ကောလင်းကို ပြန်သိမ်းဖို့ စစ်ကောင်စီ အပြင်းအထန် ကြိုးစားနေ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သိမ်းယူထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သိမ်းယူထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့။ (Kawlin People Defense Force - KLPDF)

အမျိုးသားညီညွတ်ရေးအစိုးရ NUG သိမ်းယူထားတဲ့ ကောလင်းမြို့ကို ပြန်သိမ်းနိုင်ဖို့အတွက် စစ်ကောင်စီက ဖေဖော်ဝါရီ ၃ ရက်ကစလို့ အင်အားရှစ်ရာခန့်ကို အသုံးပြု၊ စစ်ကြောင်း လေးကြောင်းခွဲပြီး ပိတ်ဆို့တိုက်ခိုက် နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကောလင်းမြို့ရဲ့တောင်ဘက် ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ရွာကနေ အင်အား တစ်ရာခန့်စီ လိုက်ပါလာတဲ့ စစ်ကြောင်း နှစ်ကြောင်း၊ မြောက်ဘက် ဝန်းသိုမြို့ကနေ အလားတူ စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ပူးညှပ် တိုက်ခိုက်လာတာကြောင့် ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။

အခက်အခဲကြားကပဲ ဒီနေ့အထိတော့ မြိုကိုထိန်းထားနိုင်ဆဲပဲလို့ ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“စကစ စစ်ကြောင်းက ကောလင်းကို မဖြစ်မနေ ရအောင်ယူချင်တဲ့လက္ခဏာ တွေ့ရတယ်။ ဆိုတော့ ပြင်းထန်တယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ဒီဘက်ကလည်း ကောင်းမွန်စွာ ပြင်ဆင်ခုခံထားနိုင်ဆဲပါ“

စစ်ကောင်စီတပ်ဟာ မြေပြင်ကနေ အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့တိုက်ခိုက်နေသလို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှု၊ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်မှုတွေပါ လုပ်နေတယ်လို့ သူက ပြောပါတယ်။

"လက်ရှိအချိန်အထိတော့ ကောလင်းမြို့ကို ကျွန်တော်တို့ ထိန်းထားနိုင်ဆဲ ဖြစ်တယ်"

ဖေဖော်ဝါရီ ၃ ရက်နေ့ကစလို့ ကောလင်းမြို့အနောက်ဘက် ဆီဆုံရွာနဲ့ ညောင်ပင်သာရွာအနီးမှာ တိုက်ပွဲပြင်းထန် ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ခဲယမ်းနဲ့ အင်အားထပ်ဖြည့်နေတယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၆ ရက် ဒီနေ့မှာတော့ ညောင်ပင်သာရွာအနီးမှာ တိုက်ပွဲထပ်ဖြစ်ခဲ့ပြီး ဝန်းသိုမြို့ပေါ်ကနေလည်း လက်နက်ကြီးနဲ့ ငါးကြိမ် ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဇန်နဝါရီလကတည်းက ဝန်းသိုမြို့က ခြေမြန်တပ်ရင်း ခမရ (၁၁၁)၊ ခမရ (၁၂၀) နဲ့ ကန့်ဘလူမြို့အခြေစိုက် အမှတ် (၆၀၀၆) အမြောက်တပ်နဲ့ ကိုးတောင်ဘို့ရွာမှာ တပ်စွဲထားတဲ့ ခမရ (၃၆၇) တပ်ရင်းတို့မှာ စစ်အင်အားတိုးချဲ့ပြီး ကောလင်းမြို့ကို ပြန်သိမ်းယူဖို့ တစ်လကြာ ကြိုတင်ပြင်ဆင်နေခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတချို့က ပြောပါတယ်။

ကောလင်းဒေသခံတွေကတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက မြို့ကိုစွန့်ခွာသွားပြီလို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကောလင်းကို ကြိုတိုက်မယ်လို့ တစ်ပတ်လောက်ကြိုပြီး သတင်းရထားလို့ မြို့နေလူထု အကုန်လုံးကို တိမ်းရှောင်ခိုင်းထားတယ်။ အဆက်အသွယ်တွေကလည်း ခက်နေတာ။ ဒီဘက်မှာ ဖုန်းတွေက ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတော့ အခုဟာက ကောလင်းကို လေယာဉ်နဲ့ချတဲ့ စစ်ကြောင်းက ကောလင်းနားကို ဝင်ပြီးတိုက်နေပြီ။ အားလုံးက ကြောက်နေရတာပေါ့။ တောင်ဘက်က ဖြစ်လိုက်၊ မြောက်ဘက်က ဖြစ်လိုက်နဲ့ ပေါ့။ ကုန်းကြောင်းလည်း ကြောက်ရသလို လေကြောင်းလည်း ကြောက်နေရတယ်။ ဖုန်းလိုင်းတွေ အဆက်အသွယ်မရတော့ ပိုပြီးစိုးရိမ်ရတာပေါ့။ ပိုပြီးကြောက်ရတာပေါ့၊ အဲဒါလေးလည်း အဆင်ပြေစေချင်ပါတယ်“

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးရန်ကို စိုးရိမ်တာကြောင့် ဒေသခံ ငါးသောင်းနီးပါး ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်ခဲ့ကြပြီး မြို့အဝင်အထွက်ဂိတ်ကိုလည်း ကာကွယ်ရေးတပ်ဘက်က ပိတ်ထားလိုက်ပြီလို့ သူက ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Kawlin Revolution-KR)
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Kawlin Revolution-KR)

စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ကောလင်းဟာ စစ်ရေးအရရော စီးပွားရေးအရပါ အရေးပါတာကြောင့် စစ်ကောင်စီက ကောလင်းကို ပြန်သိမ်းနိုင်ဖို့ ထိုးစစ်ဆင်နေတာလို့ စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ စစ်ရေး၊ နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောပါတယ်။

"ကောလင်းမြို့ကို အုပ်ချုပ်ရေးပေါ့ တိုက်ခိုက်သိမ်းပိုက်ဖို့ဆိုတာက ခဲယဉ်းတဲ့အရာ မဟုတ်ပါဘူး။ နယ်မြေကို အေးချမ်းဖို့ဆိုတာကတော့ အဆင့်ဆင့် လုပ်ရဦးမှာပေါ့လေ။ မြို့သိမ်းဖို့ဆိုတာကတော့ ခက်တဲ့ကိစ္စ မဟုတ်ဘူး။ ကောလင်းကတော့ ကျွန်တော်တို့ရဲ့ အတွင်းပိုင်းနေရာပေါ့၊ အတွင်းပိုင်းနေရာဆိုတော့ လုံခြုံမှုဆိုတာကတော့ စစ်သဘောတရားအရ အရင်လုပ်ဦးမှာပေါ့။ ဒီသဘောပေါ့။ ကောလင်းက စပါးလည်း တော်တော် ထွက်တယ်လေ။ ရိက္ခာဘာညာအတွက်က အဲဒီဘက်မှာ ကောလင်းက အဓိကပဲ။ ကောလင်းက ဆန်က မန္တလေးအထိ ပို့တာ။ ကောလင်းကို သိမ်းပိုက်နိုင်ဖို့က အတိုင်းအတာတစ်ရပ်အထိ အရေးကြီးတယ်လို့ ပြောရမှာပဲ"

လက်လွတ်ခဲ့တဲ့ တပ်စခန်းနဲ့ မြို့တွေကိုလည်း စစ်ကောင်စီတပ်က ဗျူဟာအပြောင်းလဲနဲ့ ပြန်လည်သိမ်းယူနိုင်လိမ့်မယ်လို့လည်း သူက ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ထိုးစစ်ကို ဟန်ချက်ညီညီ ဆက်လုပ်နေဖို့ အရေးကြီးတယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် က ပြောပါတယ်။

"လက်ရှိအချိန်အထိတော့ ကောလင်းမြို့ကို ကျွန်တော်တို့ ထိန်းထားနိုင်ဆဲ ဖြစ်တယ်။ အကြမ်းဖက်စစ်အုပ်စုဘက်ကတော့ တပ်အင်အားတွေဖြည့်ပြီးတော့ စစ်ကြောင်းများစွာ ထိုးနေတာရှိတယ်။ နိုင်မယ်လို့ထင်တဲ့နေရာ ကို ဖိထိုးတဲ့သဘောလို့ ကျွန်တော်တို့ ဒီလိုပဲနားလည်တယ်။ တစ်နေရာမှာ စစ်နားပြီဆိုတာနဲ့ အဲဒီနေရာက တပ်တွေကို တချို့သော အစိတ်အပိုင်းတွေ ထုတ်နုတ်ပြီးတော့ အခြားသောနေရာကို ဖြည့်တင်းတာမျိုးတွေ လုပ်လေ့လုပ်ထလည်း ရှိတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ပွဲဖော်ဆောင်ဖို့ ကြိုးစားကြတဲ့ အနေအထား ရှိပါတယ်။ တချို့နေရာတွေ ရပ်သွားပြီးတော့ တချို့နေရာတွေ ကျန်မယ်ဆိုရင် ဒီလိုကိစ္စတွေ ဆက်ရှိနေမှာဖြစ်လို့ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ဟန်ချက်ညီညီ ထိုးစစ်တွေ ရပ်မသွားဖို့ ဆက်လက်ဆောင်ရွက်ဖို့ အရေးကြီးပါလိမ့်မယ်"

စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းထဲက ရွှေပြည်အေးမြို့ကိုလည်း ဇန်နဝါရီ ၁၃ ရက်နေ့ကစပြီး ထိုးစစ်ဆင် တိုက်ခိုက်နေပေမယ့် လက်ရှိအချိန်ထိ ပြန်သိမ်းနိုင်တာ မရှိသေးပါဘူး။

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီတိုက်ခိုက်ပြီး စစ်ကိုင်းတိုင်းထဲက ကောလင်း၊ ခါမ်းပါတ်၊ ရွှေပြည်အေး၊ မော်လူးမြို့တွေကို ကာကွယ်ရေးတပ်တွေက တိုက်ခိုက်သိမ်းယူထားတာပါ။