျိုးက သတ်သတ်ဖြစ်မယ်ဆိုရင်တောင်မှ ဒီစစ်တပ်ကို အပြီးသတ်တော်လှန်ရေး အင်အားစုတွေနဲ့ အတူတူပေါ့နော် ဝိုင်းပြီးတော့တိုက်မှ နိုင်မယ်ဆိုတာကို ဒဲ့ပြောလိုက်တာ။ ဒါကြောင့် ရှမ်း မြောက်၊ ရှမ်းတောင်၊ စစ်ကိုင်း၊ မန္တလေး တော်လှန်ရေးအင်အားစုတွေ အားကောင်းလာမဲ့ အနေအထားမျိုး အောင်ပွဲတွေ ဆက်တိုက်ရလာမဲ့အနေအထားမျိုးလို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ တိုင်းရင်းသားတွေက ဆိုခဲစေမြဲစေ ပြောခဲပါတယ်။ ပြောပြီးရင်လည်း ပြောတဲ့အတိုင်းဖြစ်အောင် လုပ်တဲ့အနေအထားရှိပါတယ်ဗျ”
TNLA ရဲ့ ထုတ်ပြန်ချက်ကြောင့် စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်းကို လေကြောင်းကနေပိုပြီး တိုက်ခိုက်လာမလားဆိုတဲ့ စိုးရိမ်ရတယ်လို့ လားရှိုးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“စိုးရိမ်မှုကတော့ ရှိပါတယ်။ ဒေသခံတွေအနေနဲ့က အာဏာသိမ်းပြီးကတည်းက ဗုံးကြဲတာတွေ တိုက်ပွဲဖြစ်တာတွေက ဒေသခံတွေအတွက်ကတော့ မထူးတော့ပါဘူး။ ခဏခဏဖြစ်လိုက် ပြန်ကြဲလိုက် ပြန်တိုက်လိုက်နဲ့ စိုးရိမ်တာပေါ့ဗျာ လူသားတွေပဲ အဆုံးထိ ငြိမ်းချမ်းမှာပဲ။ ကြိတ်မှိတ်ပြီး ခံရုံကလွဲလို့ ဘာမှ မတတ်နိုင်ဘူး။ တားလို့လည်းရမှာ မဟုတ်ဘူး”
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ တရုတ်ခရီးစဉ်အပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့ စစ်ကောင်စီဘက်က မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုနေတာပါ။
မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေကလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ အသီးသီးထုတ်ပြန်ထားကြပါတယ်။ ဒါပေမဲ့ ဒီနေ့အထိ နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်တာ မရှိသေးဘူးလို့ TNLA ပြောခွင့်ရသူ လွေးယေဦးက ပြောပါ တယ်။
ဒီလို အခြေအနေမှာပဲ စစ်ကောင်စီကို တိုက်ခိုက်မယ်ဆိုပြီးပြောဆိုလာတာဟာ TNLA အနေနဲ့ သူ့တပ်ဖွဲ့ တွေကို ပြန်စည်းရုံးဖို့ပဲဖြစ်နိုင်တယ်လို့ စစ်တပ်အရာရှိဟောင်း နိုင်ငံရေးလေ့လာသူ တစ်ဦးက သုံးသပ်ပါတယ်။
“လက်ရှိအနေအထားမှာ တပ်က အခုထိက ခံနေရတဲ့ သဘောရှိတာပေါ့နော်။ ဒါပေမဲ့ တစ်ချိန်ချိန်မှာက ဗမာတွေ နိုင်ငံရေးအရ သွေးစည်းသွားပြီဆိုရင် သူတို့ ပြန်ခံရမယ်ဆိုတာကို သူတို့ သိထားတယ်လေ။ တစ်ဖက်ကလည်း သူ့လူတွေကို မြှောက်ပေးခဲ့တာရှိတယ်လေ။ သူတို့က လွန်သွားပြီကိုး။ မတိုက်ဘူးဆိုရင် သူတို့အတွင်းထဲမှာ စည်းရုံးမှုကို ထိခိုက်နိုင်တယ် ဒါကတစ်ပိုင်းပေါ့။ ဒီဘက်က ဘယ်လောက်အတိုင်းအတာနဲ့ တုံ့ပြန်လာမယ် ဆိုတာကိုလည်း သူတို့ မခန့်မှန်းနိုင်ဘူး။ ရေရှည်မှာတော့ ရှုံးဖို့ပဲရှိတယ်။ သူ့မှာ စီးပွားရေး အရင်းအမြစ်မှ မရှိတာ။ ဒါကြောင့်မို့ စကားကို နှစ်ခွပြောတာပေါ့နော်”
TNLA ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
မနေ့က ကျရောက်တဲ့ ၆၂ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့အတွက် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ မန္တလေးတိုင်း PDF၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ဓနုအမျိုးသား လွတ်မြောက်ရေးတပ်ဦး (DPLA) တပ်ဖွဲ့တွေက သဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။
TNLA ရဲ့ မဟာမိတ်တွေဖြစ်တဲ့ အာရက္ခတပ်တော် (AA) နဲ့ ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့တွေကလည်း TNLA ရဲ့ ရည်မှန်းချက်တွေ အောင်မြင်အောင်ကူညီမယ်လို့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
လက်ရှိမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာနဲ့ အုမ္မသီကျေးရွာတွေအနီးမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။
မန္တလေးတိုင်း မိုးကုတ်မြို့နယ်နဲ့ တွင်းငယ်ဒေသမှာလည်း မိုးကုတ်မြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တွေနဲ့ တိုက်ပွဲတွေ မကြာခဏဖြစ်နေတာပါ။
နောင်ချို နဲ့ မန္တလေးတိုင်းအတွင်း တိုက်ပွဲတွေမှာ TNLA နဲ့ အတူ ဓနုအမျိုးသားလွတ်မြောက်ရေးတပ်ဦး (DPLA)၊ မန္တလေးတိုင်း PDF နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပူးပေါင်းပါဝင်တိုက်ခိုက်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။