စစ်ကောင်စီထုတ်ပြန်တဲ့ အလုပ်သမားအဖွဲ့စာရင်း ဝေဖန်ခံနေရ
2025.02.11

Updated 10:00 PM Feb 11, 2025
မြန်မာနိုင်ငံမှာ အလုပ်သမားနဲ့ အလုပ်ရှင်အဖွဲ့အစည်းပေါင်း သုံးထောင်ကျော် မှတ်ပုံတင်ခွင့်ပေးထားပြီး ဘယ်အလုပ်သမားသမဂ္ဂကိုမှ အရေးယူခဲ့တာ မရှိဘူးလို့ စစ်ကောင်စီက နိုင်ငံပိုင် သတင်းစာတွေကနေ အမြဲတမ်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အလုပ်ရှင် အလုပ်သမား အဖွဲ့အစည်းပေါင်း သုံးထောင်ကျော်ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၃ နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ILO အရေးယူမှာကို ရှောင်ဖို့အတွက် ကြေညာပြနေတာလို့ NUG အလုပ်သမား ဒုဝန်ကြီး ဦးကျော်နီက ပြောပါတယ်။
“လွတ်လပ်စွာ ဖွဲ့စည်းထားတဲ့ အလုပ်သမား အဖွဲ့ချုပ်တွေ၊ သမဂ္ဂတွေ၊ အလုပ်သမားရေးရာ ဖွဲ့စည်းထားတာတွေကိုလည်း တရားမဝင်ဘူး ဆိုပြီးတော့လည်း ကြေညာခဲ့တယ်၊။ အလုပ်သမားတွေရဲ့ အခွင့်အရေးကိုမှ ရွေးပြီးတော့ ခွင့်ပြုတာမျိုး မဖြစ်နိုင်ဘူး။ စကစအောက်မှာ အလုပ်သမား အခွင့်အရေးတွေက ဘယ်လိုမှ ဆောင်ရွက်လို့ မရဘူး။ အလုပ်သမား အခွင့်အရေး ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းလည်း မရှိနိုင်ဘူး”
စစ်မှုထမ်းခိုင်းတာ၊ အဓမ္မ အလုပ်ခိုင်းစေတာ၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်တာတွေအတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် (ILO) ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃ အရ စစ်ကောင်စီကို အရေးယူဖို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ၃၅၂ ကြိမ်မြောက် ILO ရဲ့ အုပ်ချုပ်မှုကော်မတီ အစည်းအဝေးကနေ အတည်ပြုခဲ့တာရှိပါတယ်။
“ဒီအလုပ်သမား အဖွဲ့အစည်းအားလုံးဟာ အလုပ်ရှင်အလိုကျ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေသာဖြစ်ပါတယ်”
ဒါကြောင့် ဒီအလုပ်သမား အဖွဲ့အစည်းအားလုံးဟာ အလုပ်ရှင်အလိုကျ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေသာဖြစ်တယ်လို့ မြန်မာနိုင်ငံ အလင်းသစ် အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ရဲ့ တွဲဖက်ဥက္ကဋ္ဌ ဒေါ်တင်တင်ဝေက ပြောပါတယ်။
“မြေပြင်မှာ အလုပ်သမား အဖွဲ့အစည်းတွေက လုံးဝမရှိတော့ဘူး။ အလုပ်သမားတွေက သူတို့အခွင့်အရေးကို သူတို့ တောင်းဆိုဖို့တောင်မှ အလုပ်ရှင်ရဲ့ဖိအား၊ စစ်ကောင်စီရဲ့ဖိအား၊ ခြိမ်းခြောက်မှုတွေနဲ့ သူတို့က ရင်ဆိုင်နေရတာ။ အခု စစ်ကောင်စီက အလုပ်သမား အဖွဲ့အစည်းပေါင်း ၂၉၀၀ နီးပါးရှိတယ်လို့ ပြောလိုက်တဲ့ဟာက စစ်ကောင်စီလက်အောက်က စစ်ကောင်စီရဲ့ အလိုကျလုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေလို့ပဲ မြင်ပါတယ်”
အလုပ်သမားအဖွဲ့တွေ ဖွဲ့စည်းခွင့်တွေ ပေးထားပါတယ်ဆိုတာ ILO အပါအဝင် နိုင်ငံတကာ အစိုးရနဲ့ အသိုင်းအဝန်းတွေကို လိမ်ညာဖို့အတွက် ထုတ်ပြန်တာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) လက်ထောက် အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ်။
“အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO က အရေးယူဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ILO ကို ညာဖို့၊ မြန်မာပြည်က ပြည်သူလူထုနဲ့ အလုပ်သမားထုကို ညာဖို့၊ နိုင်ငံတကာ အစိုးရနဲ့ အသိုင်းအဝန်းတွေကို ညာဖို့အတွက် ထုတ်ပြန်ခြင်းသာ ဖြစ်တယ်လို့ ပြောချင်ပါတယ်”
ဒေါ်ဖြိုးစန္ဒာစိုးဟာ ILO ရဲ့ ၃၅၂ ကြိမ်မြောက် အုပ်ချုပ်မှုကော်မတီ အစည်းအဝေးကို ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။
စစ်ကောင်စီ အခုထုတ်ပြန်ထားတဲ့ အဖွဲ့အစည်း သုံးထောင်ကျော်ဟာ ၂၀၁၁ ခုနှစ် အလုပ်သမား အဖွဲ့အစည်းဥပဒေ၊၂၀၁၂ ခုနှစ် အလုပ်သမား အဖွဲ့အစည်း နည်းဥပဒေ စပြီးထွက်လာကတည်းက ဒီနေ့အချိန်အထိ ဖွဲ့စည်းထားတဲ့ အရေအတွက်တွေ ဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ဖွဲ့ထားတဲ့ ခုံသမာဓိကောင်စီ အဖွဲ့ဝင်တစ်ဦးက တုံ့ပြန်ပြောဆိုပါတယ်။
အလုပ်သမား သမဂ္ဂတွေကို အရေးယူတာ မရှိဘူးလို့ စစ်ကောင်စီက နိုင်ငံတကာကို ပြောဆိုနေပေမဲ့ စက်ရုံထဲမှာ အလုပ်သမားသမဂ္ဂ ဖွဲ့တဲ့ခေါင်းဆောင်တိုင်း၊ အဖွဲ့ဝင်တိုင်းကို အလုပ်ရှင်တွေက ဒီနေ့အချိန်အထိ အလုပ်ဖြုတ်နေတုန်းပဲလို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။
“အလုပ်ဖြုတ်တာ၊ EC တွေကို ဖြုတ်တာ၊ သမဂ္ဂတွေကို ဖြုတ်တာ၊ ဒါမျိုးတွေကို ကျွန်မတို့လည်း တောက်လျှောက် ပြည်သူတွေ သိအောင် ထုတ်ပြန်နေရတာ။ အလုပ်သမားတွေက ဖွဲ့တာမဟုတ်ဘူး။ အလုပ်ရှင်က ဖွဲ့တာ၊ အစိုးရက ဖွဲ့ခိုင်းတာဆိုလို့ရှိရင် ဒီသမဂ္ဂတွေက ရှောရှောရှူရှူဖြစ်မှာပဲ။ အလုပ် ထုတ်ခံရတာတို့၊ စက်ရုံပိတ်သွားတယ်တို့ ရှိမှာမဟုတ်ဘူး။ အလုပ်ရှင်တွေက ဖွဲ့ထားတဲ့ အဖွဲ့တွေကတော့ အလုပ်ရှင်ကိုပဲ အကျိုးပြုပါလိမ့်မယ်”
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ဆက်နွှယ်သောသတင်းများ
၂၀၂၅ မှာလုပ်မဲ့ ILO ညီလာခံမှာ အလုပ်သမား၊ အလုပ်ရှင်ကိုယ်စားပြုတွေကို လက်ခံမည်
စစ်ကောင်စီကို အရေးယူဖို့ ပြည်တွင်းပြည်ပ အလုပ်သမားတွေ ILO ထံ တောင်းဆို
ILO ဆုံးဖြတ်ချက် စစ်ကောင်စီကို အထိနာနိုင်
ILO ပြဋ္ဌာန်းချက် ပုဒ်မ ၃၃ ဟာ နိုင်ငံတကာ အလုပ်သမား စံနှုန်းတွေကို မလိုက်နာရင် အရေးယူရတဲ့ပုဒ်မ ဖြစ်ပါတယ်။ ဒီပုဒ်မနဲ့ အရေးယူခံရတာ ILO ရဲ့ သမိုင်းမှာ နှစ်ကြိမ်ပဲ ရှိခဲ့ပါသေးတယ်။ ၂၀၀၀ ပြည့်နှစ်က မြန်မာနိုင်ငံကို အရေးယူခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ဘီလာရုစ် (Belarus) နိုင်ငံကို အရေးယူခဲ့တာပါ။
စစ်ကောင်စီကို ILO ပုဒ်မ - ၃၃ နဲ့ အရေးယူဖို့ ဆုံးဖြတ်လိုက်ရင် နိုင်ငံတကာ တရားရုံးမှာ ခုံရုံးတင် စစ်ဆေးပြီး ဆက်လက် ဆောင်ရွက်လို့ရမယ်လို့လည်း အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
(မှတ်ချက်။ မူလသတင်းဆောင်းပါးခေါင်းစဉ် ဖြစ်သည့် "စစ်ကောင်စီထုတ်ပြန်တဲ့ အလုပ်သမားအဖွဲ့စာရင်းဟာ ILO အရေးယူမှာကို ရှောင်လွှဲဖို့ဖြစ်" အစား "စစ်ကောင်စီအလုပ်သမားအဖွဲ့စာရင်း ILO အရေးယူမှုကို ရှောင်လွှဲဖို့ဖြစ်ကြောင်း ဝေဖန်" ဟူ၍ ပြင်ဆင်ရေးသားထားပါသည်။)