ကော့ကရိတ်ဒေသကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့ KNLA ပြော

RFA Burmese
2023.07.27
ကော့ကရိတ်ဒေသကို  စိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့ KNLA ပြော ကရင်ပြည်နယ် မြဝတီမြို့က လက်ခတ်တောင် ဘုရားကုန်းစစ်စခန်းကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ သိမ်းဆည်းရမိတဲ့ လက်နက်တွေနဲ့ KNLA ပူးပေါင်းစစ်ကြောင်းက တပ်ဖွဲ့ဝင်တွေကို ဇူလိုင် ၂၂ ရက်နေ့က တွေ့ရစဉ်။
Cobra Column တပ်ခွဲ - ၃

ကရင်ပြည်နယ်အတွင်းက KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ လက်အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းစစ်ကြောင်းတွေ မြဝတီ လက်ခတ်တောင် ဘုရားကုန်းစစ်စခန်းနဲ့ ကော့ကရိတ်ဒေသကို နယ်မြေစိုးမိုးထိန်းချုပ်ထားနိုင်တယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့ရဲ့ အမှတ် ၃ စစ်ဒေသ တောင်ပိုင်းတိုင်းတာဝန်ရှိသူ ရဲဘော် စောရှားက ပြောပါတယ်။

မြဝတီမြို့နဲ့ ၈ မိုင်အကွာက လက်ခတ်တောင် ဘုရားကုန်း စစ်တပ်စခန်းကို KNLA ပူးပေါင်းစစ်ကြောင်းတွေ ဇူလိုင်လ ၂၁ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်ရက်တွေမှာ စစ်တပ်ဘက်ကပြန်ပြီး စခန်း သိမ်းယူဖို့ စစ်ရေးပြင်ဆင်တာတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

"ပြီးခဲ့တဲ့ ရက်ပိုင်းက ကျွန်တော်တို့ မြဝတီမြို့ကို အပေါ်စီးကနေမြင်ရပြီးတော့ မြဝတီမြို့ကိုစိုးမိုးထားနိုင်တဲ့ ဒီ စကစအတွက် မဟာဗျူဟာကျတဲ့ လက်ခတ်တောင်စခန်းကို ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော်ပရာစစ်ကြောင်းနဲ့ ကျားသစ်နက်စစ်ကြောင်း ဒီပူးပေါင်းစစ်ကြောင်းနဲ့ ဒီ EAO မဟာမိတ်ကြီးကိုတော့ ကျွန်တော်တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်ဗျ။ လက်ရှိအနေထားကတော့ ဒီလက်ခတ်တောင်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲဖြစ်တဲ့ ဒီကော်ပရာစစ်ကြောင်းနဲ့ ကျားသစ်နက်စစ်ကြောင်း ဒီစစ်ကြောင်းတွေက ထိန်းချုပ်ထားမြဲဘဲဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီဘက်ခြမ်းကလဲ စစ်ကောင်စီစစ်ကြောင်းတွေဘက်က ဒီစခန်းကိုပြန်လည်ရရှိဖို့ ကြိုးစားဆောင်ရွက်နေတာရှိပါတယ်"

အခုလို စစ်ကောင်စီဘက်က စစ်ရေးအရ အချက်အချာကျတဲ့ လက်ခတ်တောင် စစ်စခန်းကုန်း ပြန်ရဖို့ စစ်ရေးပြင်ဆင်နေချိန်၊ လက်နက်ကြီး ပစ်ခတ်မဲ့နေရာနဲ့ မလွတ်ကင်းလို့ဆိုပြီး မြဝတီမြို့စွန် ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကလည်း  ဒေသခံတွေကို ဖိအားပေး နေရာရွှေ့ပြောင်းခိုင်းနေတယ်လို့ မြို့တွင်းက ဆွေမျိုးအိမ်မှာ စစ်ရှောင်နေထိုင်နေရတဲ့ အမျိုးသမီးတစ်ဦး က RFA ကိုပြောပါတယ်။

"လူကြီးတွေကလာပြီးတော့ လာပြောသွားတယ် ရပ်ကွက်လူကြီးတွေက အိမ်ကိုရွှေ့ပေးဖို့ပေါ့နော်၊ အိမ်ကိုသော့ခတ်ပါတဲ့ အရေးကြီးတဲ့ဟာတွေ ယူသွားပေါ့နော်ယူသွားလို့ပြီးသွားဆိုလို့ရှိရင် တစ်ခြားမှာ စစ်ရှောင်ပေးဖို့ပေါ့နော် အဲဒီနေရာတွေက မလွတ်ကင်းဘူးပေါ့နော် သူတို့ ဒီမှာလက်နက်ကြီးပစ်ထုတ်မယ်ဆိုလို့ရှိရင် မလွတ်ကင်းဘူးဆိုတာ သူတို့သိတဲ့အတွက် သူတို့ဘေးလွတ်ရာကိုရှောင်ခိုင်းတာ အဲ့ဒီကျောက်လုံးကြီးအနောက်ဘက်ခြမ်းက ကွက်သစ်ပုံစံမျိုးတွေပေါ့"


စစ်ကောင်စီဟာ စွန့်လွှတ်ထားရတဲ့ လက်ခတ်တောင်စစ်စခန်းကို ပြန်တိုက်ယူဖို့ နေ့ရောညပါ စစ်ကူအင်အားဖြည့်တာ၊ လက်နက်ကြီးပစ်နေရာတွေ ပြင်ဆင်တာနဲ့ လေကြောင်း ကင်းထောက်ပျံသန်းတာတွေ ညစဉ် လုပ်ဆောင်နေတယ်လို့ အဲ့ဒီစစ်စခန်းနေရာကို ထိန်းချုပ်ပြီး နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ KNLA တပ်ရင်း ၂၇ တာဝန်ရှိသူက ပြောပါတယ်။

"လက်ခတ်တောင် ဘုရားကုန်းစစ်စခန်းက ကျနော်တို့ ဆက်ပြီးထိန်းချုပ်ထားမှာဖြစ်တယ်၊ အခု ၂၄ ရက် နဲ့ ၂၅ ရက်မှာ စစ်တပ်ဘက်က လာပြန်တိုက်တယ်၊ တပ်ပြန်လန်ဆုတ်သွားတယ်၊ လက်နက်ကြီးလည်းပစ်တယ်၊ လေယာဉ်ကင်းထောက်ပျံတာလည်းရှိတယ်၊ ကျနော်တို့ကတော့ တောင်ကြောတစ်လျှောက် နယ်မြေရှင်းတာ ဆက်လုပ်နေတယ်"

အခုလို လက်ခတ်တောင်ဒေသမှာ နှစ်ဖက်တိုက်ပွဲ ဆက်ဖြစ်မဲ့ အခြေအနေရှိနေတာကြောင့် မဲကနယ်၊ မေတ္တာလင်းမြိုင်၊ ကျောက်လုံးကြီး၊ အောင်မြေရွေဘုံ ရပ်ကွက် ဒေသခံတွေကိုလည်း ရွှေ့ပြောင်းခိုင်းနေပြီး မြဝတီမြို့တွင်းမှာလဲ စစ်ကောင်စီ အုပ်ချုပ်ရေးနေရာတွေ လုံခြုံရေး တိုးမြှင့်လုပ်ဆောင်နေတယ်လို့ မြဝတီ မြို့ခံတစ်ဦးက ပြောပါတယ်။

"အခုကလေ မြို့ထဲမှာလုံးဝကို အခြေနေမကောင်းတာ အကုန်လုံးပြောင်းခိုင်းနေပြီ မြို့ထဲမှာကော မြို့ပြင်မှာကော တဖြည်းဖြည်းနဲ့နီးလာပြီး နှစ်ဖက်က ပိတ်သလိုဖြစ်သွားတယ်ကွယ်၊ ဒီဘက်က မေတ္တာလင်းမြိုင်ဘက်ကလည်း ပစ်နေတယ်၊ ၂၇၅ အရှေ့ကလေ အဲဒီစိမ်းလဲ့မြိုင်ကားဝင်းအနောက်ဘက်မှာလည်းပစ်နေတော့ နှစ်ဖက်ဆိုတော့ သူတို့ကအခြေနေတအားဆိုးနေပြီး အရင်က ဆိုလို့ရှိရင် တစ်ဖက်ဖြစ်တောင် တစ်ဖက်ကငြိမ်နေတယ်ကွာ အခု ရဲစခန်းပတ်ပတ်လည်လဲပိတ်ထားတယ် နောက်ပြီးတော့ အမှတ် ၅ တို့ အမှတ် ၄ ရပ်ကွက်ရုံးတို့ အကုန်လုံးလမ်းတွေ ပိတ်လိုက်ကုန်ပြီ"

ဇူလိုင်လ ၂၇ ရက် မနက် ၁၀ နာရီလောက်မှာ ကော့ကရိတ်မြို့တောင်ဘက် ထန်းပင်ကုန်း၊ ကမိုင်ကုန်း၊ ကော့နွဲကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေတယ်လို့ KNLA ပူးပေါင်းစစ်ကြောင်းတွေထံက သိရပါတယ်။

အဲဒီနှစ်ဖက်ပစ်ခတ်မှုတွေကြောင့်  မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး လမ်းပိတ်သွားပြီး ကုန်ကားနဲ့ ခရီးသွားယာဉ်တွေ လမ်းပိတ် ရပ်တန့်စောင့်ဆိုင်းနေကြရကြောင်း ကော့ကရိတ် ဒေသခံက ပြောပါတယ်။

ကော့ကရိတ်ဘက်မှာ တိုက်ပွဲကတော့ နေတိုင်းရှိတယ်လို့ ကျားဖြူစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဗိုလ်ကျော်သက်က ပြောပါတယ်။

အခုဇူလိုင်လအတွင်း ကရင်ပြည်နယ် ဒေသထဲက နှစ်ဖက်တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ကရင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်တို့ကို ဆက်သွယ်မေးမြန်းတဲ့အခါ  ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

လက်တလော KNU တပ်မဟာ ၆ နယ်မြေထဲ KNLA ပူးပေါင်းစစ်ကြောင်းတွေက ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီးကနေ ရေး၊ ထားဝယ်၊ တနင်္သာရီဒေသအထိ ပြည်သူလူထု အထိအခိုက် အနည်းဆုံး ပုံစံနဲ့ နယ်မြေစိုးမိုး ထိမ်းချုပ်နိုင်ရေး ဆက်လုပ်ဆောင်မယ်လို့ SOF အထူးစစ်ဆင်ရေးတပ်ဖွဲ့ တာဝန်ခံ ရဲဘော်အောင်စံရှားက ပြောပါတယ်။

"အခုကနယ်မြေခံ KNLA တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ တပ်မဟာ ၆ မှာ နောက် တပ်မဟာ ၄ ပေါ့ ရေး၊ ထားဝယ်၊ တနင်္သာရီအထိပေါ့နော် နယ်မြေစိုးမိုးရေးနဲ့ပတ်သက်ပြီး အဓိကလှုပ်ရှားသွားမဲ့နေရာတွေပေါ့ စကစ တပ်တွေအနေနဲ့ကတော့ အခုကသိတဲ့အတိုင်းပဲ သူတို့နေရာတွေမှာပဲ အထိုင်စခန်းတွေမှာပဲသူတို့ရှိနေပြီးတော့ နယ်မြေစိုးမိုးရေးဆောင်ရွက်တဲ့အပေါ်တွေမှာ သိပ်ပြီးတော့ကောင်တာ ပြန်လုပ်တာသိပ်မတွေ့ ရဘူးပေါ့နော်၊ ရှေ့ဆက်ပြီးတော့ ဒီတိုက်ပွဲတွေလည်းဖြစ်လာဖို့တော့အခြေအနေတော့တွေ့ရတယ်ပေါ့နော် ဒါပေမဲ့လည်း နယ်မြေခံ ၊ ဒေသခံပြည်သာလူထု အထိခိုက်အနည်းဆုံးပုံစံနဲ့ နယ်မြေစိုးမိုး ရေးအလုပ်တွေကို ဆက်လုပ်သွားမှာပေါ့ "

လက်ရှိ အခြေအနေမှာတော့ စစ်ကောင်စီက ကရင်ပြည်နယ်ထဲက ဘားအံမြို့၊ လှိုင်းဘွဲ့မြို့နယ်မှအပ ကျန်တဲ့ မြဝတီ၊ ဖာပွန်၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ သံတောင်မြို့နယ်တွေမှာ မြို့ပေါ် စစ်ကောင်စီ အုပ်ချုပ် ရေး ဌာနနေရာတွေ အထိပါ KNLA ပူပေါင်းတပ်တွေ တိုက်ခိုက်မှု အရှိန်မြှင့်လာနေတယ်လို့ KNU တပ်မဟာဒေသတွေရဲ့ သတင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
မြန်မာစစ်တပ်နဲ့ ကြံရာပါဖြစ်နေတဲ့ တရုတ် လေယာဉ်ကုမ္ပဏီ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။