မန္တလေးမြို့မှာ စစ်ကောင်စီတပ် အခိုင်အမာ ခံစစ်ပြင်နေ
2024.08.10
လားရှိုးမြို့က အရှေ့မြောက် တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်မတော် (MNDAA) က သိမ်းပိုက်လိုက်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ အနီးဆုံးဖြစ်တဲ့ ပြင်ဦးလွင်မြို့ခံတွေ မြို့ကို စွန့်ခွာထွက်ပြေးနေကြသလို မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်မှာလည်း ဒီရက်ပိုင်း စစ်ကောင်စီတပ်က ခံစစ်အတွက် ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်ရုံးစိုက်ရာ မန္တလေးမြို့ နန်းတွင်းမှာတော့ နန်းမြို့ရိုးတွေပေါ်မှာ သဲအိတ်တွေစီပြီး အကာအကွယ်တွေ လုပ်ထားသလို မန္တလေးမြို့ အဝင်အထွက် စစ်ဆေးရေးဂိတ်တွေကိုလည်း အဆင့်ဆင့် တင်းကျပ်ထားတယ်လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
“ဗဟိုချက်ကစပြောရရင် နန်းတွင်းပေါ့။ နန်းတွင်းအခြေအနေကတော့ သဲအိတ်တွေ ပြင်ဆင်ပြီးပြီ။ တိုင်ဂုံးလေးတွေကြားထဲမှာ အဲဒီမှာ သဲအိတ်တွေ လိုက်ညှပ်ထားတာရှိတယ်။ အဲဒါကတော့ သူတို့တွေ အဓိကပေါ့။ မြို့ဝင်မြို့ထွက်ကတော့ တော်တော်ကျပ်တယ်။ မြစ်ကြောင်းအရ ပြောမယ်ဆိုရင် မင်းကွန်းဘက် မော်တော်ဆိပ်ဘက်မှာဆိုရင် မှတ်ပုံတင်မပါရင် ဟိုဘက်ကမ်း ကူးလို့မရဘူး။ ဟိုဘက်ကမ်းက လာရင်လည်း မှတ်ပုံတင်မပါရင် ဝင်လို့မရဘူး။ ဆင့်ကဲဆင့်ကဲပေါ့ သုံးဆင့်လောက်ခံပြီးမှ။ ဥပမာပြောမယ်ဆိုရင် မန္တလေးကို ဝင်လာမယ်ဆိုရင် တိုးဂိတ်၊ တိုးဂိတ်ကနေ ဒီဘက်ဆိုရင် ရှောင်တခင် စစ်တဲ့ပုံစံမျိုးတွေကို ရှိတယ်။ ပွိုင့်တွေ ချထားပြီးမှ အဲဒီလိုမျိုး စစ်တာတွေလည်း ရှိတယ်”
မန္တလေးမြို့တွင်းမှာတော့ စစ်ကားတွေနဲ့ ကင်းလှည့်တာတွေ အရင်ကလောက် မတွေ့ရတော့ပေမဲ့ အရပ်ဝတ်တွေနဲ့လှည့်ပြီး စစ်ဆေးတာ၊ နေ့ခင်းပိုင်းတွေမှာလည်း ဧည့်စာရင်း စစ်ဆေးတာတွေ ရှိလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“တံတားဦးလေတပ်စခန်း ပတ်ပတ်လည်မှာလည်း ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သား အင်အားရာနဲ့ချီ တိုးချထားပါတယ်”
မန္တလေးတောင်နဲ့ ဈေးချိုတော်လို နေရာတွေအပြင် မန္တလေးမြို့တွင်းက အထပ်မြင့်နေရာတွေမှာ စစ်ကောင်စီတပ်တွေ တပ်စွဲနေရာ ယူထားတယ်လို့လည်း ဆိုပါတယ်။
မန္တလေးမြို့တောင်ဘက် တံတားဦးလေတပ်စခန်း ပတ်ပတ်လည်မှာလည်း ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သား အင်အားရာနဲ့ချီ တိုးချထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“တံတားဦး လေဆိပ်ရဲ့အရှေ့ဘက်ခြမ်း အမြန်လမ်းအနီးနားတစ်ဝိုက်မှာ အဲဒီမှာ ပုလ္လင်တောင်ကျေးရွာရှိတယ်။ ဘုရားကြီးကုန်းရှိမယ်။ နောက်ပြီးကျတော့ ကန်ချောရွာရှိမယ်။ အဲဒီအနီးနားတစ်ဝိုက်မှာတော့ စခန်းတစ်ခုတစ်ခုကို အင်းအား သုံးဆယ်လောက်နဲ့ အင်အားဖြည့်ထားတယ်။ အရင်ကတော့ အင်အား ငါးယောက် ခြောက်ယောက်ပဲရှိတယ်။ ခုဟာတော့ ခံစစ်က အကြီးအကျယ် ပြင်ထားတာ။ ပတ်ပတ်လည်မှာဆိုရင် အင်အား တစ်ရာလောက် သူတို့ ထပ်ဖြည့်ထားတယ်။ တံတားဦးလေဆိပ်ကို ကာဖို့အတွက်”
လက်ရှိ မန္တလေးမြို့နဲ့ ၁၄ မိုင်အကွာမှာရှိတဲ့ ပုသိမ်ကြီးမြို့နယ်က ရွာတွေနဲ့ မိုင် နှစ်ဆယ်ခန့်အကွာမှာရှိတဲ့ မတ္တရာမြို့နယ်ထဲက ရွာတွေမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ မန္တလေးမြို့နဲ့မိုင် လေးဆယ်ကျော်ဝေးတဲ့ ပြင်ဦးလွင်မြို့ကို တော်လှန်ရေး ပူးပေါင်းတပ်တွေ ဝင်တိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း ဝန်ထမ်းမိသားစုတွေနဲ့ မြို့ခံတချို့ မြို့ကို စွန့်ခွာနေကြပါတယ်။ သြဂုတ်လ ၇ ရက်နေ့ကနေစပြီး ဒီကနေ့အထိ ရွှေ့ပြောင်းတာတွေ ရှိနေဆဲပဲလို့ ဒေသခံတွေက ဆိုပါတယ်။
“ပြင်ဦးလွင်ကနေ နောင်ချိုမြို့ဘက် ခရီးသွားလာတာနဲ့ ကုန်စည်သယ်ဆောင်တာတွေကို ဝက်ဝံရွာ စစ်ဆေးရေးဂိတ်ကနေ ကန့်သတ်ထားပါတယ်”
မြို့ကို စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက မြို့ကိုမစွန့်ခွာဖို့နဲ့ မစိုးရိမ်ကြဖို့ အသံချဲ့စက်တွေနဲ့ လိုက်လံအသိပေးနေတယ်လို့ ပြင်ဦးလွင် မြို့ခံတစ်ဦးက ပြောပါတယ်။
“အရင်ထက်စာရင်တော့ နည်းနည်းလေးတော့ လူသွားလူလာ နည်းသွားတာပေါ့။ ဆိုင်တွေလည်း တချို့ ခန့်မှန်းခြေပေါ့။ သုံးပုံတစ်ပုံလောက်တော့ ပိတ်တဲ့ဆိုင်တွေ ပိတ်သွားကြပြီ။ မနေ့ကတော့ စစ်ကားတွေ တော်တော်များများ ပတ်ကြတယ်။ အဝင်အထွက်တော့ နည်းနည်းလေး ကျပ်သွားတယ်ဗျ။ ကျွန်တော်တို့ နေတဲ့နေရာကျတော့ ရပ်ကွက်ရုံးက လာပြောတယ်ခင်ဗျ။ လော်လေးနဲ့ ဆိုင်ကယ်လေးနဲ့ပတ်ပြီးတော့ စိုးရိမ်စရာမရှိကြောင်း၊ ပြေးဖို့လည်း မလိုကြောင်း လာပြောသေးတယ်ခင်ဗျ။ နည်းနည်းပါးပါးတော့ စိုးတော့ စိုးရိမ်တာပေါ့။ ဒါပေမဲ့ ဒီနယ်ခံတွေကျတော့ နေခဲ့တာ များတယ်ခင်ဗျ။ နယ်ခံနဲ့ လက်လုပ်လက်စားတွေကတော့ နေခဲ့တာပေါ့”
စစ်ကောင်စီကတော့ သြဂုတ် ၇ ရက်နေ့ကတည်းက ပြင်ဦးလွင်ကနေ နောင်ချိုမြို့ဘက် ခရီးသွားလာတာနဲ့ ကုန်စည်သယ်ဆောင်တာတွေကို ဝက်ဝံရွာ စစ်ဆေးရေးဂိတ်ကနေ ကန့်သတ်ထားတယ်လို့လည်း သူက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
တိုက်ပွဲသတင်းကြောင့် ပြင်ဦးလွင်ဒေသခံတချို့ မြို့ကိုစွန့်ခွာ
မန္တလေးအထိ စစ်ဆင်ရေးတွေရောက်လာလို့ ကြိုတင်ပြင်ဆင်ကြဖို့ NUG ပြော
မန္တလေးမှာ စစ်ကောင်စီတပ် လုံခြုံရေးတိုးမြှင့်
မန္တလေးနဲ့ မိုင်နှစ်ဆယ်အကွာမှာ တိုက်ပွဲတွေဖြစ်နေ
ပြင်ဦးလွင်မြို့နဲ့ ၃၅ မိုင်ဝေးတဲ့ နောင်ချိုမြို့ကိုတော့ တအာင်းအမျိုးသား လွတ်တပ်မတော် (TNLA) က သိမ်းပိုက်ထားတာပါ။
တစ်ကျော့ပြန် “၁၀၂၇ စစ်ဆင်ရေး”နဲ့ ရှမ်း-မန်းစစ်ဆင်ရေးမှာ TNLA နဲ့ MDY-PDF ပူးပေါင်းအဖွဲ့တွေက မကြာခင် မန္တလေးမြို့ကို ဝင်ရောက်တိုက်ခိုက်လာနိုင်တယ်လို့ စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“ပြင်ဦးလွင်ကိုသိမ်းနိုင်ရင် အပေါ်စီးကနေပြီးတော့ မန္တလေးကို ထိန်းချုပ်နိုင်မှု အနေအထားရရှိမှာဖြစ်တဲ့အတွက် ပြင်ဦးလွင်ကို အရင်ဆုံးသိမ်းပိုက်နိုင်အောင် ကြိုးစားရလိမ့်မယ်လို့ ကျွန်တော်တော့ မျှော်လင့်ပါတယ်။ ဒီအခြေအနေကို အကြောင်းပြုပြီးတော့ စစ်ကောင်စီဘက်ကလည်း သူတို့ရဲ့ ဌာနဆိုင်ရာ စာရွက်စာတမ်းတွေ သိမ်းဆည်းဖို့၊ ဖျက်ဆီးဖို့ နောက်တစ်ခုက လုံခြုံတဲ့နေရာတွေကို ရွှေ့ပြောင်းဖို့ဆိုတဲ့ ညွှန်ကြားချက်ထုတ်ပြီးသွားပါပြီ။ ဒီအရိပ်လက္ခဏာတွေအားလုံးက မန္တလေးကို ပြည်သူ့တော်လှန်ရေး နွေဦးတော်လှန်ရေးရဲ့ထိုးစစ်က ဦးတည်ဝင်ရောက်တော့မယ်ဆိုတာကို ဘက်အသီးသီးကနေ ညွှန်ပြနေပါတယ်ခင်ဗျ”
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရှမ်ပြည်နယ်မြောက်ပိုင်း တပ်စခန်းတွေကို ပြန်ရဖို့အပါအဝင် တစ်နိုင်ငံလုံးကို တည်ငြိမ်အေးချမ်းအောင် လုပ်မယ်လို့ သြဂုတ် ၅ ရက်နေ့မှာ နိုင်ငံပိုင်မီဒီယာတွေကတစ်ဆင့် ပြောပါဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ မဟာမိတ်တွေပါဝင်တဲ့ ရှမ်း-မန်း စစ်ဆင်ရေးဟာ မန္တလေးတိုင်းထဲကို ထိုးဖောက်ဝင်ရောက်ပြီး စတင်နေပြီလို့ ဇွန်လကုန်လောက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
အခုလက်ရှိ မန္တလေးတိုင်းထဲက မိုးကုတ်နဲ့ စဥ့်ကူးမြို့တွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားသလို သပိတ်ကျင်း၊ မတ္တရာနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။