စစ်မှုထမ်းဖို့ ဆင့်ခေါ်တဲ့အခါ လာရောက်ဖို့ ပျက်ကွက်သူတွေကို တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက မေ ၂၀ ရက်က ပြောလိုက်ပြီးနောက် စာရင်းထဲပါသူတွေကို လိုက်လံစုံစမ်းနေတာကြောင့် အရေးယူခံရမယ့်အရေးကို လူငယ်တွေနဲ့ မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။
စစ်ကောင်စီအတွက် စစ်မှုမထမ်းချင်လို့ ပြည်ပနိုင်ငံတွေဆီ နည်းလမ်းမျိုးစုံနဲ့ တိမ်းရှောင်ခဲ့ကြတဲ့လူငယ်တွေဟာ ပြည်တွင်းမှာကျန်ခဲ့တဲ့ မိသားစုဝင်တွေအတွက် စိုးရိမ်နေကြပါတယ်။
“ကျွန်တော်တို့က သေချာပြီလေ။ ဒီစစ်မှုထမ်းဥပဒေမှာ ပျက်ကွက်သွားပြီ ဖြစ်တဲ့အတွက် ကျွန်တော့်မိဘတွေကို ရန်ရှာမှာ၊ ငွေဒဏ်တွေ အများကြီးတပ်မှာကို အရမ်းစိတ်ပူတယ်။ ကျွန်တော်တို့လည်း မြန်မာပြည်ကို လုံးဝ ပြန်လို့မဖြစ်နိုင်ဘူးဆိုတဲ့ ခံစားချက်တွေ ဖြစ်တဲ့အတွက် ဝမ်းနည်းတယ်။ လုံးဝလက်ခံနိုင်စရာ အကြောင်းမရှိဘူး။ မင်းအောင်လှိုင်က သူ့အတွက် အပြစ်မရှိတဲ့ ကျွန်တော်တို့လို လူငယ်တွေကို စတေးတယ်။ ထိုးကျွေးတယ်လို့ မြင်တယ်”
စစ်မှုထမ်းသင်တန်း အပတ်စဥ် (၁) မှာ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတာကြောင့် ထိုင်းနိုင်ငံကို တိမ်းရှောင်လာတဲ့ အသက် ၂၃ နှစ်အရွယ် ကိုလင်း ပြောသွားတာပါ။
စစ်ကောင်စီက စစ်မှုထမ်းသင်တန်း အပတ်စဥ် (၂) ဖွင့်ခဲ့ပြီး အခုနောက်ထပ် အပတ်စဥ် (၃) အတွက် လူသစ် စုဆောင်းနေပါတယ်။
"စစ်မှုထမ်းစာရင်းထဲ ပါသူတွေထဲက တိမ်းရှောင်သွားသူတွေရဲ့ ကျန်ခဲ့တဲ့မိသားစုဝင်တွေကို ဖိအားပေးတာတွေလည်း ရှိနေပါတယ်"
စစ်မှုထမ်း ဥပဒေပုဒ်မ (၂၃) အရ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ စစ်မှုထမ်းဖို့ဆင့်ခေါ်ချိန်မှာ ပျက်ကွက်ရင် ထောင်ဒဏ် သုံးနှစ်နဲ့ ငွေဒဏ် ချမှတ်ခံရနိုင်တယ်လို့ ဖော်ပြထားပါတယ်။
စစ်မှုမထမ်းရဖို့ တိမ်းရှောင်သွားသူတွေရဲ့ ကျန်ခဲ့တဲ့မိသားစုဝင်တွေကို ဘယ်လို အရေးယူအပြစ်ပေးမယ် ဆိုတာနဲ့ ပတ်သက်လို့တော့ ဥပဒေမှာ တိတိကျကျ မဖော်ပြထားဘဲ စစ်မှုထမ်းဥပဒေပါ ပြစ်မှုတစ်ခုခုကို အားပေးကူညီသူတွေကို ထောင်ဒဏ် တစ်နှစ်နဲ့ ငွေဒဏ် ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ရန်ကုန်မြို့မှာ စစ်မှုထမ်းဆင့်ခေါ်ခံရတဲ့ စာရင်းထဲပါတဲ့ သားနှစ်ဦးရဲ့ ဖခင်ဖြစ်သူကတော့ အရေးယူရင်လည်း ခံရမှာပဲလို့ ပြောပါတယ်။
“ကျွန်တော်တို့က ကိုယ့်သားသမီးဆိုတော့ စိုးရိမ်တာပေါ့။ အခု သူတို့က လူငှားထည့်ရမယ်ဆိုတော့ ပိုက်ဆံ တစ်ယောက်ကို နှစ်သောင်းနဲ့ ထည့်လိုက်တာပဲ။ စိတ်ကတော့ ပူတယ်။ သူကလည်း မသွားချင်ဘူး။ အရေးယူမယ်ဆိုရင်လည်း ယူလည်းယူပေ့ါ။ ကိုယ်က တောသူတောင်သားတွေဆိုတော့ ဘာလုပ်လို့ရမှာလဲ။ သူတို့လုပ်သလိုပဲ ဖြစ်ရမှာပေါ့”
စစ်ကောင်စီ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကလည်း စစ်မှုထမ်းစာရင်းထဲ ပါသူတွေထဲက တိမ်းရှောင်သွားသူတွေရဲ့ ကျန်ခဲ့တဲ့မိသားစုဝင်တွေကို ဖိအားပေးတာတွေလည်း ရှိနေပါတယ်။
လုံခြုံရေးအရ အမည်လွှဲထားတဲ့ ကိုကျော်စွာက ထိုင်းနိုင်ငံကို ရောက်နေပြီဖြစ်ပေမဲ့ ကျန်ခဲ့တဲ့သူ့မိသားစုဝင်တွေက ခြိမ်းခြောက်ခံနေရတယ်လို့ ပြောပါတယ်။
“ကျွန်တော် ဒီဘက်ရောက်လာတော့ သူတို့က အိမ်ကလူတွေကို ခဏခဏ ဖုန်းဆက်ပြီးတော့ လူခေါ်ပေးဆိုပြီး ပြောနေတယ်။ အဲဒါနဲ့ အိမ်ကလည်း ကျွန်တော်တို့ကို ဖုန်းဆက်ပြီးတော့ ပြောလာတယ်။ အဲဒီတော့ ကျွန်တော် ပြန်လာခဲ့ရမလားလို့ မေးတယ်။ အိမ်က လူတွေက မလာနဲ့ ဒီမှာ ဘာပဲဖြစ်ဖြစ် သူတို့ဖြေရှင်းမယ်လို့ ပြောတယ်။ သူတို့က နှစ်ရက်ခြားတစ်ခါ ပုံမှန် ဖုန်းဆက်ပြီး မေးတယ်။ လူစားထိုးဖို့ သိန်းနှစ်ဆယ်၊ သိန်းသုံးဆယ်လောက် တောင်းတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက။ သူတို့အာဏာရူးတာက ကျွန်တော်တို့လူငယ်တွေ ဒုက္ခရောက်တယ်။ ကျွန်တော်တို့ မသွားရင်လည်း အိမ်ကလူတွေကို ဖိအားပေးတယ်။ သူတို့ဟာ သူတို့အာဏာရူးပြီး ပြည်တွင်းမှာ အချင်းချင်း စစ်တိုက်ခိုင်းတာကို ဘယ်သူက တိုက်ချင်မှာလဲ”
စစ်မှုထမ်းစာရင်းမှာ မပါဖို့အတွက် စစ်ကောင်စီ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့တွေက ငွေတောင်းပြီး လူစားထိုးတဲ့သတင်းတွေ၊ ကျန်ခဲ့တဲ့မိသားစုဝင်တွေကို ခြိမ်းခြောက်အကျပ်ကိုင်တဲ့ သတင်းတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာခဲ့တဲ့ လူငယ်တစ်ဦးကလည်း စစ်မှုထမ်းရှောင်ဖို့ ပြည်ပကို ရောက်နေပေမဲ့လည်း ပြည်တွင်းမှာကျန်ခဲ့တဲ့ မိသားစုဝင်တွေအတွက် တွေးပူနေပါတယ်။
“ကိုယ်ကတော့ လက်ရှိ ကိုယ့်နိုင်ငံထဲမှာ မဟုတ်ဘူးဆိုပေမဲ့ ဟိုမှာကျန်ခဲ့တဲ့မိဘတွေ ရှိသေးတဲ့အတွက် အခြေအနေ အမျိုးမျိုးအတွက်ကို ကျွန်တော်တို့က ပြင်ဆင်ထားရမှာပဲလေ။ စိတ်ပူပန်မှုတော့ ရှိပေမဲ့ ကျွန်တော်တို့ လက်ရှိအခြေအနေမှာ ဘာမှလုပ်ပေးလို့ မရဘူး။ စိတ်ကတော့ အကောင်းဆုံး ပြင်ဆင်ထားတယ်”
ဧရာဝတီတိုင်း ငရုတ်ကောင်းမြို့မှာဆိုရင် စစ်မှုထမ်းဥပဒေမှာ အကျုံးဝင်သူတွေ စစ်မှုထမ်းစာရင်းသွင်းဖို့နဲ့ ပျက်ကွက်ရင် မိသားစုကို အရေးယူမယ်ဆိုတဲ့အကြောင်း ရေးသားထားတဲ့စာတွေကို ပြည်သူတွေကြားထဲ လိုက်လံဖြန့်ဝေနေတယ်လို့ ငပုတော ဒေသခံတွေက ပြောပါတယ်။
ဖျာပုံမြို့နယ် လက်ပံရွာမှာ မေလကုန်လောက်က စစ်မှုထမ်းဖို့မဲပေါက်လို့ ထွက်ပြေးသွားတဲ့လူငယ်တစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေပြီး ရိုက်နှက်ညှဥ်းပန်းကာ ဖမ်းဆီးသွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ ထိုးစစ်တွေကြောင့် နိုင်ငံတစ်ဝန်း စစ်ရေးရှုံးနိမ်နေတဲ့ စစ်ကောင်စီက ယုတ်လျော့လာတဲ့ တပ်အင်အားကိုဖြည့်ဖို့ အတင်းအကျပ် လူသစ်စုဆောင်းနေတာပါ။
ဗမာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာရေးအဖွဲ့ (Burma Affairs and Conflict Study – BACS) ရဲ့ မေ ၂၉ ရက်ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ စစ်ကောင်စီဟာ စစ်မှုထမ်းအပတ်စဥ် (၁) နဲ့ (၂) အတွက် သင်တန်းကျောင်းပေါင်း ၂၁ ကျောင်း ဖွင့်လှစ်ထားပြီး အပတ်စဥ် နှစ်ခုပေါင်းအတွက် လူဦးရေ ကိုးထောင်ခန့် စုဆောင်းထားတယ်လို့ ဖော်ပြထားပါတယ်။