မုံရွာမြို့နယ် ကျပိုင်ရွာမှာ မီးရှို့သတ်ဖြတ်ခံရတဲ့ အရပ်သား ၁၈ ဦးရဲ့ အလောင်း တွေ့ထား
2023.12.03
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ကျပိုင်ရွာထဲကို ဒီဇင်ဘာ ၂ ရက်မနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ စီးနင်းဝင်ရောက်ခဲ့ပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့သလို ဒီနေ့အထိ မီးရှို့သတ်ဖြတ်ခံထားရတဲ့ ရွာသား ၁၈ ဦးအလောင်း တွေ့ခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီဇင်ဘာ ၃ ရက် ဒီနေ့နေ့လယ်ပိုင်းအထိ မီးလောင်ကျွမ်းထားတဲ့ အသက်နှစ်ဆယ်ကနေ ငါးဆယ်ကျော်အရွယ် ဒေသခံရုပ်အလောင်း ၁၈ လောင်း တွေ့ထားတယ်လို့ ဆိုပါတယ်။
"ကျပိုင်ရွာပတ်လည် မီးလိုက်ရှို့တယ်။ မနေ့ကသူတို့အထိနာသွားတဲ့အတွက် သူတို့ (ပျူစောထီး)တွေ တန်ပြန်တာပေါ့နော်”
ရွာထဲက အသိမိတ်ဆွေတွေ သေဆုံးခဲ့ရသလို အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွား ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျပိုင်ရွာခံတစ်ဦးက RFA ကိုပြောပါတယ်။
“ကျွန်တော်တို့ သွားကြည့်ရသလောက်တော့ အဲအိမ်တွေမှာရောက်တော့ ပုံသဏ္ဌာန်တွေက ပျက်ကုန်ပါပြီဗျ။ မီးကျွမ်းတာတွေ မဲလို့၊ ဘာလို့။ ကိုယ့်မိသားစု အသိုင်းအဝိုင်းမပါပေမယ့် ကိုယ့်သူငယ်ချင်းအပေါင်း အသင်းတွေပါတယ်လို့ပြောတော့ ခံစားရပါတယ်။ ခံစားရတဲ့ အဆုံးကတော့ ပြောတောင်မပြောတတ်ပါဘူးဗျာ။ အလွန်အကျွံကို ဖြစ်ပါတယ်။ ရက်စက်လွန်းပါတယ်။ မိသားစုတွေအကုန် တစ်ကွဲတစ်ပြားစီ၊ နေစရာ ထိုင်စရာမဲ့နေတဲ့ ပုဂ္ဂိုလ်လို တော်တော့်ကိုဖြစ်သွားပြီ”
အဲဒီအဖွဲ့ဟာ ရွာထဲကအိမ်တွေကို မီးရှို့ပြီး ညနေ ၃ နာရီလောက် ရွာထဲက ပြန်ထွက်သွားပြီးနောက် ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ဒေသခံတွေ ရွာထဲဝင်ရောက် မီးငြှိမ်းရာမှာ ရွာအလယ်အိမ်တစ်အိမ်ထဲက အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံထားရတဲ့ အမျိုးသားရုပ်အလောင်း ဆယ်လောင်းကို စတွေ့ခဲ့တာပါ။
မုံရွာအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကလည်း ဒီဇင်ဘာ ၃ ရက် ဒီနေ့မနက်ပိုင်း ရွာထဲကို ရှင်းလင်းရေး ဝင်လုပ်ချိန် နောက်ထပ် မီးလောင်ပျက်စီးနေတဲ့ ရုပ်အလောင်းတွေ ထပ်တွေ့ခဲ့တာကြောင့် ၁၈ လောင်းရှိပြီလို့ RFA ကို ပြောပါတယ်။
“အခုက ကျွန်တော်တို့ကို နယ်မြေခံက လှမ်းပြောတာ။ အခု ရှင်းလင်းရေးဝင်နေပြီ ရွာထဲကို။ မနေ့ကထိကို သတင်းရတာ ၁၁ လောင်း၊ ၁၁ လောင်းကိုမှ ဒီနေ့မနက်ခင်း ရှင်းလင်းရေးဝင်တော့ နောက်ထပ် ထပ်တိုးအားလုံးပေါင်း၊ စုစုပေါင်း ၁၈ လောင်း။ မပီတော့ဘူးတဲ့။ အရိုးတွေပဲ ကျန်တော့တာတဲ့။ ရှင်းလင်းရေးဝင်နေတဲ့အတွက် အခုက မပြီးသေးဘူး။ အခု ရှင်းလင်းရေး ထပ်ဝင်နေတာတဲ့ မတွေ့ပါစေနဲ့ ဆုတောင်းနေကြတာတဲ့။ ထပ်ထပ်တွေ့ နေလို့တဲ့။ အိမ်ကတော့ ၁၇၀၊ ၁၈၀ လောက်ပါသွားတယ်တဲ့”
ဒီဇင်ဘာ ၂ ရက်၊ မနေ့မနက် ၇ နာရီခန့်က မြေနဲရွာ စွမ်းရည်ထက်ဆီဆိုင်နားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ အင်အား ရှစ်ဆယ်ကျော် ကျပိုင်ရွာထဲ ဝင်ရောက်စီးနင်းခဲ့တာလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးက မနေ့ကတွေ့ခဲ့တဲ့ ရုပ်အလောင်းတွေလည်း ဘယ်သူဘယ်ဝါမှန်း မသိနိုင်လောက်အောင် ဖြစ်နေတာကြောင့် မိသားစုဝင်တွေက ကျန်ခဲ့တဲ့ အဝတ်အစား အပိုင်းအစတွေနဲ့ တိုက်စစ်ပြီးမှသာ ခွဲခြားလို့ရခဲ့တာလို့ RFA ကို ပြောပါတယ်။
“တောအလုပ်ထဲမှာ မိတဲ့သူတွေရော မိတယ်။ အိမ်တွေထဲမှာ ကျန်နေခဲ့တဲ့ သူတွေကလည်း အဲလိုကျန်နေခဲ့တာဗျ။ ဆယ်လောင်းကလည်း အိမ်တစ်အိမ်တည်းမှာပဲ ပိတ်ပြီးတော့ အဲဒါ ပစ်သတ်ပြီးသွားမှ မီးရှို့သွားတာလား။ ဒါမှမဟုတ် ဒီအတိုင်းပဲ မပစ်သတ်ဘဲနဲ့ မီးရှို့သွားတာလား မသိရဘူးဗျ အဲလို။ ရုပ်အလောင်းတွေကတော့ ဘယ်လိုမှ မပီတော့ဘဲနဲ့ သက်ဆိုင်ရာ ကာယကံရှင်တွေက သူတို့ အမှတ်အသားလေးတွေ၊ အင်္ကျီအမှတ်အသား လေးတွေ ပါတာလောက်ပဲ ကြည့်ပြီးတော့ ဒါသူတို့လူပါ၊ ဒါသူတို့လူပါလို့ ပြောလို့ရတာမျိုးဗျ။ တစ်လောင်းပဲ ရုပ်အလောင်း ပီတယ်ဗျ”
အိမ်ခြေတစ်ထောင်နီးပါး၊ လူဦးရေ သုံးထောင်ဝန်းကျင်နေထိုင်တဲ့ ကျပိုင်ရွာမှာ နေအိမ်နှစ်ရာနီးပါးလည်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျပိုင်ရွာစီးနင်းမခံရခင် ဒီဇင်ဘာ ၁ ရက်နေ့က ကျပိုင်ရွာနဲ့ကပ်လျက် ပျူစောထီးတွေရှိတဲ့ တောပုရွာက စခန်းကို PDF ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် (၅) တပ်ရင်း အောင်ဆန်းတပ်ဖွဲ့တာဝန်ခံ ကိုအောင်ရှိန်းက RFA ကို ပြောပါတယ်။
“မုံရွာ-မန္တလေး ကားလမ်းဘေးမှာ သူတို့ (ပျူစောထီးအဖွဲ့) တက်တက်ထိုင်တဲ့ နေရာလေးရှိတယ်ပေါ့ဗျာ။ ယာယီ စခန်းပေါ့ဗျာ။ ယာယီအခြေပြုတဲ့ နေရာပေါ့။ အဲဒီနေရာကို ကျွန်တော်တို့က ဝင်ရောက်တိုက်ခိုက်တာပေါ့နော်။ အဲဒီနေရာကနေ သူတို့ (လုံးဝ) ဆုတ်သွားတယ်။ တောပုရွာထဲကိုပြန်ဝင်သွားတယ်။ ကျွန်တော်တို့ဘက် ကတော့ အထိအခိုက်လုံးဝမရှိဘူး။ ၂ ရက်နေ့ကတော့ သူတို့(ပျူစောထီးအဖွဲ့) တောပုမှာ အင်အားပြန်စုဖွဲ့ပြီး တော့ ကျပိုင်ကို ဝင်စီးတာပေါ့နော်။ ကျပိုင်ရွာပတ်လည် မီးလိုက်ရှို့တယ်။ မနေ့ကသူတို့အထိနာသွားတဲ့အတွက် သူတို့ (ပျူစောထီး)တွေ တန်ပြန်တာပေါ့နော်”
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံတစ်ဝန်း သေဆုံးခဲ့ရတဲ့ အရပ်သား ၄၂၁၈ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။