တရုတ်ဒရုန်းတွေကို စစ်ကောင်စီ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာ
2024.12.09
တရုတ်နိုင်ငံထုတ် ကင်းထောက်ဒရုန်းရော၊ တိုက်ခိုက်ရေးသုံးဒရုန်းတွေကိုပါ စစ်ကောင်စီတပ်က ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
၂၀၂၃ နှစ်ကုန်ပိုင်းကစတင်ပြီး စစ်ကောင်စီတပ်ဟာ တရုတ်အကူအညီနဲ့ တပ်ကြပ်အဆင့်အထိ ဒရုန်းတွေ အသုံးပြုနိုင်အောင် သင်တန်းပေးလာတယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာပါဝင်သူ CDM ဗိုလ်ကြီးဇင်ယော်က RFA ကို ပြောပါတယ်။
“တရုတ်ကနေပြီးတော့ ဝယ်တယ်။ ပြီးရင် အရာရှိဦးစီးတဲ့အဖွဲ့တွေနဲ့ ဒရုန်းအဖွဲ့ဆိုပြီးတော့ သီးသန့်ဖွဲ့လာတာကို တွေ့ရတယ်ပေါ့နော်။ ပြီးရင် ကျွန်တော်တို့ မြေပြင်မှာရှိတဲ့ တချို့စစ်သည်တွေပေါ့နော်။ တပ်ရင်းဌာနချုပ်မှာရှိတဲ့ အထိုင်စစ်သည်တွေကပါ ဒရုန်းနဲ့ ကင်းထောက်နိုင်တဲ့အထိ သူတို့တွေ တစိုက်မတ်မတ်နဲ့ လေ့ကျင့်လာတဲ့ အနေအထားမျိုးရှိတယ်။ ဆင့်ပွားသင်တန်းတွေ ပေးတယ်။ ပြီးရင် ဒီဆင့်ပွား သင်တန်းတွေကနေပဲ အရာရှိစစ်သည်ပေါ့။ နောက်ဆုံး တပ်ကြပ်ကြီးအဆင့်လောက်ထိကို ဒရုန်းတွေ သုံးနိုင်လာအောင်၊ သုံးလာတဲ့ အနေအထားမျိုး တွေ့ရတယ်”
ဧပြီလကုန်ပိုင်းကစတင်ပြီး ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် အမှတ် (၅) လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ စစ်ဆင်ရေး နယ်မြေတွေမှာပါတဲ့ တိုင်းစစ်ဌာနချုပ်တချို့မှာ ဒရုန်းသင်တန်းတွေ ပေးနေတာပါ။
စစ်ကောင်စီ အသုံးပြုလာတဲ့ ဒရုန်းတွေဟာ တရုတ်နိုင်ငံထုတ်တွေ ဖြစ်တယ်လို့ ကရင်ပြည်နယ်အခြေစိုက် Cloud Wings ဒရုန်းတပ်ဖွဲ့တာဝန်ခံ ကိုငြိမ်းကလည်း RFA ကို ပြောပါတယ်။
“စစ်ကောင်စီက လက်ရှိ သူရင်ဆိုင်နေရတဲ့ စစ်မျက်နှာပြင် အားလုံးနီးပါးလိုလိုမှာ သူတို့ဘက်နေပြီးတော့ ဒီဒရုန်းတွေကို တွင်တွင်ကျယ်ကျယ် သုံးပြီးတော့ တိုက်ခိုက်လာတာတွေကို ကျွန်တော်တို့ တွေ့နေရတယ်ပေါ့နော်။ အဓိက သူတို့အများဆုံးသုံးနေတဲ့ ဒရုန်းတွေကတော့ တရုတ်ထုတ်တွေပါပဲ။ တရုတ်နိုင်ငံကနေပြီးတော့ သူတို့ အဓိက တင်သွင်းတယ်။ နည်းပညာပိုင်းရော၊ ပစ္စည်းပိုင်းအားဖြင့်ရောပေါ့နော်”
မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအထိ တော်လှန်ရေး အင်အားစုတွေဟာ ဒရုန်းနည်းပညာကို စစ်ကောင်စီတပ်တွေထက် ပိုပြီးထိထိရောက်ရောက် အသုံးပြုနိုင်ခဲ့တာပါ။
“စစ်ကောင်စီက တရုတ်ထုတ် တိုက်ခိုက်ရေးဒရုန်းတွေ အသုံးများလာပါတယ်”
ဒါကြောင့် တော်လှန်ရေး အင်အားစုတွေဆီ ဒရုန်းတွေ မရောက်အောင် ထိန်းချုပ်ဖို့ စစ်ကောင်စီရဲ့ ပြည်ထဲရေးဒုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က တရုတ်နိုင်ငံကို အကူအညီ တောင်းခံခဲ့တဲ့အကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ကြေးမုံသတင်းစာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီတပ်ကလည်း ဒီနှစ်ထဲမှာ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ဒရုန်းတွေကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာလို့ အရပ်သား ထိခိုက်သေဆုံးတာတွေ ရှိလာတယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းက မြို့နယ်တွေမှာ စစ်ကောင်စီက တရုတ်ထုတ် တိုက်ခိုက်ရေးဒရုန်းတွေ အသုံးများလာတယ်လို့ လေကြောင်းတိုက်ခိုက်မှုတွေကို စောင့်ကြည့်ဖော်ပြနေတဲ့ 𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐬𝐞 𝐂𝐨𝐦𝐫𝐚𝐝𝐞 အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က RFA ကို ပြောပါတယ်။
“အများဆုံးဖြစ်တာက အခုလက်ရှိ ရေဦးရယ်၊ နောက်ပြီးတော့ ဒီပဲယင်းရယ်၊ နောက်ခင်ဦးနယ်၊ တန့်ဆည်နယ်၊ ကန့်ဘလူနယ်ပေါ့နော်။ ဒီငါးမြို့နယ် ခြောက်မြို့နယ်လောက်ကတော့ တိုက်ခိုက်ရေးဒရုန်းတွေ များသောအားဖြင့် အသုံးပြုလာတာ များလာတယ်ပေါ့နော်။ တွေ့ရှိရတယ်။ နောက်ပြီးတော့ ပြည်သူ ထိခိုက်သေဆုံးတာ တွေ့တယ်ပေါ့နော်။ နောက်ပြီးတော့ စစ်ရှောင်တွေဘက်ကို ဒီစစ်ကြောင်း မြေပြင် စစ်ကြောင်းထိုးလာတဲ့အခါတွေမှာလည်း သူတို့ တိုက်ခိုက်ရေးဒရုန်းတွေ ပါလာပြီဗျ”
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ တရုတ်ထုတ် နည်းပညာမြင့် ထောက်လှမ်းရေးဒရုန်းတစ်စင်း ပျက်ကျခဲ့ပြီး တော်လှန်ရေး အင်အားစုတွေလက်ထဲ ရောက်ခဲ့ပါတယ်။
“စစ်ကောင်စီတပ်ဟာ ပစ်မှတ်ရှာဖွေတဲ့ ထောက်လှမ်းရေး ဒရုန်းတွေကို ပိုအသုံးပြုလာပါတယ်”
မကွေးတိုင်းမှာလည်း စစ်ကောင်စီက ဒရုန်းကို နေ့ရော ညပါ အသုံးပြုနေတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။
“သူတို့ (စစ်ကောင်စီတပ်) ကတော့ ဘယ်လိုသုံးလဲဆိုတော့ အစုံပါပဲ။ ကျွန်တော်တို့ ပွဲ(တိုက်ပွဲ) မဖြစ်လည်း သုံးတာပဲ။ ပွဲထဲမှာလည်း သုံးတယ်။ ပွဲမဖြစ်လည်း ဒီဒရုန်းတွေနဲ့ သူတို့ ဘယ်လိုခေါ်မလဲ သတင်းပေးပေါ့။ သူတို့ကို သတင်းပေးတဲ့ ဒီနေရာ၊ ဒီနေရာဆိုလို့ရှိရင် ဒီနေရာ၊ ဒီနေရာ အဲဒီလိုချတာ။ ဒါကတော့ ပွဲမဖြစ်လည်း အဲဒီလိုချတာပေါ့။ ပြီးတော့ ကျွန်တော်တို့ ညရေးညတာဆိုရင်လည်း ဒရုန်းတွေနဲ့ ဝဲတယ်။ လိုက်ကြည့်တယ်ပေါ့ဗျာ။ မြေပြင်အနေအထားတွေကို လိုက်ဝဲကြည့်တယ်။ အဲဒါမျိုးတွေလည်း ညတိုင်းလိုလို သုံးတယ်”
ပဲခူးတိုင်းမှာလည်း စစ်ကောင်စီက ဒရုန်းနဲ့ တိုက်ခိုက်တဲ့အတွက်ကြောင့် အရပ်သားတွေ ပိုပြီးထိခိုက်တယ်လို့ ညောင်လေးပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“အခုနောက်ပိုင်းမှာတော့ စစ်ကောင်စီက Multi-Rotor တို့လိုမျိုး Suicide (ဒရုန်း)တို့လိုမျိုး ကျွန်တော်တို့ ဒီတရုတ်ဘက်ကလာတဲ့ လေထီးနဲ့ နောက်က တွန်းအားဆွဲတဲ့ပုံစံမျိုးနဲ့ အဲဒီကောင်တွေပါ တွေ့လာရတယ်ပေါ့ဗျာနော်၊ ဒီရက်ပိုင်းတွေမှာ။ သူတို့ ဒရုန်းတွေ အသုံးပြုတဲ့အတွက်ကြောင့် ကျွန်တော်တို့ ရဲဘော်တွေကတော့ သိပ်ပြီး ထိရောက်မှု မရှိပေမဲ့ အရပ်သား ပြည်သူအများစုကတော့ ထိခိုက်တယ်ပေါ့နော်။ ထိခိုက်မှုတွေ များတယ်”
ရခိုင်ပြည်နယ်မှာလည်း စစ်ကောင်စီရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား နေအိမ်တွေ ထိခိုက်ပျက်စီးတာ ရှိတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့ ပရဟိတသမား ကိုဝေဟင်အောင်က RFA ကို ပြောပါတယ်။
“နောက်ပိုင်းမှာ စစ်ကောင်စီဘက်ကနေပြီးတော့ ဒရုန်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် လုပ်လာတယ်ဗျ။ ဒီဘက်မှာ တခြား တောင်ကုတ်ဘက်တို့၊ ဂွဘက်တို့၊ အမ်းဘက်တို့ဘက်မှာလည်း သုံးတယ်။ ဒါပေမဲ့ ရွာသားတွေက ခုန ပြောသလိုပေါ့ စစ်ဘေးရှောင်နေကြတဲ့အတွက် ရွာသားတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ ဒါပေမဲ့ ရွာတွေ ပျက်စီးတာ၊ မီးလောင်တာတော့ ရှိတယ်”
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ် (ကရင်နီပြည်) မှာလည်း စစ်ကောင်စီတပ်ဟာ ပစ်မှတ်ရှာဖွေတဲ့ ထောက်လှမ်းရေး ဒရုန်းတွေကို ပိုအသုံးပြုလာတယ်လို့ ကရင်နီပြည်ကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားက ပြောပါတယ်။
တရုတ်နိုင်ငံလုပ် ဒရုန်းတွေကို စစ်ကောင်စီတပ် အသုံးပြုနေတယ် ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ ရန်ကုန်မြို့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို ဒီဇင်ဘာလ ၉ ရက် ဒီနေ့မနက်ပိုင်းမှာ RFA က အီးမေးနဲ့ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းပြန်လာတာ မရှိသေးပါဘူး။
ဒရုန်းနဲ့တိုက်ခိုက်လို့ အရပ်သားတွေ သေဆုံးရတယ် ဆိုတဲ့ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းကတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
ဆက်နွှယ်သော သတင်းများ
စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် လေးလအတွင်း အရပ်သား ၃၈ ဦး သေဆုံး
စစ်ကောင်စီ ဒရုန်းအသုံးပြုတိုက်ခိုက်မှု ပိုများလာကြောင်း တော်လှန်ရေးအင်အားစုတွေ ပြော
ဒရုန်းတိုက်ခိုက်မှုတွေ စစ်ကောင်စီအတွက် ခြိမ်းခြောက်မှုဖြစ်လာ
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ စစ်တပ်ဟာ မြေပြင်နဲ့ကိုက်ညီတဲ့ နည်းဗျူဟာ တစ်ရပ်အနေနဲ့ ဒရုန်းတွေကို ပိုအသုံးပြုလာတာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“အဓိကအချက်ကတော့ ဘယ်လိုလဲဆိုတော့ ကိုယ်ရင်ဆိုင်နေရတာ ဘယ်လိုရန်သူမျိုးလဲပေါ့။ အဲဒီရန်သူက ကိုယ့်ကို ဘယ်လိုနည်းနဲ့သုံးနိုင်လဲ၊ အဲဒီရန်သူရဲ့ အားနည်းချက်၊ အားသာချက် ဒါတွေပေါ်မှာမူတည်ပြီးတော့ လိုအပ်တဲ့ စစ်လက်နက် နည်းဗျူဟာကို ချမှတ်ကြရတာပါပဲ။ အဲဒီတော့ နောက်ဆုံး ခြုံငုံသုံးသပ်ပြီး ပြောရမယ်ဆိုရင် တပ်မတော်သည် လက်ရှိသွားနေတဲ့အချိန်မှာတော့ လက်ရှိ မြေပြင်နဲ့ကိုက်ညီတဲ့ နည်းဗျူဟာမျိုးကို ပြောင်းလဲအသုံးချနေတဲ့ပုံစံလို့ပဲ သုံးသပ်လို့ ရပါလိမ့်မယ်”
အာဏာသိမ်း သုံးနှစ်ကျော်အတွင်း ပြီးခဲ့တဲ့နိုဝင်ဘာက စစ်ခေါင်းဆောင်ရဲ့ ပထမဆုံး တရုတ်ခရီးစဥ်မှာ အဆင့်မြင့်ဒရုန်းတွေ ထုတ်လုပ်တဲ့ Zhongyue Aviation UAV Firefighting-Drone Co.,Ltd. ကို သွားရောက်လေ့လာခဲ့တာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာထဲမှာလည်း စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းဟာ တရုတ်နိုင်ငံ ပေကျင်းမြို့က စက်မှုနည်းပညာဆိုင်ရာ ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ဒရုန်းနဲ့ လေကြောင်းသုံး စစ်လက်နက်ပစ္စည်းတွေကို သွားရောက်လေ့လာပြီး နည်းပညာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
RFA ကပြုစုထားတဲ့ စာရင်းတွေအရ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာနဲ့ နိုဝင်ဘာ နှစ်လအတွင်း နိုင်ငံတစ်ဝန်း အမျိုးသမီးနဲ့ ကလေးငယ် အပါအဝင် အရပ်သား ၁၃ ဦး သေဆုံးပြီး ၄၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အရပ်ဘက်အဖွဲ့တစ်ခုဖြစ်တဲ့ သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ကတော့ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ၂၀၂၄ ခုနှစ်၊ ဇွန်ကနေ စက်တင်ဘာအထိ လေးလအတွင်း ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ၃၈ ဦး သေဆုံးပြီး ဒဏ်ရာရသူ ခုနစ်ဆယ်အထိ ရှိခဲ့တယ်လို့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။
ဒါကြောင့် အခုနှစ် ဇွန်က နိုဝင်ဘာအထိ စစ်ကောင်စီရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် အရပ်သား ၅၁ ဦးအထိ သေဆုံးခဲ့ပြီး ၁၁၃ ဦးအထိ ဒဏ်ရာရရှိခဲ့ပါတယ်။