မော်ချီးမြို့ကို ကရင်နီပူးပေါင်းတပ်တွေ သိမ်းယူ
2024.01.28

ကယားပြည်နယ် ဖားဆောင်းမြို့နယ်ထဲက နာမည်ကျော် ခဲမဖြူနဲ့ အဖြိုက်နက်သတ္တုတွင်းတွေရှိတဲ့ မော်ချီးမြို့ကို စစ်ကောင်စီတပ်တွေ လက်ထဲကနေ သိမ်းယူလိုက်ပြီလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဇန်နဝါရီလ ၂၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မော်ချီးမြို့က စစ်ကောင်စီတပ်စခန်း၊ စစ်ဆေးရေးဂိတ်နဲ့ စခန်းကုန်းတွေကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားတာကြောင့် မတိုက်ခိုက်လိုက်ရဘဲ မော်ချီးမြို့ကို သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးအဖွဲ့ (KNDF) ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးကတော့ မော်ချီးမြို့က စစ်ကောင်စီတပ်စခန်းတွေဟာ ဇန်နဝါရီ ၂၆ ရက်နေ့မှာ ဆုတ်ခွာသွားတာလို့ RFA ကို အတည်ပြုပါတယ်။
"ကျွန်တော်တို့ မော်ချီး ဒီဟာတစ်ခုလုံးကို သိမ်းပိုက်လိုက်ပြီဆိုတာ ဒါ KNDF တွေထိန်းချုပ်လိုက်ပြီဆိုတာထက် ဒါ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေအားလုံး ထိန်းချုပ်လိုက်ပြီလို့ ပြောလို့ရပါတယ် ခင်ဗျာ။ မော်ချီးဒေသမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကတော့ ဒါသူတို့ဆုတ်ခွာသွားတဲ့အနေအထားဖြစ်တယ်ပေါ့နော်။ ဆိုတော့ ၂၆ ရက် နေ့ ညလောက်မှာ ဆုတ်ခွာသွားတယ်လို့ ကျွန်တော်တို့ အကြမ်းဖျဉ်းသိရတယ်ပေါ့"
မော်ချီးမြို့ကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ သိမ်းယူလိုက်နိုင်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတာမရှိဘဲ ကိုယ့်အိမ်ကိုယ့်ယာမှာပဲ ဆက်လက်နေထိုင်နေကြတယ်လို့ ဆိုပါတယ်။
"KNDF တွေထိန်းချုပ်လိုက်ပြီဆိုတာထက် ဒါ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေအားလုံး ထိန်းချုပ်လိုက်ပြီလို့ ပြောလို့ရပါတယ်"
ကရင်နီလူ့အခွင့်အရေးအဖွဲ့တည်ထောင်သူ ကိုဗညားကတော့ စစ်ကောင်စီတပ်က မြို့ရွာတွေကို စွန့်လွှတ်ရရင် လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်လေ့ရှိတာကို သတိရှိဖို့ ဒေသခံတွေကို အသိပေးနေတယ်လို့ ပြောပါတယ်။
"စစ်ကောင်စီက ဒီမြို့တွေ၊ ရွာတွေကို စွန့်လွှတ်ပြီဆိုရင် အမြဲတမ်း နှစ်ခုလုပ်လေ့ရှိတယ်ပေါ့။ တစ်ခုက ရွာတွေကို မီးရှို့တာမျိုးတွေ ဒါမျိုးတွေလုပ်တယ်။ နောက်တစ်ခုကတော့ လေယာဉ်တွေနဲ့ဖြစ်စေ၊ လက်နက်ကြီးတွေနဲ့ဖြစ်စေ ပစ်ခတ်ဖျက်ဆီးတာမျိုးတွေတော့ လုပ်လေ့ရှိပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျွန်တော်တို့က စိုးရိမ်စိတ်ရှိပါတယ်။ နောက်ပြီးတော့ အတတ်နိုင်ဆုံးတော့လည်း ကျွန်တော်တို့လူထုတွေကလည်း ဒီအခြေအနေကို ကောင်းကောင်းသိထားပြီးတော့ လိုအပ်တဲ့ တုံ့ပြန်မှုတွေကိုလည်း သူတို့တွေလုပ်နေကြတာလည်း ရှိတယ်။ ကျွန်တော်တို့ကလည်း အသိပေးတာတွေရှိတယ်ပေါ့နော်"
လက်တလော မော်ချီးဒေသမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် ဒေသခံတွေကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
မော်ချီးမြို့အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်ကြည်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။
ကရင်နီပူးပေါင်းတပ်တွေဟာ ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်စခန်းတွေနဲ့ မြို့တွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် ကတည်းက ဆောင်ရွက်နေတာပါ။
အဲဒီစစ်ဆင်ရေးအတွင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (KA)နဲ့ မြို့ပြ ပြောက်ကျားတပ်၊ လွိုင်ကော်၊ မိုးဗြဲ၊ ဒီးမောဆို၊ ဖယ်ခုံ၊ ရှမ်းတောင် PDF အဖွဲ့ဝင်တွေ ပါဝင်ပါတယ်။
စစ်ဆင်ရေးစတင်ချိန်ကစလို့ ပြည်နယ်တွင်း လွိုင်ကော်၊ ဒီးမော့ဆို နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့တွေက စစ်ကောင်စီတပ် စခန်းနှစ်ဆယ်တိတိကို ကိုတိုက်ခိုက်သိမ်းယူထားနိုင်ခဲ့တယ်လို့ KNDF ရဲ့ ဇန်နဝါရီလ ၂၈ ရက် ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ နိုင်ငံတစ်ဝန်းမှာ မြို့သိမ်းတိုက်ပွဲတွေဆက်ရှိနေလိမ့်အုံးမယ်လို့ သုံးသပ်ပါတယ်။
"ရှမ်းမြောက်မှာ အပစ်ရပ်ထားတဲ့အောက်မှာ ပြည်သူလူထုထဲမှာ စိုးရိမ်စိတ်တွေ ပေါ်ပေါက်တာပေါ့ဗျာ။ မြန်မာပြည်တစ်ပြည်လုံးက တခြားသော နယ်ပယ်တွေကလှုပ်ရှားမှု ငြိမ်သက်သွားမယ်လို့ထင်ပေမယ့် အခုဆိုရင် KIA ကလည်း မြို့တစ်မြို့ မဘိမ်းဘက်မှာရှိတဲ့ မြို့တစ်မြို့ကို ထပ်သိမ်းတယ်။ ရခိုင်မှာလည်း ပေါက်တောဆိုရင် လုံးဝသိမ်းပိုက်ပြီးသွားပြီဆိုတော့ နွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ် တိုးပွားမှုတွေ အရှိန်အဟုန်တွေဆက်ပြီးတော့ တည်ရှိနေသေးတဲ့အတွက် လူထုရဲ့ စိုးရိမ်သောကတွေလည်းပပျောက်သွားမယ်လို့ ထင်ပါတယ်"
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဇန်နဝါရီလ ၁၁ ရက်ကစလို့ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့အကြား အပစ်အခတ်ရပ်စဲရေး လုပ်လိုက်တဲ့အတွက် မြို့သိမ်းတိုက်ပွဲတွေ မရှိတော့ပေမယ့် နိုင်ငံတစ်ဝန်းမှာတော့ မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။
ဇန်နဝါရီလအတွင်းမှာပဲ စစ်ကောင်စီတပ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့၊ ချင်းပြည်နယ် ပလက်ဝမြို့၊ ရခိုင်ပြည်နယ် ပေါက်တောမြို့၊ ကယားပြည်နယ် ရွာသစ်မြို့နဲ့ မော်ချီးမြို့တွေကို ဆက်တိုက်ဆိုသလို လက်လွှတ်ခဲ့ရပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အခုဖြစ်ပွားနေတဲ့ ပြဿနာဟာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြည်နယ်၊ ဒေသတွေရဖို့ ဥပဒေပြင်ပကနေ လက်နက်ကိုင်နည်းနဲ့ တောင်းဆိုမှုဖြစ်တယ်လို့ ဇန်နဝါရီလ ၂၆ ရက်က ကျင်းပတဲ့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေအတွက် လွှတ်တော်ရဲ့အတည်ပြုမှုလိုအပ်ပြီး လက်နက်ကိုင်ပြီး တောင်းဆိုလို့ မရဘူးလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
လက်ရှိမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွေက ၂၀၂၃ ခုနှစ် အောက်တိုဘာလနောက်ပိုင်း နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၃၆ မြို့ကို စစ်ကောင်စီတပ်ဆီကနေ တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။