ALD ပါတီဝင် လုပ်ကြံခံရမှု တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေသလား


2018.12.26
khinthanmaung-ald-622.jpg သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီရဲ့ ဗဟိုကော်မတီဝင် ဦးခင်သန်းမောင် ကို တွေ့ရစဉ်
Photo: RFA
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးခင်သန်းမောင်ဟာ ဒီဇင်ဘာလ ၂ ရက်နေ့ ညပိုင်းက ရခိုင်ပြည်နယ် မြေပုံမြို့က သူ့နေအိမ်မှာပဲ သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်တာ ခံခဲ့ရပါတယ်။

ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးမှုနဲ့ လုံခြုံမှုမရှိတဲ့အနေအထားကို ရောက်နေပြီလို့ ALD ပါတီက ကြေညာချက်ထုတ်ပြန်သလို နီးစပ်သူအသိုင်းအဝိုင်းတို့ကလည်း အလားတူဝေဖန်ပြောဆိုကြပါတယ်။

RFA သတင်းထောက် ကိုကျော်သူက စုစည်းတင်ပြထားပါတယ်။
~~~~~~~~~~
ALD ပါတီဝင် လုပ်ကြံခံရမှု တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေသလား

(ကျော်သူ)

■ ဦးခင်သန်းမောင်ဟာ မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာမှာ မိသားစုဝင်တွေနဲ့နေထိုင်သူဖြစ်ပြီး အငြိမ်းစားကျောင်းဆရာ တစ်ဦးလည်း ဖြစ်ပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD ထူထောင်ရာမှာလည်း ပါဝင်ခဲ့သူဖြစ်ပြီး လက်ရှိဗဟိုကော်မတီဝင် တစ်ဦးလည်းဖြစ်ပါတယ်။

နိုင်ငံရေးသမားလည်းဖြစ် ကျောင်းဆရာဟောင်း တစ်ဦးဖြစ်တဲ့အတွက် အခုလိုလုပ်ကြံရလောက်တဲ့ ပြဿနာမျိုးတော့ သူ့မှာမရှိလောက်ဘူးလို့ သူနဲ့နီးစပ်သူတွေက ပြောကြပါတယ်။

ဒါပေမဲ့ RFA က အတည်မပြုနိုင်တဲ့ သတင်းတွေကတော့ တပ်မတော်ကိုသတင်းပေးတဲ့အတွက် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက လုပ်ကြံတာလို့ ခန့်မှန်းပြောဆိုတာတွေ ရှိပါတယ်။

နယ်မြေခံတပ်မတော်ဘက်ကို RFA က ဆက်သွယ်ဖို့ကြိုးပမ်းခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ မြောက်ဦးခရိုင်ရဲတပ်ဖွဲ့က ဒု-ရဲမှူး တင်မင်းဦးက လုပ်ကြံသွားသူဟာ အနီးနား ပတ်ဝန်းကျင်က မဖြစ်နိုင်ဘူးလို့တော့ အခုလို ပြောပါတယ်။

"ရဲလုပ်ငန်းအရတော့ လိုအပ်တဲ့ဟာအားလုံးကို စစ်တာပေါ့နော်၊ ဒါပေမဲ့ ထွက်ဆိုချက် အသေးစိတ်ဆိုတာက သူ့ရဲ့မိသားစုဆီကပဲရတယ်ဗျ၊ ကျန်တဲ့ထင်မြင်ယူဆချက်တွေက ဘာမှပြောလို့မရသေးဘူးဗျ ၊ လောလောဆယ်ရခိုင်ပြည်နယ်မှာ စစ်တောင်ဖြစ်နေပြီဆိုတော့ ဒီကားလမ်းမကြီးပေါ်မှာ သူတို့က သွားလာနေတော့ အပြည့်အဝ စစ်ဆေးလို့မရသေးတာလည်း ရှိတာပေါ့ဗျာ၊ ပုဏ္ဏားကျွန်းမှာလည်း တိုက်ပွဲတွေဖြစ်နေတာဆိုတော့ အဲဒီကဆက်နွယ်တဲ့ကိစ္စလို့ ထင်တာပဲ ၊ ဘယ်သူရယ်ဘယ်ဝါရယ်လို့ အတိအကျပြောလို့ မရသေးဘူးပေါ့၊ သူက လူမုန်းများတယ်ဗျ၊ သူတို့မိသားစုကလည်းပြောတာပဲ သူ့ကို နယ်ခံရပ်ကျေးန့ဲလည်း မတည့်ဘူး၊ ပါတီတွေမှာ တစ်သီးပုဂ္ဂလ ဝင်ပြိုင်တဲ့အနေအထားမှာ တစ်ခြားပါတီတွေနဲ့လည်း မတည့်ဘူးပေါ့၊ ခန့်မှန်းရခက်တာပေါ့ ဘယ်သူလုပ်သလဲဆိုတာ လူမသိတဲ့နေရာမှာ သေနတ်နဲ့ ဒိုင်းကနဲပစ်သွားတဲ့ လူတစ်ယောက်ကို ဘယ်သူဖြစ်နိုင်တယ်ဆိုတာ ချက်ချင်းကောက်ချက်ချလို့တော့ မရနိုင်ဘူး၊ လောလောဆယ် ကျနော်တို့ အကုန်လုံးစစ်ဆေးနေတာပဲ၊ အဝေးကလူပါပဲ အနီးကလူကတော့ သေနတ်မကိုင်ပါဘူး သေချာပါတယ်"

အခုလို လုပ်ကြံသတ်ဖြတ်ခံရတာဟာ ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးမှုနဲ့ လုံခြုံမှုမရှိတာကို ပြသနေကြောင်း၊ အကြမ်းဖက်လုပ်ရပ်တခုအဖြစ် ကန့်ကွက်ရှုတ်ချကြောင်း ALD ပါတီက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
လက်သည်တရားခံ ဘယ်သူလဲဆိုတာ စွပ်စွဲဖို့ကို ခန့်မှန်းရခက်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဦးလှမြင့်က ပြောပါတယ်။

"ဒီလူက ကျောင်းဆရာအငြိမ်းစားဗျ၊ ဒီလူကအရမ်းရိုးတယ် စကားပြောရင်ပွင့်လင်းတယ်၊ ရသေ့တောင် ရွေးကောက်ပွဲမှာ ကျနော်တို့နဲ့အတူတူ ဖြတ်သန်းလာတာပဲ၊ ၂၀၁၄ မှာ ALP ဖြစ်တော့လဲ ဗဟိုကော်မတီဖြစ်လာတာပဲ ပြီးရင်သူက တစ်သီးပုဂ္ဂလအရွေးခံတယ် ၂၀၁၇ ခုနှစ် ရခိုင်ဒီမိုကရေစီ နိုးထလာတဲ့ အချိန်မှာလည်း သူက ဗဟိုကော်မတီဝင် ၃၄ ယောက်ထဲမှာ ပါပြန်တယ်ဗျ၊ ကျနော်တို့ကတော့ အလွန်ရိုးတယ် ပြောတာဆိုတာကလေ ဒီလိုမျိုးကျနော်တို့ မကြားဖူးဘူး၊ ကျနော်တို့ ဘယ်သူ့ကိုမှ ယိုးဖွဲ့ဖို့အတွက် အခက်အခဲရှိတယ်"

ဦးခင်သန်းမောင်ဟာ ဒီဇင်ဘာလ ၂၄ ရက်နေ့ ညပိုင်းက သူ့ရဲ့မိသားစုဝင်တွေအားလုံး သာယာကုန်း ဘိုးဘွားရိပ်သာက ဇာတ်ပွဲကို သွားရောက်ကြည့်ရှုနေကြတာဖြစ်ပြီး အိမ်မှာတစ်ယောက်တည်းရှိနေစဉ် ည ၁၀ နာရီကျော်အချိန်လောက်မှာ သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

ယာဘက်နားထင် သေနတ်ဒဏ်ရာနဲ့ ပလက်စတစ်ခုံမှာ ထိုင်လျက်အနေအထား သေဆုံးနေတာကို သူ့ရဲ့သမက်နဲ့သမီးဖြစ်သူတို့ နေအိမ်ပြန်ရောက်ချိန်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အခင်းဖြစ်နေရာကို ရဲအရာရှိတွေ သွားရောက်စစ်ဆေးနေစဉ်မှာတော့ 9 mm Luger အမျိုးအစား ကျည်ခွံတစ်ခုနဲ့ အဲဒီအနီးမှာ ကျည်ထိပ်ဖူးတစ်ခုကိုပါ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်တဲ့နေ့မှာပဲ ဇနီးဖြစ်သူက မြေပုံမြို့နယ်ရဲစခန်းမှာ လာရောက်အမှုဖွင့်ထားပြီး ဆက်လက်စုံစမ်းနေဆဲပဲလို့ မြေပုံမြို့နယ် ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူး စန်းလွင်က ပြောပါတယ်။

"ဘာမှမသိသေးပါဘူး စစ်ဆေးနေတုန်းပဲ ရှိပါသေးတယ်၊ ကျနော်တို့ ဖြစ်တဲ့နေ့ကတည်းက အမှုဖွင့်ထားပါတယ်၊ ကျနော်တို့လည်း စုံစမ်းတုန်းပဲရှိပါသေးတယ်၊ ဖုံးကွယ်ထားစရာလည်း မရှိပါဘူးဗျာ ဖြစ်သွားတဲ့ဟာကို၊ ကျနော်တို့မှာလည်း ဝတ္တရားအရ ဖော်ထုတ်စုံစမ်းရမှာပဲ"

လက်ရှိမြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကလည်း အခုလို မှတ်ချက်ပေး ပြောကြားပါတယ်။

"ဒီသေနတ်နဲ့ ပစ်တယ်ဆိုတာ ရခိုင်ပြည်နယ်ထဲမှာ ဥပဒေစိုးမိုးမှု အားနည်းလာတယ်ဆိုတာကို ဖော်ပြတာပဲလေ၊ မြောက်ဦးက မြို့နယ်အုပ်ချုပ်ရေးမှူး ဘိုဘိုမင်းသိုက် ဖြစ်ခဲ့သလို ရသေ့တောင်စခန်းမှူး တစ်ယောက်လည်း အဲလိုအသတ်ခံခဲ့ရတယ်၊ ဝင်္ကပါကွင်းစစ်တွေမှာလည်း ထောက်လှမ်းရေးက ဦးဖိုးလုံး အသတ်ခံရတယ်၊ ဒီအခု ဦးခင်သန်းမောင်ကလည်း သေနတ်နဲ့ အနီးကပ်လုပ်ကြံတာဟာ ဒီနှစ်အတွင်းမှာ ၄ ခုလောက်ရှိပြီပေါ့ ၊ ဒါတွေဟာ အရင်က ရခိုင်ပြည်နယ်မှာ တစ်ခါမှဖြစ်ခဲ့ဖူးတာ မဟုတ်ဘူး၊ လူတိုင်း ဒီလိုလုပ်ကြံခံရနိုင်တယ်ဆိုတာ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေတာပေါ့၊ ဒီနေ့ထက်ထိ တရားခံကို လက်ဆုပ်လက်ကိုင် ဖော်ထုတ်နိုင်တာမရှိသေးဘူး၊ စုံစမ်းလိုက် စစ်ဆေးလိုက် ပျောက်သွားလိုက်နဲ့ အမှုတွေကပြီးသွားတယ်၊ ရခိုင်ပြည်နယ်ရဲ့ ရှေ့အလားအလာ အများကြီးစိုးရိမ်မှုဖြစ်ပါတယ်၊ မှုခင်းကျဆင်းရေးအတွက် တာဝန်ရှိသူတွေရှိသလို ဒါတွေကို အနီးကပ်တွန်းအားပေး ဖြေရှင်းနိုင်ဖို့ ပြည်နယ်အစိုးရမှာ တာဝန်ရှိပါတယ်"

လုပ်ကြံခံရသူ ဦးခင်သန်းမောင်ရဲ့ မိသားစုဝင်တွေဆီ ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း ဒီကနေ့ နေ့လယ်ပိုင်းမှာ နာရေးကိစ္စကြောင့် ဖြေကြားခြင်းတော့ မရှိခဲ့ကြပါဘူး။

ရခိုင်ပြည်နယ်ထဲမှာ အခုလိုမျိုး သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်တာမျိုးဟာ အခုတစ်ကြိမ်နဲ့ဆိုရင် ၄ ကြိမ်မြောက်ဖြစ်ပြီး ရခိုင်ပြည်နယ်ထဲမှာ တရားဥပဒေစိုးမိုးရေးအတွက် အထူးအရေးကြီးလိုအပ်နေပြီလို့ ဝေဖန်ထောက်ပြကြပါတယ်ခင်ဗျာ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။