ကန့်ကွက်မှုတွေရှိနေတဲ့ ဒီးမော့ဆို ဘိလပ်မြေစီမံကိန်းကို ကွင်းဆင်းစစ်ဆေးနေ

စိုးစိုးထက်
2021-01-11
Share

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ တစ်နေ့ တန်လေးထောင်ထုတ်မယ့် ဘိလပ်မြေစက်ရုံ တည်ဆောက်မယ့် စီမံကိန်းကို ဒေသခံတွေက သဘာဝပတ်ဝန်းကျင် ထိခိုက်မှာကို စိုးရိမ်ပြီး ကန့်ကွက် နေပေမယ့်လည်း ဌာနဆိုင်ရာတွေက ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။

ဒီးမော့ဆိုမြို့နယ်က ဝါသောခိုကျေးရွာအနီးမှာ တစ်နေ့ တန်လေးထောင်ထွက်မယ့် ဘိလပ်မြေစက်ရုံဆောက်ဖို့ ပုဂ္ဂလိက ကုမ္ပဏီကို အစိုးရက ခွင့်ပြုထားပါတယ်။ အကြီးစား စီမံကိန်းဖြစ်တာကြောင့် သဘာဝပတ်ဝန်းကျင် တောတောင်တွေ ပျက်စီးသွားမှာနဲ့ ပွင့်လင်းမြင်သာမှု မရှိတာကို စိုးရိမ်ပြီး ဒေသခံတွေနဲ့ ပြည်နယ် အခြေစိုက်ပါတီက လွှတ်တော်ကိုယ်စားလှယ် တချို့က ကန့်ကွက်နေပါတယ်။

မြို့တမြို့နီးပါးလောက်ရှိမယ့် ဘိလပ်မြေစက်ရုံ ဆောက်မယ်ဆိုရင် ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်တယ်လို့ ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက ဦးဒီးဒီက ပြောပါတယ်။

"စက်ရုံရဲ့ အကြမ်းဖျင်းဆွဲထားတဲ့ပုံလည်း တွေ့ဖူးတယ်။ ကုမ္ပဏီကိုယ်တိုင် လာရှင်းပြတော့ သူ့ဟာ မြို့တစ်မြို့နီးပါးစာလောက် ရှိတယ်။ ဒါတော့ မဖြစ်နိုင်ဘူးပေါ့နော် ကျနော် ကတော့ ဆောက်မယ်ဆိုရင် လျှော့ချတာမျိုး၊ နောက်ဆောက်ပြီးလို့ ဖြစ်လာမယ့် ဆိုးကျိုးတွေကို ဘယ်လို ကာကွယ်၊ ကုစား၊ ထိန်းချုပ်မလဲဆိုတဲ့ အာမခံချက်ရှိတဲ့ တကယ်ဥပဒေအရရော လက်တွေ့အရရော အာမခံချက်ရှိတဲ့ ကတိတွေ စာချုပ်တွေ အစီအစဉ်တွေကို ပြည်သူတွေ အရင်ဆုံးချပြသင့်တယ်။"

ကန့်ကွက်မှုတွေရှိပေမယ့် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်တွေက စီမံကိန်း အခြေအနေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

ဌာနဆိုင်ရာတွေက ကွင်းဆင်းစစ်ဆေးတာသာဖြစ်ပြီး စက်ရုံတည်ဆောက်ဖို့ မဟုတ်သေးဘူးလို့ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်မေမျိုးဇော်က ပြောပါတယ်။

"ဆောက်လုပ်ဖို့ အစီအစဉ်မရှိပါဘူးရှင့်။ ကုမ္ပဏီနဲ့တောင် ဆက်သွယ်လို့မရဘူး။ ဒါ ကျမရဲ့ လုပ်ငန်းစာရင်းထဲမှာ ပါလို့ ကျမလည်း တွေ့ပါတယ်။ တခြားနေရာတွေမှာ စာရင်းထဲမှာပါလို့ ကွင်းဆင်းပြီးတော့ ဒီတိုင်း သာမန်နေရာကိုသွားပြီးတော့ ဥပမာ မြေအသုံးပြုတာတွေ ဘာတွေလုပ်ထားလဲ ကုမ္ပဏီက ဘာတွေဆောင်ရွက်ထားလဲ သွားကြည့်တာ။"

ဝါသောခိုကျေးရွာအုပ်စု အနီးတဝိုက်မှာ ဘိလပ်မြေစက်ရုံဆောက်ဖို့ ၂၄၃ ဧကနဲ့ ထုံးကျောက် စမ်းသပ် တိုင်းထွာဖို့ မြေနေရာ ၁၆၀၄ ဧကကို အသုံးပြုခွင့် ညီညာစွမ်းအား လုပ်ငန်းစု ကုမ္ပဏီလီမိတက်က ပြည်နယ်အစိုးရကို ၂၀၁၈ ခုနှစ်က အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်ထဲက ဝါသောခိုကျေးရွာအုပ်စုမှာပါတဲ့ ကျေးရွာ ၂၀ က အိမ်ထောင်ဦးစီးတွေက ကန့်ကွက်တဲ့ လက်မှတ်ထိုးပြီး သက်ဆိုင်ရာဌာနတွေကို တင်ပြထားတယ်လို့ ဦးစောအယ်ထူးက ပြောပါတယ်။

"ဘယ်လိုကန့်ကွက်ခဲ့လဲဆိုရင် ကျနော်တို့ စာနဲ့ပေါ့။ ကျနော်တို့ ကျေးရွာတစ်ရွာချင်းမှာရှိနေတဲ့ အိမ်ထောင်ဦးစီးတွေ ဒီဘိလပ်မြေစက်ရုံနဲ့ပတ်သက်ရင် သဘောတူမယ်ဆိုရင်တော့ လက်မှတ်မထိုးနဲ့ သဘောမတူဘူးဆိုရင် ထိုးပေးပါဆိုတော့ ကျနော်တို့ ကျေးရွာရော၊ ကျနော်တို့အုပ်စုတွေရော၊ အခြားအုပ်စုတွေရော ဒီလိုမျိုးပြောကြတယ်။ နောက် တရားဝင်ကန့်ကွက်စာတွေလည်း ကျနော်တို့ မြို့နယ်သစ်တောမှာရော တင်ပြခဲ့တာပေါ့နော်။ သက်ဆိုင်ရာဌာနတွေ ကန့်ကွက်စာတွေ တင်ခဲ့တာပေါ့ နော်။"

ကန့်ကွက်ခံနေရတဲ့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေကို ကုမ္ပဏီနဲ့ အစိုးရက ဒီနေ့အချိန်ထိ တွေ့ဆုံဆွေးနွေးတာ မရှိသေးဘူးလို့ ပြောကြပါတယ်။

ဘိလပ်မြေစက်ရုံ တည်ဆောက်မယ့်နေရာနဲ့ ၃ မိုင်လောက်အကွာမှာရှိတဲ့ ဝါသောခိုရွာသစ်ကျေးရွာ ရပ်မိရပ်ဖ ဦးစောနေဗလုထူဒိုက စီမံကိန်းတွေ အကောင်အထည်ဖော်မယ်ဆိုရင် ဒေသခံ ပြည်သူတွေရဲ့ အသံကို နားထောင်ဖို့ တောင်းဆိုပါတယ်။

"ခုက သဘောမတူဘူးဆိုတာက ကွက်ကွက်ကွင်းကွင်းမြင်ထားပြီပဲ။ ဒါပေမဲ့ ဆက်ဖြစ်နေသေးတယ် ဆိုတော့ ကျနော်တို့ တော်တော်လေးခံစားရတာပေါ့။ ကျနော်တို့ လူထုအနေနဲ့။ အဲဒါကြောင့်မိုလို့ ဒီအပေါ်မှာလည်း ကျနော်တို့ လူထုကို ငဲ့ညှာသောအားဖြင့် တစ်ခုခုပြုလုပ်တော့မယ်ဆိုတာက အားသာချက်၊ အားနည်းချက် ဒီဟာတွေကစ ချပြ ပေးမယ်၊ ကွင်းဆင်းပေးမယ်ဆိုရင် ကျနော်တို့ လူထုအတွက် ပိုပြီးတော့ ကောင်းမယ်လို့ မျှော်လင့်တယ်။"

ဒီစီမံကိန်းကို ကန့်ကွက်နေတဲ့ ဒေသခံတွေကို တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ စီမံကိန်းလုပ်ပိုင်ခွင့်ရထားတဲ့ ညီညာစွမ်းအားလုပ်ငန်းစု ကုမ္ပဏီလီမိတက်က ညွှန်ကြားရေးမှူး အဖွဲ့ဝင် ဒေါ်မိမိခင်က ပြောပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့နဲ့ ၃ မိုင်လောက်သာဝေးတဲ့ ချိကယ်ကျေးရွာအုပ်စု ပကြဲကျေးရွာအနီးမှာ ဘိလပ်မြေစက်ရုံတည်ဆောက်ဖို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက် ၂၀၁၂ ခုနှစ် လောက်ကတည်းက အစိုးရက ခွင့်ပြုထားပြီး တည်ဆောက်ဖို့ လျာထားတဲ့စီမံကိန်းဖြစ်ပါတယ်။

အဲဒီအချိန်က ဒေသခံတွေ ကန့်ကွက်တာကြောင့် အကောင်အထည်မဖော်ခဲ့ဘဲ ဒီးမော့ဆိုမြို့နယ် ဝါသောခိုကျေးရွာအုပ်စုဘက်မှာ ရွှေ့ပြောင်းဆောက်ဖို့ ၂၀၁၈ ခုနှစ်မှာ ပြန်စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဘိလပ်မြေစက်ရုံ ဆောက်ဖို့ အမေရိကန် ဒေါ်လာ သန်း ၅၀ ကနေ သန်း ၆၀ လောက်ကုန်ကျနိုင်တဲ့ စီမံကိန်းဖြစ်ကြောင်း ညီညာစွမ်းအား လုပ်ငန်းစု ကုမ္ပဏီလီမိတက်က ပြောထားပါတယ်။

စီမံကိန်းဆောင်ရွက်မယ့်နေရာက ဒေသခံ ဌာနေတိုင်းရင်းသားတွေ တောင်သူလယ်သမားတွေ မှီခို အသုံးပြုနေတဲ့ တောင်ယာမြေတွေ၊ ရေထွက်ပေါက်တွေ ထုံးကျောက်တောင်တွေနဲ့ သစ်တောတွေလည်း ရှိနေပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု များနိုင်တာကြောင့် ဒေသခံတွေက ကန့်ကွက်နေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့