မိုးကုတ်နဲ့ စဉ့်ကူးကို ဆက်လက်ထိန်းချုပ်နိုင်ရေး တော်လှန်ရေးတပ်တွေ ကြိုးပမ်း

2024.07.28
မိုးကုတ်နဲ့ စဉ့်ကူးကို ဆက်လက်ထိန်းချုပ်နိုင်ရေး တော်လှန်ရေးတပ်တွေ ကြိုးပမ်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ပြည်သူကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့က မိုးကုတ်မြို့ စစ်ကောင်စီတပ်ခန်းသိမ်းဆည်းအပြီး တွေ့ရစဉ်။
မိုးကုတ်ဗျူဟာ ဓာတ်ပုံ

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ မန္တလေးတိုင်းအတွင်းက မိုးကုတ်မြို့နဲ့ စဉ့်ကူးမြို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ပြည်သူကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပြီး လက်ရှိမှာ အခြေအနေတွေ တည်ငြိမ်စပြုလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

သိမ်းထားတဲ့ မြို့နယ်နှစ်ခုမှာ ပြည်သူတွေကို လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ် အသိပညာပေးတွေ လုပ်နေသလို မိုင်းရှင်းလင်းရေးတွေလည်း ဆောင်ရွက်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

"မြို့ပေါ်မှာ ရှင်းလင်းရေးတွေ လုပ်နေတဲ့အခါကျတော့ ပြည်သူလူထုတော့ အဝင်မခံသေးပါဘူးခင်ဗျ"

မိုးကုတ်မြို့မှာတော့ ကာကွယ်ရေးတပ်ဖွဲ့တွေက ကင်းလှည့်နပြေီး မြို့ပေါ်မှာ ပုံမှန်နီးပါး လွတ်လွတ်လပ်လပ် သွားနေကြတယ်လို့ မိုးကုတ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မြို့အခြေအနေကတော့ စျေးဆိုင်တွေလည်း ပြန်ဖွင့်တယ်။ လူတွေလည်း တော်တော်များများ ပြန်ထွက်လာကြပြီ။ ပုံမှန်မဟုတ်ပေမဲ့ ထွက်လာကြတာ တော်တော်များတယ်။ အလုပ်တွေ သွားကြတာ၊ တချို့က စျေးရောင်းစျေးဝယ် လုပ်ကြတာရှိတယ်။ နည်းနည်းလေးပြန်ပြီး အသက်ဝင်စပြုနေပြီ။ တစ်ရာခိုင်နှုန်းတော့ မလည်ပတ်နိုင်သေးဘူး။ တော်တော်များများက ပြန်မလာနိုင်သေးတော့ အလုပ်တွေ၊ ဆိုင်တွေလည်း မဖွင့်ရဲသေးတာရှိတယ်။ ရွှေဆိုင်တွေတော့ မဖွင့်သေးဘူး။ စားသောက်ကုန်တို့၊ စျေးတို့ကတော့ ဖွင့်တယ်။ ပုံမှန်လေးတော့ ပြန်ဖြစ်တယ်”

ဒါပေမဲ့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာနိုင်တာကြောင့် ဒေသခံတွေ လုံခြုံရေးသတိနဲ့ သွားလာနေထိုင်နေရတယ်လို့ သူက ဆိုပါတယ်။
မိုးကုတ်မြို့မှာ အင်တာနက်လိုင်းတွေ ပြတ်တောက်နေဆဲဖြစ်ပြီး မြို့အဝင်အထွက်ကိုတော့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က တင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့သိမ်းတိုက်ပွဲအတွင်း မိုးကုတ်အချုပ်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၄ ယောက်ကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မိုးကုတ်ဗျူဟာက ဇူလိုင်လ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

စဉ့်ကူးမြို့ထဲမှာတော့ တိုက်ပွဲတွေငြိမ်သက်နေပေမဲ့ မြို့ရဲ့ ဧရာ၀တီမြစ်တစ်ဘက်ကမ်း စစ်ကိုင်းတိုင်းထဲကနေ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စဉ့်ကူးမြို့ပေါ်မှာတော့ ကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး လုပ်နေတာကြောင့် ဒေသခံတွေကို မြို့ထဲကို ဝင်ခွင့်ပြုမထားသေးဘူးလို့ စဉ့်ကူးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ နယ်တွေမှာတော့ အေးချမ်းပါပြီခင်ဗျ။ မြို့ပေါ်မှာလည်း အေးချမ်းသလောက် ဖြစ်နေပါပြီ။ ဒါပေမဲ့လည်း မြို့ပေါ်မှာ ရှင်းလင်းရေးတွေ လုပ်နေတဲ့အခါကျတော့ ပြည်သူလူထုတော့ အဝင်မခံသေးပါဘူးခင်ဗျ။ မြို့ပေါ်မှာတော့ မြို့သူမြို့သား သိပ်မကျန်တော့ပါဘူး အဝေးရောက်နေကြပါတယ်ခင်ဗျ။ စစ်ကိုင်းတိုင်းဘက် မခေါက်တို့၊ တောင်လှတို့ အဲဘက်တွေကတော့ ကျွန်တော်တို့ဘက်တတွေကို နှစ်ည၊ သုံးညရှိသွားပြီ လက်နက်ကြီးတွေနဲ့ လှမ်းလှမ်းပစ်တာ”

စဉ့်ကူးမြို့ပေါ်မှာ ကျန်နေသေးတဲ့ မြို့ခံတွေကိုလည်း လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ် ကင်းလွတ်နိုင်မဲ့ နေရာတွေကို ရွှေ့ပြောင်းနေထိုင်နိုင်ဖို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စီစဉ်ပေးနေသလို မြို့တွင်းမှာ မိုင်းရှင်းလင်းရေးတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

စဉ့်ကူးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ တန်ပြန်ထိုးစစ်တွေ အချိန်မရွေးဖြစ်လာနိုင်တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေအားလုံး စစ်ရေးသတိရှိကြဖို့ဆိုပြီး MDY PDF က ဇူလိုင်လ ၂၈ ရက် ဒီနေ့မှာ ထုတ်ပြန်တပ်လှန့်ထားပါတယ်။

မိုးကုတ်နဲ့ စဉ့်ကူးမြို့ကို ဆက်လက်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ချက်တွေကို သိရှိနိုင်ဖို့ TNLA နဲ့ MDY-PDF ပြောခွင့်ရသူတွေထံ RFA က ဆက်သွယ်မြေးမြန်းထားပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

စစ်ကောင်စီကတော့ မိုးကုတ်မြို့မှာ စစ်တပ်စခန်းတွေကို လုံခြုံရေးအရ ရွှေ့ပြောင်းပေါင်းစည်းပြီး TNLA နဲ့ ပူးပေါင်းတပ်တွေကို ဆက်လက်တိုက်ခိုက်နေတယ်လို့ ဇူလိုင်လ ၂၅ ရက်နေ့မှာ တုံ့ပြန်ပြောဆိုထားပါတယ်။

ဒီအပြင် စဉ့်ကူးမြို့ကိုလည်း ပြန်လည်ထိန်းချုပ်နိုင်ပြီကို စစ်ကောင်စီက ပြောဆိုထားပေမဲ့ MDY-PDF ကတော့ စဉ့်ကူးမြို့နယ်ကို အပြည့်အ၀ထိန်းချုပ်ထားတယ်လို့ RFA ကို ပြောပါတယ်။

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ပြည်သူကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့က မိုးကုတ်မြို့အနီး တွေ့ရစဉ်။ (မိုးကုတ်ဗျူဟာ ဓာတ်ပုံ)
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ပြည်သူကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့က မိုးကုတ်မြို့အနီး တွေ့ရစဉ်။ (မိုးကုတ်ဗျူဟာ ဓာတ်ပုံ)

မန္တလေးတိုင်းထဲမှာရှိနေတဲ့ ဒီမြိုု့နှစ်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ရေရှည်ထိန်းချုပ်ထားနိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောပါတယ်။

“သိမ်းလိုက်တာက လွယ်တယ်။ ထိန်းနိုင်ဖို့အတွက်က လူတွေရဲ့ အသက်အန္တရာယ် အိုးအိမ်စည်းစိမ်နဲ့ ပတ်သက်နေတာဆိုတော့ အဲဒီကိစ္စက ဘယ်လိုအဖြေရှာလို့ရမလဲ၊ နိုင်ငံတကာက ပူးပေါင်းပါဝင်မှု ဘယ်လောက်ထိ အားကောင်းမလဲ ဆိုတာမျိုး စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်”

စဉ့်ကူးမြို့ကို ဇူလိုင်လ ၁၇ ရက်နေ့နဲ့ မိုးကုတ်မြို့ကို ဇူလိုင်လ ၂၄ ရက်နေ့တို့မှာ TNLA၊ MDY-PDF နဲ့ ကာကွယ်ရေး ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီး တိုက်ပွဲအတွင်း ဒုတိယဗိုလ်မှူးကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သားအများအပြား လက်နက်ချခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မန္တလေးတိုင်းထဲက သပိတ်ကျင်းမြို့နယ်နဲ့ မတ္တရာမြို့နယ်တို့ကို့ တော်လှန်ရေးပူးပေါင်းတပ်တွေက ဆက်လက်ထိုးစစ်ဆင်နေပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။