တိုင်းလေးတိုင်းမှာ တိုက်ခိုက်မှုအတွက် စက်တပ်လေထီး အသုံးပြုလာ
2025.02.17

စစ်ကောင်စီဟာ ပါရာမော်တာ (Paramotor) လို့ခေါ်တဲ့ လူစီး စက်တပ်လေထီးတွေကို လေကြောင်းတိုက်ခိုက်မှုအတွက် အသုံးပြုလာတယ်လို့ တိုင်းလေးတိုင်းက ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
မန္တလေး၊ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းတွေမှာ အခုနှစ်ဆန်းပိုင်းကစပြီး အသုံးပြုလာတာလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စက်တပ်လေထီးသုံးပြီး ဗုံးကြဲတာ နှစ်ကြိမ်ရှိနေပြီး ဖေဖော်ဝါရီလ ၁၁ ရက် ညသန်းခေါင်ကျော်မှာ နတ်လာပို့မြောက်ရွာကို အဲဒီလေထီးသုံးပြီး ဗုံးကြဲခဲ့တဲ့အတွက် အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦး က RFA ကို ပြောပါတယ်။
"မနေ့ည သန်းခေါင်ကျော်ပေါ့ဗျာ။ အဲဒီ ပါရာမော်တာ အင်ဂျင်တပ်လေထီးနဲ့ လာ(ဗုံး)ချသွားတာပေါ့ဗျာ။ ဗုံးသီးသုံးလုံး ချသွားတာပေါ့ဗျာ။ ၁၂၀ မမနဲ့ပေါ့။ အရင်တစ်ခါကလည်း ဒီ ကနီမြို့နယ်၊ ဆူးလေကုန်းရွာမှာ တစ်ခါချဖူးသွားတယ်ဗျ။ ဒါပါနဲ့ဆို နှစ်ကြိမ်ရှိသွားပြီ ပေါ့ဗျာ"
စက်တပ်လေထီးနဲ့ ရမ်းပြီးဗုံးကြဲတဲ့အတွက်ကြောင့် ရေရှည်မှာ အရပ်သားပြည်သူတွေ ထိခိုက်မှုများလာနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ကိုင်းမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"သူတို့ချတဲ့ဟာတွေက ပြည်သူတွေအိမ်တွေကိုပဲ ကျတာပဲလေ။ အမှန်ဆိုရင်တော့ ကြာလာရင် ပြည်သူတွေ အများကြီးထိခိုက်နိုင်တာပေါ့"
"အရပ်သားပြည်သူကတော့ မှားပစ်ရင်၊ မှားထိရင် ထိခိုက်နိုင်တာပေါ့။ ရမ်းပစ်ရသလို ဖြစ်နေတယ်။ အပေါ်ကနေ ရမ်းပစ်သလိုဖြစ်တာပေါ့။ သူတို့တည်နေရာတွေ ပေးရင်ပေးမှာပေါ့လေ။ တည်နေရာရှိတာတော့ ရှိမှာပေါ့။ သူတို့ ရမ်းပစ်တာ၊ သူတို့ပြောတဲ့ တည်နေရာတွေက။ သူတို့ချတဲ့ဟာတွေက ပြည်သူတွေအိမ်တွေကိုပဲ ကျတာပဲလေ။ အမှန်ဆိုရင်တော့ ကြာလာရင် ပြည်သူတွေ အများကြီးထိခိုက်နိုင်တာပေါ့"
မန္တလေးတိုင်း၊ တောင်သာမြို့မှာလည်း စက်တပ်လေထီးနဲ့ ဗုံးကြဲတာကို ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး လုပ်လာတယ်လို့ ပြောကြပါတယ်။
တောင်သာမြို့နယ် သာစည်၊ ညောင်ကုန်း၊ ရုံးဇင်လေးနဲ့ ရွာတန်းရှည်ရွာတွေကို စစ်ကောင်စီတပ်က စက်တပ်လေထီး အသုံးပြုတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလတစ်လအတွင်း အရပ်သား ငါးဦး သေဆုံးတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မကွေးတိုင်းမှာလည်း စစ်ကောင်စီတပ်က စက်တပ်လေထီးတွေကို အခုလကစတင်ပြီး အသုံးပြုလာနေပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"ပေါက်တောင်ပိုင်းမှာ သုံးခါလောက် ဝင်နေပြီးပြီ။ ထိခိုက်သေဆုံးမှုတော့ မကြားသေးဘူးဗျ။ ပစ်တာတော့ သုံးခါလောက်ရှိပြီ။ အဲဒီ ပေါက်နယ်တောင်ပိုင်းကို လာလာပစ်နေတာ ကပစကနေပြီးတော့။ အဓိကကတော့ သူတို့ ကပစနား ချဉ်းကပ်လာမှာစိုးလို့ နယ်မြေတွေကို လှန့်တဲ့သဘောပါ။ အဲဒီသဘောပဲ ရှိမှာပါ"
ပွင့်ဖြူမြို့နယ်မှာလည်း စက်တပ်လေထီးနဲ့ ဗုံးကြဲတာတွေ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ ပဲခူးတိုင်းမှာလည်း လွန်ခဲ့တဲ့ လေးငါးရက်လောက်ကစတင်ပြီး စက်တပ်လေထီးတွေကို အသုံးပြုလာတယ်လို့ ညောင်လေးပင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုစစ်ကိုနိုင်က RFA ကို ပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့ ဧရာ၀တီတိုင်းအစပ်က နယ်မြေတွေမှာလည်း စစ်ကောင်စီတပ်က စက်တပ်လေထီးတွေ အသုံးပြုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တပ်လေထီးတွေ အသုံးပြုတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားခြင်းမရှိပါဘူး။
ဆက်နွှယ်သောသတင်းများ
တောင်သာမြို့နယ်မှာ စက်တပ်လေထီးနဲ့ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း ငါးဦးသေဆုံး
လေကြောင်းတိုက်ခိုက်မှုကြောင့် မုံရွာနဲ့ ချောင်းဦး ဒေသခံ ငါးထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရ
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု တစ်ရက်အတွင်း လူ ၁၂ ဦး သေဆုံး
စစ်ကောင်စီဟာ လေယာဉ်ဆီ ချွေတာချင်တာကြောင့် ဒီပစ္စည်းတွေသုံးလာတာဖြစ်မယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။
"အဓိကက ဒီလေယာဉ်ဆီ ချွေတာတာပါ။ ဒါသူတို့ ယာဉ်ယန္တရားပိုင်းမှာ ချို့တဲ့လာတဲ့အနေအထားမျိုးလို့ပဲ မြင်ပါတယ်။ ဒီစစ်နည်းဗျူဟာအရကတော့ ဒုတိယကမ္ဘာစစ်နည်းဗျူဟာပါ။ ဒါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်မှာဆိုရင် သုံးရဲတဲ့အနေအထားမရှိဘူးလေ။ ဒါ ပြည်မမှာပဲ သုံးတဲ့အနေအထားပါခင်ဗျ"
အာဏာသိမ်းကာလ လေးနှစ်အတွင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ရှစ်ထောင်ကျော်ရှိခဲ့တယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ (ISP-Myanmar) က ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
RFA ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း သေဆုံးရတဲ့အရပ်သား ၁၇၆၉ ဦးရှိတာ တွေ့ရပါတယ်။