မြိုင်နဲ့ ပေါက်မြို့နယ်မှာ တစ်လအတွင်း ရေနံတွင်း ၃၂၀ ခန့် မီးရှို့ဖျက်ဆီးခံရ

2022.08.10
မြိုင်နဲ့ ပေါက်မြို့နယ်မှာ တစ်လအတွင်း ရေနံတွင်း ၃၂၀ ခန့် မီးရှို့ဖျက်ဆီးခံရ မကွေးတိုင်း၊ မြိုင်နယ်အနောက်ပိုင်း ကျောက်ခွက်ရွာအနီးမှ ရေနံတွင်းများ မီးလောင်နေသည်ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့က တွေ့ရစဉ်
Photo: We Love Myaing

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ခိုက်မှုတွေ ပြင်းထန်နေတဲ့ မကွေးတိုင်း မြိုင်နဲ့ ပေါက်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ဒေသခံတွေရဲ့ လက်လုပ်ရေနံတွင်းပေါင်း ၃၂၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိုင်မြို့နယ် ဝယ်တောင်၊ ဆူးဝင်း၊ ကျောက်ခွက် စတဲ့ ကျေးရွာတွေဘက်မှာ တွင်းပေါင်း ၁၇၀ ခန့်နဲ့ ပေါက်မြို့ နယ်က လက်ပံတို၊ လယ်အို၊ သရက်ကန်၊ ကြက်ဆူအိုင့်၊ နယ်သတ်၊ ဆုံကုန်း စတဲ့ ကျေးရွာတွေဘက်မှာ တွင်းပေါင်း ၁၅၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး ဆုံးရှုံးမှု ကာလတန်ဖိုး ငွေကျပ်သန်းပေါင်း တစ်သောင်းခန့် ရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။

မြိုင်မြို့နယ် ရေနံမှော်တစ်ခုမှာ လုပ်ကိုင်နေတဲ့ အမည်လွှဲ ကိုအောင်မြိုင်ကတော့ မီးရှို့ ဖျက်ဆီးခံရတဲ့အထဲမှာ သူ့အလုပ်ရှင်ရဲ့ ရေနံတွင်းတွေလည်း ပါဝင်ကြောင်းနဲ့ ကာလတန်ဖိုး ငွေကျပ်သိန်းပေါင်း နှစ်သောင်းလောက် ဆုံးရှုံးခဲ့ရကြောင်း ပြောပါတယ်။

"ကျနော်တို့က ဆီခပ်တာပါ အစ်ကို။ အငှားပါ။ ကျနော်တို့ ဘောစိတွေလည်း အကုန်လုံး ဘာမှကို မကျန်တော့ ဘူး။ ကျနော်တို့ လက်ရှိ ထိခိုက်မှုကတော့ အကြမ်းဖျင်းပေါ့ နှစ်သောင်း ပတ်ချာလည်လောက် ဆုံးရှုံးတယ်ဗျ။ ကျနော်တို့ ဘောစိတစ်ဦးတည်းကို ကျင်းက ခုနစ်ကျင်း ပါသွားတာ။ သူက နှစ်လုံးကျင်း တစ်ကျင်းရယ်၊ လေးလုံး ကျင်း တစ်ကျင်းရယ် ကျန်တဲ့ ဟာတွေက ပုံးကျင်းတွေဗျ"

ရေနံတွင်းတွေ မီးရှို့ဖျက်ဆီးခံလိုက်ရလို့ အလုပ်သမားအချို့လည်း အလုပ်လက်မဲ့ ဖြစ်သွားကြတယ်လို့ ဆိုပါတယ်။

ရေနံတွင်းတစ်ခု ရေနံကြောကိုရောက်ဖို့အတွက် မြေအောက်ပေ ၁၅၀၀ နဲ့ ၂၀၀၀ အကြား တူးရတဲ့တွင်းဆိုရင် ငွေကျပ် သိန်းတစ်ရာ ဝန်းကျင်ကုန်ကျပြီး ပေပေါင်း ၄၄၀၀ လောက်အထိ တူးကြရတဲ့ တွင်းတွေဆိုရင် ငွေကျပ် သိန်း ၂၀၀ ကျော်အထိ ကုန်ကျတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေနံအောင်မြင်တဲ့ တွင်းတစ်တွင်းရဲ့ တန်ဖိုးဟာ ငွေကျပ် သိန်း ၅၀၀ ခန့် ရှိတယ်လို့လည်း ပြောကြပါတယ်။

ရေနံတွင်းတူးရာမှာ အသုံးပြုရတဲ့ ပစ္စည်းကိရိယာတွေဈေးကြီးသလို စစ်ကောင်စီ တပ်ကလည်း အမြဲလိုလို စစ်ကြောင်း ထိုးနေတာကြောင့် အခုနောက်ပိုင်း ဆုံးရှုံးသွားတဲ့ ရေနံတွင်းတွေအစား အသစ်ထပ်မတူးနိုင်ကြတော့ဘူးလို့ ဆူးဝင်းရွာက ကိုပေါက်က ပြောပါတယ်။

"အခုက ပိုပြီး ဈေးတွေ ကြီးတယ်။ ကြီးတယ်ဆိုတာက အရင်တုန်းက ချပိုက် ၂၄ ဂိတ် တစ်လုံးကို သုံးသောင်း ပတ်ချာလည်ပဲ ရှိတာ။ အခုက ခြောက်သောင်းလောက် ဖြစ်သွားတာ။ အဲ့ဟာတွေက ဈေးက နှစ်ဆလောက် ဖြစ်သွားတာ။ အရင်က ပိုက်အဟောင်းတစ်လုံးကို တစ်သောင်းခွဲလောက်ကနေ အခုက သုံးသောင်း လောက် ဖြစ်သွားတာ။ ရေနံကျင်းတွေဘက် မလှည့်ရဲလောက်အောင် ဖြစ်နေတာလေ။ လုပ်လည်း ခဏခဏ စစ်ကြောင်း လာနေတော့ ဒီကျင်းကြီး ရပ်ပစ်လိုက်ပြီးတော့ ပြေးရတော့ ဒုက္ခရောက်လို့ သိပ်မလုပ်ကြတော့ဘူး။ အရင် ကျင်းဟောင်းလေးတွေပဲ ပြန်ပြီးတော့မှ ခပ်နေကြတာပဲ ရှိတာ။ အသစ်တွေ ထပ်မလုပ်ရဲကြတာ"

ရေနံမှော်တွေမှာ တူးတဲ့တွင်းတိုင်း မအောင်မြင်တာကြောင့် အခုမီးရှို့ဖျက်ဆီးခံရတဲ့ ရေနံတွင်းတွေဟာလည်း ငွေကြေးအရင်းအနှီးအများအပြားနဲ့ ခက်ခက်ခဲခဲ ရရှိထားတဲ့ တွင်းတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငွေကြေးတတ်နိုင်တဲ့ လုပ်ငန်းရှင်တွေက မြေဝယ်ပြီး စက်အား၊ လုပ်အား၊ ငွေအားနဲ့ လုပ်ကိုင်ကြသူတွေရှိသလို ငွေကြေးမတတ်နိုင်တဲ့သူတွေကတော့ စုပေါင်းစနစ်နဲ့ လုပ်ကိုင်ကြတာလည်းရှိပါတယ်။

ရေနံအောင်မြင်တဲ့လုပ်ငန်းကြီးသမားတွေရဲ့ တစ်ပတ်ဝင်ငွေဟာ အနည်းဆုံး သိန်း ၁၀၀ ဝန်းကျင်ရှိပြီး တစ်ပိုင် တစ်နိုင် သမားတွေကတော့ တစ်ပတ်ဝင်ငွေဟာ အနည်းဆုံး ငါးသိန်းခန့် ရှိကြပါတယ်။

"လုပ်လည်း ခဏခဏ စစ်ကြောင်း လာနေတော့ ဒီကျင်းကြီး ရပ်ပစ်လိုက်ပြီးတော့ ပြေးရတော့ ဒုက္ခရောက်လို့ သိပ်မလုပ်ကြတော့ဘူး။"

အခုလို ငွေကြေးအရင်းအနှီးအများအပြားနဲ့ လုပ်ကိုင်နေရတဲ့ ရေနံတွင်းတွေဟာ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေတဲ့ စစ်ကောင်စီအတွက် ပစ်မှတ်တစ်ခုဖြစ်လာနေတယ်လို့ မြိုင်မြို့နယ် ကျေးရွာများ တော်လှန်ရေးတပ်ဦးက ခေါင်းဆောင် ဦးအောင်ဇေယျ ကပြောပါတယ်။

"ဇူလိုင်လဆန်းကတည်းကပဲ ဒီစစ်ကြောင်းတွေက ဆက်တိုက်ထိုးတာပေါ့နော်။ အဓိကကတော့ မှော်ထဲကို ပစ်မှတ်ထားပြီး ထိုးတယ်လို့ ယူဆရတယ်။ ဒီမှော်ထဲမှာ ရေနံလုပ်ငန်းတွေရှိတဲ့ အခါကျတော့လေ။ အဲ့မှာ ကြက်ဆူအိုင့်တို့၊ ကျောက်ခွက်တို့၊ ဆူးဝင်းတို့ပေါ့ အစရှိသဖြင့် အဲ့လို ကျေးရွာတွေကို ပတ်မွှေတယ်။ ပြီးတော့ ဒီ ဝယ်တောင်နားက ကျေးရွာတွေဖြစ်တဲ့ တောင်ဆုံ ဘက်ကိုလည်း ရောက်တယ် မွှေတယ်။ အဲ့ဒါမျိုးတွေပဲ ဒီလထဲမှာ ဆက်တိုက် စစ်ကြောင်းထိုးတာပေါ့။ စစ်ကြောင်းထိုးတဲ့ အခါမှာလည်း သာလွန်အင်အားတွေနဲ့ သုံးတာ တွေ့ရတယ်"

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အစွမ်းကုန်ခုခံနေပေမယ့် စစ်ကောင်စီတပ်နဲ့ လက်နက်အင်အား မမျှတာကြောင့် နောက်ဆုတ်ပေးရတာတွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီရေနံတွင်းတွေကနေတစ်ဆင့် PDF အဖွဲ့တွေ အထောက်အပံ့ ရနေတာကြောင့် လုံခြုံရေးအရ ဆောင်ရွက်ရတာလို့ ဇူလိုင်လ ၂၆ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

“မြိုင်နဲ့ ဆက်စပ်တဲ့နေရာတွေ၊ လက်ပံတို၊ ကျောက်ခွက်လိုနေရာတွေမှာ လက်ယက် တွင်း ရေနံတွေထွက်တဲ့ အတွက်ကြောင့်မို့လို့ အထောက်အပံ့တွေ ရနေတယ် ဆိုတာသိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့က လုံခြုံရေးအရ ဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်လျက် ရှိတယ်လို့ပဲ ကျနော်ပြောချင်ပါတယ်”

magway drill
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်းက မီးရှို့ဖျက်ဆီးခံရသည့် မကွေးတိုင်း မြိုင်မြို့နယ်အတွင်းမှ တစ်နိုင်တစ်ပိုင် ရေနံတွင်းတစ်ခုကို တွေ့ရစဉ် (Photo: နွေဦးတော်လှန်ရေး-မြိုင်)

မြိုင် PDF ခေါင်ဆောင် ဗိုလ်လက်ျာ ကတော့ ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ ပြည်သူတွေရဲ့ ရေနံတွင်းတွေဆီက ငွေကြေးအထောက်အပံ့ရဖို့ ကြိုးစားတာမရှိဘူးလို့ တုံ့ပြန်ပါတယ်။

"ကျနော်တို့ကိုတော့ အခွန်ဆောင်ပြီး အခွန်အခတော့ မဆောင်ပါဘူး။ ဒေသခံတွေ ကျနော်တို့ရဲ့ အင်အားစု ထဲမှာ ကျနော်တို့ရဲ့ သားသမီးတွေ၊ မိဘတွေအကုန်လုံး ပါနေ ကြတာဆိုတော့ လှူတာတန်းတာ တော့ ရှိတာပေါ့။ ကျနော်တို့ကို အခွန်ဆောင်ရတယ် ဆိုတာမရှိဘူး။ ကျနော်ဆို ဒီမှာ တော်တော်များများ စနစ်တကျသွားတာ။ ကျေးရွာပေါင်းတွေ အကုန်လုံးက ဟိုရေနံကထွက် ဒီရေနံကထွက်ရင် ပိုက်ဆံ မကောက်ဖို့ ဒီက ရလာတဲ့ လှူတဲ့ တန်းတဲ့ ငွေတွေကိုလည်း ဆယ်သိန်းရတယ်ဆိုရင် ကျနော်တို့ မြို့နယ်အဖွဲ့တွေကို တစ်ဖွဲ့ကို တစ်သိန်းစီ ဒါမှမဟုတ် တစ်သိန်းခွဲစီ အဲ့လို စိစစ်သုံးစွဲတာ"

စစ်ကောင်စီအနေနဲ့ PDF တွေကို ပြည်သူတွေ ဆက်လက်ထောက်ပံ့မှုတွေ မပေးနိုင်အောင် ဒေသခံတွေရဲ့ ရေနံတွင်းကို ပစ်မှတ်ထားမီးရှို့ဖျက်ဆီးနေတာလို့လည်း ဒေသခံတွေက ပြောကြပါတယ်။

မြိုင်နဲ့ပေါက်မြို့နယ် အစပ်မှာ ရေနံထွက်ရှိတဲ့တွင်းတွေ၊ တူးလက်စ တွင်းတွေနဲ့ တွင်းဟောင်း၊ တွင်းပျက် စတဲ့ ရေနံတွင်းပေါင်း တစ်သောင်း ဝန်းကျင်ရှိပြီး ဒေသခံတွေ အနေနဲ့ ဒီရေနံမှော်ကိုပဲ အမှီပြုရပ်တည်နေကြရတာပါ။

ကိုလိုနီခေတ်က ချောက်ရေနံမြေ သပိတ်ကနေ စတင်ခဲ့တဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံဟာ လွတ်လပ်ရေး ကြိုးပမ်းမှုနဲ့ နယ်ချဲ့ဆန့်ကျင်ရေးမှာ အရေးပါတဲ့ လူထုလှုပ်ရှားမှုတစ်ခုအဖြစ် မြန်မာ့သမိုင်းမှာ ထင်ရှားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။