မက်သာဖက်တမင်း စိတ်ကြွဆေးရဲ့ သမိုင်းကြောင်း၊ အန္တရာယ်နဲ့ အဓိကဖြန့်နေတဲ့ဂိုဏ်း


2019.10.17
methamphetamine-622.jpg Methamphetamine စိတ်ကြွဆေးတွေကို ရန်ကုန်မြို့မှာ ၂၀၁၇ ခုနှစ်က မီးရှို့ဖျက်ဆီးစဉ်
Photo: RFA

တရုတ်ပြည်မှာ သဘာဝဓမ္မဆေးအဖြစ်နဲ့ အနှစ်ငါးထောင်လောက်သုံးခဲ့တဲ့ အဖက်ဒရာဓါတ်ကို ဂျာမဏီနိုင်ငံမှာ ပညာတော်သင်နေတဲ့ ဂျပန်လူမျိုး Nagai Nagayoshi က ၁၈၈၅ ခုနှစ်မှာ ဓာတုပစ္စည်းအနေနဲ့ ရှာဖွေထုတ်လုပ်နိုင် ခဲ့ပြီး၊ အဲဒီကနေ မက်သာဖက်တမင်း အဆင့်ရောက်အောင် ၁၉၁၉ ခုနှစ်မှာ အကိုင်းရား အိုဂါဒါ ဆိုတဲ့ ဂျပန်ဓာတုဗေဒ ပညာရှင်က တီထွင်ခဲ့တာလို့ သိရပါတယ်။

ဒီစိတ်ကြွဆေးကို ဒုတိယကမ္ဘာစစ်ကာလက ဂျပန်ရဲ့ကာမစ်ကာဇီ အသေခံတိုက်ခိုက်ရေးတပ်သားတွေအတွက် အသုံးပြုခဲ့ပါတယ်။ အဲဒီနောက် စစ်တပ်အတွက် သီးသန့်ရောင်းနေရာကနေ စစ်ပြီးသွားတဲ့ အခါမှာတော့ အများပြည်သူတွေလက်ထဲပါ ရောက်သွားပါတော့တယ်။

၁၉၅၀ ဝန်းကျင်လောက်မှာ မက်သာဖက်တမင်းကို ဆေးအဖြစ်ထုတ်ပြီး ကျန်းမာရေးအတွက် ကိုယ်အလေးချိန်ချတဲ့ သူတွေနဲ့ စိတ်ဖိဆီးမှုဝေဒနာရနေတဲ့သူတွေအတွက် အသုံးပြုခဲ့ကြသလို၊ နောက်ပိုင်းမှာတော့ တက္ကသိုလ်ကျောင်း သားတွေက စာကျက်ကောင်းအောင်၊ ကုန်ကားမောင်းသမားတွေက အိပ်မငိုက်အောင်၊ အားကစားသမားတွေက ပြိုင်ပွဲတွေမှာ အနိုင်ရအောင်သုံးလာကြပြီး၊ နောက်တော့ မူးယစ်ဆေးအဖြစ် ပျံ့နှံ့လာခဲ့ပါတယ်။ မက်သာဖက်တမင်း ကို အခုတော့ WY ဆိုတဲ့ အနီရောင် ဆေးပြားနဲ့ထုတ်သလို၊ အရည်အသွေးမြှင့်ထားတာကိုတော့ ICE လို့ခေါ်ပြီး ကျောက်ချဉ်လို အကြည်ရောင်ပုံဆောင်ခဲသဏ္ဍန်ထုတ်လုပ်ပါတယ်။

အဲဒီဆေးသုံးတဲ့သူဟာ မျက်လုံးသူငယ်အိမ်ကျယ်နေမယ်၊ လန်းဆန်းတက်ကြွနေပြီး နှလုံးခုန်မြန်မယ်၊ အသက်ရှူမြန် မယ်၊ အာခေါင်တွေခြောက်မယ်၊ လိင်စိတ်ပြင်းထန်မယ်၊ ဆေးအရှိန်ကုန်တဲ့အခါ အဲဒီခံစားချက်တွေနဲ့ ပြောင်းပြန်ဖြစ် ပြီး အရုပ်ကြိုးပြတ်ဖြစ်သွားတဲ့အတွက် ထပ်ပြီးသုံးချင်နေမယ်၊ ဆေးများသွားရင်တော့ နှလုံးရပ်ပြီး အသက်ဆုံးရှုံး တယ်လို့ သြစတြေးလျနိုင်ငံက ဆရာဝန် ဒေါက်တာလီက ဆောင်းပါးတပုဒ်မှာပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ ၁၉၇၀ လောက်မှာ မက်သဖက်တမင်းအသုံးပြုတာကို ဥပဒေနဲ့ ပိတ်ပင်တားမြစ်ခဲ့ ပါတယ်။ ၁၉၉၀ လွန်နှစ်တွေမှာ မက်ဆီကန်မူးယစ်ရာဇာတွေက ကယ်လီဖိုးနီးယား ပြည်နယ်မှာ မက်သာဖက်တမင်း စိတ်ကြွဆေးတွေလျှို့ဝှက်ထုတ်လုပ်ဖြန့်ချီခဲ့ကြလို့ နှိမ်နင်းခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီစိတ်ကြွဆေးထုတ်တဲ့ နည်းပညာတွေက အမေရိက၊ ဥရောပတွေကို ပျံ့နှံ့သွားခဲ့သလို၊ အခုတော့ တရုတ်၊ မြန်မာ၊ ထိုင်း၊ ဂျပန်၊ သြစတြေးလျ အပြင် တောင်အာရှနိုင်ငံတွေနဲ့ အရှေ့အလယ်ပိုင်းတွေအထိ ကမ္ဘာအနှံ့ရောက်ရှိပျံ့နှံ့နေပါပြီ။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်ဟာ ကမ္ဘာမှာ မက်သာဖက်တမင်း စိတ်ကြွဆေးအများဆုံးနဲ့ အမြန်ဆုံးထုတ်တဲ့နေရာဖြစ် လာနေတယ်လို့ အမေရိကန်အခြေစိုက် NPR- National Public Radio မှာ မိုက်ကယ် ဆူလီဗန်က ပြီးခဲ့တဲ့ဇူလိုင်လက တင်ပြခဲ့ပါတယ်။

ရှမ်းပြည်နယ်ဟာ ပထဝီအရ တရုတ်နိုင်ငံ ထိုင်းနိုင်ငံတို့နဲ့ ဆက်စပ်နေသလို၊ ဒေသအလိုက်ဖွဲ့ထားတဲ့ ပြည်သူ့စစ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အစိုးရတပ်တွေနဲ့ ရှုပ်ထွေးတဲ့နယ်မြေကြီးဖြစ်နေပြီး မူးယစ်ဆေးတွေကို အရှိန် အဟုန်နဲ့ ချက်လုပ်နေကြတယ်လို့ မိုက်ကယ်လ်ဆူလီဗန်က ဆိုပါတယ်။ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုဆိုင်ရာ UNODC ရဲ့ အရှေ့တောင်အာရှဒါရိုက်တာ ဂျယ်ရမီဒေါက်ဂလပ်စ် ပြောဆိုချက်တွေ ကိုးကားတင်ပြတာပါ။

မူးယစ်ဆေးထုတ်လုပ်သူတွေဟာ ရွှေတြိဂံနယ်က မြစ်ကမ်းဘေးမှာ ချက်လုပ်ပြီးတာနဲ့ ထိုင်းဘက်ကို ပို့နေကြတယ် လို့ ဆိုပါတယ်။ အဲဒီကနေ ဂျပန်၊ သြစတြေးလျ၊ တောင်ကိုရီးယားတွေကို ဖြန့်ချီနေတယ်လို့ပြောပါတယ်။ ဆေးပြား သယ်တဲ့သူတွေက တယောက်ကို အပြားနှစ်သိန်းလောက်၊ ဒါမှမဟုတ် မက်သာဖက်တမင်းပုံဆောင်ခဲ ၁၀ ကီလို ဂရမ်လောက်ကို ကျောပိုးအိပ်မှာထည့်ပြီးသယ်နိုင်ကြတယ်လို့ပြောပါတယ်။ အခုဆိုရင် ဒရုန်းယာဉ်နဲ့ပါ မက်သာဖက်တမင်းတွေကို ပို့နေတာမျိုးရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့် အာရှ-ပစိဖိတ်ဒေသမှာ  မက်သာဖက် တမင်း စိတ်ကြွဆေးဖြန့်ချီနေတဲ့တန်ဖိုးဟာ တနှစ်ကို အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ကနေ ၆၁ ဘီလီယံ ဖိုးလောက်ထိရှိနေတယ်လို့ ကုလသမဂ္ဂကပြောထားပါတယ်။

ဒီမူးယစ်ဆေးတွေ အဓိကဖြန့်နေတယ်လို့ ကမ္ဘာကခြေရာခံထားတဲ့သူကတော့ ကနေဒါနိုင်ငံသားအဖြစ် ခံယူထားတဲ့ တရုတ်နိုင်ငံဖွား အသက် ၅၅ နှစ်အရွယ် Tse Chi Lop ပါ။ သူတို့ဂိုဏ်းကို ဆမ်ဂေါဂိုဏ်း လို့ခေါ်ပြီး၊ ကန်တုန်နိစ်တရုတ် စကားနဲ့ဆိုရင် “တတိယမြောက်ညီ” လို့အဓိပ္ပါယ်ရပါတယ်။ သူနဲ့မူးယစ်ဂိုဏ်းကို ခြေရာခံလိုက်ထားတဲ့အကြောင်းကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က ရိုက်တာသတင်းဌာနက အထူးထုတ်အနေနဲ့တင်ပြထားပါတယ်။ သူတို့ဂိုဏ်းက မက်သာဖက်တမင်း၊ ဘိမ်းဖြူနဲ့ ကက်တာမင်းတို့ကို ဂျပန်ကနေ မြောက်အာရှ၊ နယူးဇီလန်နဲ့ တောင်ပစိဖိတ်နိုင်ငံတွေကြားမှာ အနည်းဆုံး ၁၂ နိုင်ငံလောက်ကို တင်ပို့ဖြန့်ချီနေတယ်လို့ နိုင်ငံတကာရဲတပ်ဖွဲ့က ယူဆထားပါတယ်။ သူတို့ဂိုဏ်းရဲ့ ၂၀၁၈ ခုနှစ် မူးယစ်ရောင်းရငွေက အမေရိကန်ဒေါ်လာ ၈ ဘီလီယံကနေ ၁၈ ဘီလီယံ ဖိုးလောက်ထိရှိတယ်လို့ ခန့်မှန်းထားပါတယ်။ များသောအားဖြင့် အဲဒီမူးယစ်ဆေးတွေကို လက်ဘက် ခြောက်ထုတ်တွေနဲ့ လျှို့ဝှက် သယ်ယူပို့ဆောင်တယ်လို့လဲဆိုပါတယ်။ ဆမ်ဂေါဂိုဏ်းဝင် ၁၉ ယောက်ရှိပြီး၊ Tse Chi Lop ကို ဂိုဏ်းချုပ်အဖြစ် နိုင်ငံတကာက ယူဆထားပါတယ်။ သူဟာ အမေရိကန်မှာလည်း ဘိန်းဖြူဖြန့်လို့ ၁၉၉၈ ကအဖမ်းခံရပြီး ထောင်ချခံရဖူးပါတယ်။ အဲဒီအဖွဲ့မှာ Tse အပါအဝင် ကနေဒါနိုင်ငံသား လေးယောက်၊ ကျန်တဲ့ဂိုဏ်း ဝင်တွေကတော့ မြန်မာ၊ တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ မက္ကာအို၊ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေက ဖြစ်တယ်လို့ ဆိုပါတယ်။

Tse Chi Lop ဟာ လက်တင်အမေရိက က အယ်လ်ချာပို ဒါမှမဟုတ် ပက်ဘလို အက်စ်ကိုဘာ မူးယစ်ရာဇာ အဖွဲ့ချုပ်ဂိုဏ်းဝင်ဖြစ်တယ်လို့ ကုလသမဂ္ဂ UNODC အရှေ့တောင်အာရှဆိုင်ရာအရာရှိ ဂျရမီ ဒေါက်ဂလပ်စ် - ကပြောပါတယ်။ Tse Chi Lop နဲ့ ပတ်သက်နေတဲ့ Cai Jeng Ze ကို ပိုးသတ်ဆေး ဒါမှမဟုတ် ပန်းပင်အားတိုးဆေးတွေ နဲ့အတူ ရန်ကုန်လေဆိပ်မှာ ၂၀၁၆ ခုနှစ်က ဖမ်းမိထားပါတယ်။ သူနဲ့ဆက်စပ်ပြီး ရန်ကုန်မြို့က အိမ်တအိမ်ကို ဝင်ရှာတဲ့အခါ မက်သာဖက်တမင်းရေခဲတွေ တစ်တန်ကျော် ဖမ်းမိခဲ့ပါတယ်။ Cai Jeng Ze ဟာ ကက်တမင်းဆေးမှု မမြောက်ခဲ့ပေမယ့်၊ နိုင်ငံဖြတ်ကျော်မှု၊ မူးယစ်ဆေးနမူနာစမ်းသပ်မှု၊ နိုင်ငံတကာရေပိုင်နက်ကိုရောက်အောင်ပို့နိုင်တဲ့ ငါးဖမ်းလှေတစင်းဝယ်ထားမှုတွေနဲ့ စစ်ဆေးခဲ့တယ်လို့ မြန်မာရဲတပ်ဖွဲ့ရဲ့ အစီရင်ခံစာအရသိထားပါတယ်။

Cai ရဲ့တယ်လီဖုန်းထဲက မှတ်တမ်းတွေအရ မူးယစ်ဂိုဏ်းနဲ့ ပတ်သက်တာတွေသိရသလို၊ မြန်မာ့ ရေပိုင်နက်ကနေ ကပ္ပလီပင်လယ်ကတဆင့် နိုင်ငံတကာရေကြောင်းကိုပို့နေတယ်လို့ သိထားတဲ့အကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ တရုတ်မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့က အကြီးတန်းအရာရှိ တဦးကတော့ Cai ဟာ မူးယစ်ဆေး ဂိုဏ်းကြီးရဲ့ အဖွဲ့ဝင်တယောက်ဖြစ်မယ်လို့ ယုံကြည်ထားပါတယ်။ အခုဆိုရင် ရှမ်းပြည်နယ်ဟာ ဆမ်ဂေါဂိုဏ်းအတွက် လွတ်လွတ်လပ်လပ်လှုပ်ရှားလို့ရနေတဲ့ ဒေသတခုဖြစ်နေတယ်လို့ဆိုပါတယ်။

ဒီခြေအနေတွေနဲ့ပတ်သက်လို့ မြန်မာအစိုးရနဲ့ရဲတပ်ဖွဲ့ကို ရိုက်တာက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန် ဘူးလို့ ဆိုပါတယ်။ မူးယစ်ဆေးချက်တဲ့ အလုပ်ရုံတွေမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တချို့ ပတ်သက်နေတယ်လို့ ကောင်းခါးပြည်သူ့စစ်အဖွဲ့ ဆက်ဆံရေးတာဝန်ခံကပြောတဲ့အကြောင်းနဲ့ မူးယစ်ဆေးချက်နေတဲ့ရွာသားအများစုက တရုတ်လူမျိုးတွေဖြစ်တယ်လို့ ဒေသခံတွေပြောတဲ့အကြောင်းလည်း ရိုက်တာကဖော်ပြပါတယ်။ မက်သာဖက်တမင်း ချက်စက်ရုံမန်နေဂျာနဲ့ ဓာတုဗေဒ ပညာရှင်တွေအများစုက ထိုင်ဝမ်တွေဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။

ဆမ်ဂေါဂိုဏ်းကိုဖမ်းမိဖို့ သြစတြေးလျရဲတပ်ဖွဲ့ကဦးဆောင်ပြီး၊ အာရှကနိုင်ငံ ၂၀ ၊ ဥရောပနဲ့ မြောက်အမေရိက ကပါဝင်ကြိုးစားနေပါတယ်။ အဲဒီထဲမှာ မြန်မာ၊ တရုတ်၊ ထိုင်း၊ ဂျပန်၊ အမေရိကနဲ့ ကနေဒါ ပါဝင်ပါတယ်။

အခုလို မက်သာဖက်တမင်းဆေးရဲ့အန္တရာယ်၊ ဆေးတွေထုတ်နေတဲ့နေရာ၊ အဓိကဂိုဏ်းနဲ့ ဂိုဏ်းချုပ်ကိုသိနေပေမယ့်၊ ကိုင်းဖျားကိုင်းနားတွေ၊ သုံးစွဲသူတွေသာ အဖမ်းခံနေရပြီး၊ ဂိုဏ်းချုပ်နဲ့အပေါင်းပါတွေကတော့ လွတ်မြောက်နေစဲဖြစ် တဲ့အကြောင်း တင်ပြလိုက်ပါတယ်။

(RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။