ဦးပိုင်အမြတ်ငွေခွဲဝေယူသူ ၉၉ ရာခိုင်နှုန်းဟာ လက်ရှိနဲ့ အငြိမ်းစားစစ်အရာရှိတွေဖြစ်

စမ်းစမ်းတင်(ဝါရှင်တန်ဒီစီ)
2021-05-19
Share

မြန်မာနိုင်ငံကို လက်နက်မရောင်းချဖို့ နိုင်ငံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းပေမဲ့ ကုလသမဂ္ဂက ဒီကိစ္စ ဆုံးဖြတ်ချက် ချမှတ်ရင်တောင် တနည်းနည်းနဲ့ ရနိုင်ပါတယ်။ အာဏာလက်မလွတ်ချင်တဲ့အတွက် လက်နက်အားကိုးရတာမို့ နိုင်ငံကာကွယ်ရေး တာဝန်ပဲ ထမ်းဆောင်သင့်တဲ့ စစ်တပ်ဟာ လက်နက်လည်း ဝယ်နိုင်အောင် စီးပွားရေးလုပ်ပါတယ်။ စီးပွားရေး လုပ်ပြန်တော့ လုပ်ပိုင်ခွင့်အပြည့်လည်းရတဲ့အခါ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေ ကျိကျိတက် ချမ်းသာလာပါတယ်။

၁၉၆၂ စစ်အာဏာသိမ်း ဗိုလ်နေဝင်းလက်ထက်မှာ ပုဂ္ဂလိကပိုင်လုပ်ငန်းတွေကို ပြည်သူပိုင် သိမ်းပေမဲ့ စီးပွားရေး အောင်မြင်အောင် အကောင်အထည် မဖော်နိုင်တဲ့အတွက် ၁၉၈၇ မှာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်း ဝင်သွားပါတယ်။ နိုင်ငံ့စီးပွားရေးချွတ်ခြုံကျပြီး ခွဲတမ်းစနစ်လည်း ကျင့်သုံးတဲ့နိုင်ငံမှာ လူထုက ဆင်းရဲပြီး ထိပ်ပိုင်းက ပုဂ္ဂိုလ်တွေက မဆင်းရဲပေမဲ့ ၈၈ နောက်ပိုင်း စစ်ဗိုလ်ချုပ်တွေလောက်လည်း မချမ်းသာပါဘူး။

ဗိုလ်ချုပ်နေဝင်း ကိုင်တွယ်ခဲ့ပုံနဲ့ နောက်ပိုင်းစစ်ဗိုလ်ချုပ်တွေ ခြယ်လှယ်ခွင့်ရှိပုံ မတူညီတာကိုလည်း နိုင်ငံရေးသုံးသပ်သူ ဒေါက်တာလှကျော်ဇောက နှိုင်းယှဉ်ပြပါတယ်။

"ဗိုလ်နေဝင်း လက်ထက်က ငွေကြေးကိုသူပဲကိုင်တာ။ ချင်းချောင်းနန်းတော်က မြေကွက်တွေကို ပေးပြီး တကွက်မှာနေ တကွက်ငှားစားခိုင်းတယ်။ အဲဒီလိုနည်းနဲ့ ပိတ်ထားတာ။ ခုကလုပ်ချင်တာလုပ်ကြဆိုတော့ အားလုံးစီးပွားရေးထဲနစ်နေတာ"

ရှစ်လေးလုံး အရေးတော်ပုံကို ဖြိုခွင်းပြီး တက်လာတဲ့ စစ်အစိုးရ လက်ထက်မှာ ဗိုလ်နေဝင်းလက်ထက်က ပိတ်ထားတဲ့ ဈေးကွက် စီးပွားရေးကို ဖွင့်ပါတယ်။ ဈေးကွက်စီးပွားရေး သဘောသဘာဝဖြစ်တဲ့ ကုန်ထုတ်လုပ်မှု၊ ဖြန့်ချိရေး၊ ကုန်သွယ်မှု၊ ကန့်သတ်ချက်ရှိကုန်စည်နဲ့ ဝန်ဆောင်မှုတွေနဲ့ စီးပွားရေးလုပ်ရမယ့် အစား နိုင်ငံ့သယံဇာတတွေကို အားပြုတဲ့ စီးပွားရေး၊ လုပ်ပိုင်ခွင့် အပြည့်အဝရှိတဲ့ အခွင့်အာဏာတွေနဲ့ စီးပွားရေးလုပ်ပါတယ်။

၁၉၆၂ မတ် ၂ ရက် စစ်အာဏာသိမ်းတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်မှာ သူပိုင်တဲ့စီးပွားရေးရှိမှန်း မသိရဘဲ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်မှာ သူကိုယ်တိုင်နဲ့ သူ့မိသားစုပိုင်တဲ့ စီးပွားရေးရော စစ်တပ်ပိုင် စီးပွားရေးက တမိုးလုံးဖျောက်ဆိတ် နေရာတကာမှာ ရှိပြီး ဖျော်ဖြေရေးနဲ့ အနုပညာလုပ်ငန်းတွေထိ စိမ့်ဝင်နေပါတယ်။

စစ်အာဏာသိမ်းလိုက်တာကို ပြည်သူလူထုကဆန့်ကျင်ပေမဲ့ စစ်တပ်ပိုင်၊ စစ်ဗိုလ်ချုပ်တွေပိုင်နဲ့ စစ်တပ်နဲ့ နီးစပ်သူတွေပိုင်တဲ့ လုပ်ငန်းတွေ၊ ဝန်ဆောင်လုပ်ငန်းတွေကို အမှတ်တမဲ့ သွယ်ဝိုက်တဲ့နည်းနဲ့ အားပေးနေမှန်း သတိမထားမိကြပါဘူး။ ရှစ်လေးလုံး အရေးတော်ပုံ အပြီး ၁၉၉၀ မှာစတင်ထူထောင်တဲ့ စစ်တပ်ပိုင် MEHL မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ ၁၉၉၇ မှာ စတင်ထူထောင်တဲ့ MEC မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက တဆင့် စစ်ခေါင်းဆောင်တွေဟာ စီးပွားရေးလုပ်ငန်း ၁၁၀ ထက်မနည်း ချုပ်ကိုင်ထားတဲ့အတွက် သာမန်ပြည်သူတွေအနေနဲ့ ဘယ်သူက ဘယ်ကုမ္ပဏီပိုင်ဆိုင်ကလဲဆိုတာ အလွယ်တကူ မသိနိုင်တဲ့အနေအထားမှာရှိပါတယ်။

အိမ်နဲ့ နီးနီးနားနားမှာ ရှိတဲ့ မြဝတီဘဏ်မှာ ငွေစာရင်းဖွင့်တဲ့အရပ်သားဟာ စစ်တပ်ပိုင် ဘဏ်ကိုအားကိုးမိသားဖြစ်ရပါတယ်။ နန်းမြိုင်ကော်ဖီသောက်မိရင် စစ်တပ်ပိုင် စီးပွားရေးကို အားပေးမှန်းမသိအားပေးတဲ့ သဘောသက်ရောက်သွားပါတယ်။ စစ်အာဏာသိမ်းလိုက်တဲ့နောက် စစ်တပ်ကလုပ်ကိုင်နေတဲ့ စီးပွားရေးတွေကို လူထုကသပိတ်မှောက်လို့ မြန်မာ့စီးပွားရေး ဦးပိုင် လိမိတက်က ထုတ်တဲ့ မြန်မာဘီယာရောင်းအားက ၈၀ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းသွားပေမဲ့ အမှတ်တံဆိ ပ်ခွဲထွက်တဲ့ Andaman Gold ဘီယာကလည်း စစ်တပ်နဲ့ပတ်သက်မှန်း မသိသူတွေ အားပေးတဲ့အတွက် ရောင်းအားတက်သွားပါတယ်၊

စစ်တပ်ပိုင်လုပ်ငန်းတွေက မရှိမဖြစ် ကုန်စည်တွေ ဝန်ဆောင်လုပ်ငန်းတွေ လုပ်ကိုင်နေပြီး အရပ်သားနဲ့ စစ်သည်တွေကို ထောင်နဲ့ချီ အလုပ်အကိုင် ပေးထားပါတယ်။ အိမ်ခြံမြေလုပ်ငန်း၊ အရက်ယမကာနဲ့ စီးကရက်လုပ်ငန်းအပြင် သဘာဝသယံဇာတ လုပ်ငန်းတွေ အပါအဝင် လုပ်ငန်းပေါင်းများစွာကို ချုပ်ကိုင်ထားပါတယ်။ ရတဲ့ အစုအမြတ်ငွေကို စစ်သားတွေကို ခွဲဝေပေးပါတယ်။

ပုံမှန်လစာအပြင် စစ်တပ်ပိုင်လုပ်ငန်းကြီးတွေကနေရတဲ့ အမြတ်ဝေစုရတဲ့ အပြင် တပ်ကိုအမှီပြုလို့ ဘေးပေါက်က ဝင်ငွေလည်း ရနိုင်တာကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းတဲ့ အမှတ် ၉၉ ခြေမြန်တပ်မ က ဗိုလ်မှူးဟိန်းသော်ဦးက RFA ကို ပြောပြဖူးပါတယ်။

"ရခိုင်ပြည်နယ်ဘက်မှာဆို လူမှောင်ခိုကူးတယ်၊ ရတဲ့ငွေက နည်းတာမှ မဟုတ်တာ။ တရားမဝင်ပစ္စည်းနဲ့ မူးယစ်ဆေးဝါးကိစ္စတွေမှာ ပါဝင်ပတ်သက်ခြင်း မပြုရဆိုလည်း မလိုက်နာသူတွေရှိပါတယ်"

စစ်သည်စစ်သား ဗိုလ်ချုပ်တွေ အစုရှယ်ယာဝင်တဲ့ ဦးပိုင်မှာ အစုဝင်က ၃၈၃၀၀၀ ရှိပြီး ၉၉ ရာခိုင်နှုန်းက လက်ရှိနဲ့ ပင်စင်စား စစ်ဘက်ကလူတွေဖြစ်ပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆိုရင် မြန်မာ့စီးပွားရေးဦးပိုင်မှာ အစုရှယ်ယာ ၅၀၀၀ ထည့်ဝင်ထားတဲ့ ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်မှာ အစုအမြတ်ငွေ ဒေါ်လာ ၂ သိန်းခွဲနဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေ တသန်းခွဲရရှိတယ်လို့ Bloomberg သတင်းကဖော်ပြပါတယ်။

ဒါဟာ ဘဏ္ဍာရေးနှစ်တနှစ်အတွက် တနေရာတည်းက တဦးတည်းရတဲ့ အမြတ်ဖြစ်ပြီး တခြားလုပ်ငန်းတွေက ရရှိတဲ့ အမြတ်ငွေမပါသေးပါဘူး။ တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေက ရတဲ့ အကျိုးအမြတ်တွေဟာ လူထုဆီမရောက်ဘဲ တပ်အတွက်နဲ့ တပ်ပိုင်းဆိုင်ရာပုဂ္ဂိုလ်တွေဆီ ရောက်ပါတယ်၊ သူတို့စီးပွားရေး အားတောင့်အောင် သွယ်ဝိုက်ဖြည့်ဆည်းပေးတဲ့ လူထုကို ဒေါ်လာနဲ့မှ ဝယ်လို့ရတဲ့ လက်နက်နဲ့ခြိမ်းခြောက် အုပ်ချုပ်ဖို့ ရည်သန်နေတာပဲလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့