တရုတ်ကြေးစားတပ်တွေ မြန်မာပြည်တွင်း တိုက်ပွဲတွေမှာ ပါလာမှာလား

Zachary Abuza ရေးသားပြီး ရဲခေါင်မြင့်မောင် ဘာသာပြန်ဆိုသည်
2024.11.23
တရုတ်ကြေးစားတပ်တွေ မြန်မာပြည်တွင်း တိုက်ပွဲတွေမှာ ပါလာမှာလား Images by AP, Adobe Stock (Amanda Weisbrod/RFA)
Photo: RFA

“တရုတ်ကြေးစားတပ်တွေ မြန်မာပြည်ကတိုက်ပွဲထဲ ဝင်ပါလာမှာလား” ဆိုတဲ့ခေါင်းစဉ်နဲ့ သုံးသပ်ချက် တစ်ပုဒ်ကို အမေရိကန် စစ်တက္ကသိုလ်ပါမောက္ခတစ်ယောက်ဖြစ်တဲ့ RFA ရဲ့ ပင်တိုင်ဆောင်းပါးရှင် ဇက်ခါရီ အဘူဇာက ရေးသားလိုက်ပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ မြန်မာနိုင်ငံကိုလာသွားတဲ့ကိစ္စနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံကိုသွားရောက်ခဲ့တဲ့ဖြစ်ရပ်နှစ်ခုအပြီးမှာ PMC (Private Military Corporations) လို့ ခေါ်တဲ့ တရုတ်ပုဂ္ဂလိကပိုင်လုံခြုံရေးတပ်ဖွဲ့တွေ မြန်မာနိုင်ငံမှာ ချထားဖို့သဘောတူညီချက်ပေါ်လာတဲ့အကြောင်း ဆောင်းပါးရှင် ပါမောက္ခ ဇက်ခါရီအဘူဇာက ဆိုပါတယ်။

တရုတ်အနေနဲ့ အခုလို မြန်မာနိုင်ငံမှာ ကြေးစားလက်နက်ကိုင်တပ်ဖွဲ့တွေ လာချထားမယ့် အစီအစဉ်ဟာ စစ်ကောင်စီရဲ့ အင်အားယုတ်လျော့ကျဆင်းမှုနဲ့ တရုတ်အစိုးရက မြန်မာစစ်တပ်ရဲ့ အစွမ်းအစကို အယုံအကြည်မရှိတဲ့လက္ခဏာဖြစ်ပါတယ်လို့ ဆောင်းပါးရှင်က ပထမဆုံး သုံးသပ်ပါတယ်။

စီမံကိန်းနဲ့ အကျိုးစီးပွားတွေကို မြန်မာစစ်တပ်က ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်စွမ်းနဲ့ ပတ်သက်လို့ တရုတ်အစိုးရက စိုးရိမ်ပူပန်နေတာ ထင်ရှားပြီး၊ အခုလို တရုတ်ရဲ့ ပုဂ္ဂလိကတပ်တွေ ချထားဖို့ ခွင့်ပြုလိုက်ရတာဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက်လည်း အရှက်ရစရာ ဖြစ်စေပါတယ်။

ဒီအစီအစဉ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်မှာ လူအင်အားအတော်နည်းနေတာကို သိသာစေတဲ့အချက်တစ်ချက်လို့လည်း ဆောင်းပါးရှင်က ဆိုပါတယ်။

တရုတ်လုံခြုံရေးကုမ္ပဏီနဲ့ ပူပေါင်းဆောင်ရွက်ဖို့အတွက် စစ်ကောင်စီဟာ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ အခြား ဝန်ကြီးဌာနက တာဝန်ရှိသူတွေပါဝင်တဲ့ အဖွဲ့ဝင် ၁၃ ဦးပါတဲ့ ကော်မတီကို ဖွဲ့စည်းလိုက်တဲ့ အကြောင်း မြန်မာသတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ တရုတ်ကြေးစားတပ်တွေကို ဘယ်နေရာ၊ ဒေသတွေမှာချထားမလဲဆိုတာနဲ့ ဘယ်လို လုပ်ငန်းဆောင်ရွက်မလဲဆိုတာကိုလည်း ဒီကော်မတီက ဆုံးဖြတ်လိမ့်မယ်လို့လည်း ဖော်ပြပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်း (H.E. Mr. Li Qiang) တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ဆုံစဉ်။ (Photo: Myanmar Military)
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်း (H.E. Mr. Li Qiang) တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က တွေ့ဆုံစဉ်။ (Photo: Myanmar Military)

အခုလို မြန်မာနိုင်ငံမှာချထားမယ့် တရုတ်ပုဂ္ဂလိကတပ်ကို မဖွဲ့စည်းရသေးပေမဲ့၊ တရုတ်နိုင်ငံမှာ ရှိပြီးသား ကြေးစားတပ်ဖွဲ့တွေထဲက တစ်ဖွဲ့ဖွဲ့နဲ့ နှစ်နိုင်ငံပူးတွဲ ဖွဲ့စည်းဖို့ ဖြစ်နိုင်ပါတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။

တရုတ်အစိုးရက ဒီလို ကြေးစားတပ်တွေ ဖွဲ့စည်းလုပ်ကိုင်နိုင်ဖို့ ဥပဒေတွေကို ၁၉၉၀ ပြည့်နှစ်တွေမှာ ပြဋ္ဌာန်းခဲ့ပြီး၊ ၂၀၀၉ ခုနှစ်မှာ မွမ်းမံပြင်ဆင်ခဲ့ပါတယ်။

အခုဆိုရင် တရုတ်ကြေးစားတပ်အဖွဲ့ ၂၀ လောက်ရှိနေပြီး၊ နိုင်ငံပေါင်း ၄၀ လောက်မှာချထားပါတယ်။ အများစုက အာဖရိကနိုင်ငံတွေမှာ ဖြစ်ပြီး တရုတ်ရဲ့ BRI စီမံကိန်းတွေကိုကာကွယ်ပေးဖို့ ချထားတာ ဖြစ်ပါတယ်။


ဆက်နွှယ်သောသတင်းများ

MNDAA ခေါင်းဆောင်ကို ထိန်းသိမ်းပြီး လားရှိုးကတပ်တွေ ပြန်ဆုတ်ပေးဖို့ တရုတ် ဖိအားပေး

ကချင် နယ်စပ်ဂိတ်အားလုံး KIA သိမ်းပြီးနောက် တရုတ်နယ်စပ်ကုန်သွယ်မှုအားလုံး ရပ်ဆိုင်း

တည်ငြိမ်အေးချမ်းမှ တရုတ်နယ်စပ်ဂိတ်တွေ ပြန်ဖွင့်မယ်လို့ စစ်ကောင်စီပြော


ဒီအထဲမှာ De Wei Security Group Ltd၊ Hua Xin China Security ၊ Guan An Security Technology၊ China Overseas Security Group နဲ့ Frontier Services Group တို့က အကြီးဆုံး အဖွဲ့တွေဖြစ်တယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။

တရုတ်ရဲ့ ပုဂ္ဂလိကတပ်ဖွဲ့တွေဟာ အလားတူ ရုရှားနိုင်ငံက ကြေးစားတပ်ဖြစ်တဲ့ Wagner Group လို ကုမ္ပဏီတွေနဲ့ ဖွဲ့စည်းဆောင်ရွက်ပုံချင်း မတူတာလည်း သတိပြုစရာ ဖြစ်ပါတယ်။

Wagner Group ဟာ သဘာဝ သယံဇာတ ရှာဖွေထုတ်ယူတဲ့ လုပ်ငန်းတွေအတွက် အဓိက ဆောင်ရွက်တာ ဖြစ်တဲ့အပြင်၊ ရုရှားအစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒကို အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့နေရာမှာ တိုက်ခိုက်ရေးအဖွဲ့အဖြစ် ရေရှည်အသုံးချဖို့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

တရုတ်ရဲ့ပုဂ္ဂလိကပိုင်တပ်ဖွဲ့တွေကတော့ တရုတ်အစိုးရရဲ့ BRI စီမံကိန်းတွေကို အကာအကွယ်ပေးဖို့ တစ်ခုတည်းအတွက် ဖြစ်ပြီး၊ ကန်ထရိုက်စာချုပ်နဲ့ အလုပ်လုပ်တာလို့ ဆောင်းပါးရှင်က ရှင်းပြထားပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှစစ်သားများအား စစ်ကားတစ်စီးပေါ်တွင် ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo : THOMAS PETER/Reuters)
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှစစ်သားများအား စစ်ကားတစ်စီးပေါ်တွင် ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo : THOMAS PETER/Reuters)

တရုတ်ရဲ့ကြေးစားတပ်တွေမှာ ခေါင်းဆောင်ပိုင်းအနေနဲ့ရော အောက်ခြေတပ်သားတွေအနေနဲ့ပါ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) နဲ့ အခြား အစိုးရအဖွဲ့တွေက ခေါ်ယူထားတာဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ကြေးစားတပ်တွေနဲ့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ် ကြားမှာကွာခြားချက်က နည်းနည်းပဲ ရှိပါတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။

အခုဆိုရင် ပါကစ္စတန် နိုင်ငံမှာလုပ်နေတဲ့ တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြန် စီမံကိန်းနဲ့ အလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားတွေကို ဒေသခံ ဘလူချီ လူမျိုး စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေတိုးလာတာကြောင့် ဒီ တရုတ်ပုဂ္ဂလိကတပ်တွေရဲ့ အင်အားသုံးတိုက်ခိုက်ဖို့ လုပ်ပိုင်ခွင့်နဲ့ တိုက်ပွဲစည်းမျဉ်းစည်း ကမ်းတွေကို ပြန်လည် သုံးသပ်လာနိုင်ပါတယ်။

မြန်မာနိုင်ငံမှာလည်း စစ်တပ်ရဲ့ အစွမ်းအစကို ယုံကြည်အားထားလို့မရတာကြောင့်၊ တရုတ်အစိုးရဟာ ကြေးစားတပ်တွေရဲ့ စစ်ရေး တိုက်ခိုက်မှုတွေ လုပ်ပိုင်ခွင့်တွေအတွက် ခိုင်မာတဲ့ စည်းမျဉ်းသဘောတူညီချက်တွေရအောင် တွန်းအားပေးမှာဖြစ်ပါတယ်လို့ ဆောင်းပါးရှင်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တရုတ်ရဲ့ အကျိုးစီးပွားတွေ အမြောက်အများရှိတဲ့အထဲမှာ ရခိုင်ပြည်နယ်က ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်း၊ စစ်ကိုင်းတိုင်းက ဝမ်ပေါင် ကြေးနီစီမံကိန်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ရေအားလျှပ်စစ် စီမံကိန်းတွေ၊ ယူနန်ပြည်နယ် ကူမင်းမြို့အထိ ဖောက်လုပ်ထားတဲ့ ရေနံ နဲ့ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းနဲ့ ကချင်ပြည်နယ်က ကျောက်စိမ်းနဲ့ မြေရှားသတ္တု တွင်းတွေ အထိ ပါဝင်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အနီးတွင် ကင်းလှည့်နေသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ တပ်သားများအားတွေ့ရစဉ်။ (Photo : AFP)
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အနီးတွင် ကင်းလှည့်နေသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ တပ်သားများအားတွေ့ရစဉ်။ (Photo : AFP)

ဒီစီမံကိန်း အားလုံး နီးပါးဟာ NUG၊ PDF အဖွဲ့တွေနဲ့ မဟာမိတ်တိုင်းရင်းသားအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲမှာ ရှိနေတာပါ။

ဒီလို အခြေအနေမှာ တရုတ်ကြေးစားတပ်ဖွဲ့တွေကို ပဋိပက္ခဖြစ်နေတဲ့ မန္တလေး၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတွေမှာ ချထားခဲ့ရင်၊ သူတို့ဟာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ အတူ ပူးပေါင်းပြီး PDF အဖွဲ့တွေနဲ့ မဟာမိတ်တိုင်းရင်းသားအဖွဲ့တွေကို တိုက်ခိုက် နှိမ်နှင်းကြမှာလားလို့ ဆောင်းပါးရှင်က မေးခွန်းထုတ်လိုက်ပါတယ်။

သူတို့ဟာ တရုတ်ရဲ့ စီမံကိန်းတွေကို ကာကွယ် ဖို့ မြန်မာစစ်တပ်ဆီကလွှဲပြောင်းယူဖို့သက်သက်လား။ စစ်မြေပြင်နဲ့ ရန်သူပစ်မှတ်ရဲ့အခြေအနေအကြောင်း သတင်းအချက်အလက်တွေကိုရော မြန်မာစစ်တပ် ကို မျှဝေမှာလား။ ဒါမှမဟုတ် အဟန့်ရှိရုံ သက်သက်အတွက်ပဲလားလို့ ဆောင်းပါးရှင်က မေးခွန်းထုတ် ထားပါတယ်။

PMC လို့ခေါ်တဲ့ တရုတ်ကြေးစားတပ်တွေဟာ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့လည်း နီးကပ်တဲ့ဆက်ဆံရေး ရှိနေတာမို့၊ အခုလို မြန်မာနိုင်ငံမှာ တရုတ်ကြေးစားတပ်တွေချထားမယ်ဆိုတာ မြန်မာနိုင်ငံထဲကို တရုတ်စစ်တပ်ဝင်ရောက်လာတဲ့ သဘောအဖြစ်နဲ့ရှုမြင်ဖို့ လိုပါတယ် လို့ ဆောင်းပါးရှင် ပါမောက္ခ အဘူဇာ ရဲ့သုံးသပ်ချက်ကို တင်ပြလိုက်ရပါတယ်။

(မှတ်ချက်။ ဇက်ခါရီ အဘူဇာသည် Zachary Abuza သည် ဝါရှင်တန်ဒီစီမြို့တော်ရှိ အမျိုးသားစစ်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်ပြီး Georgetown University ၏ တွဲဖက်ပါမောက္ခလည်း ဖြစ်သည်။ ဤဆောင်းပါးတွင် ဖော်ပြထားသော အမြင်များသည် ၎င်း၏ကိုယ်ပိုင်အမြင်များဖြစ်ပြီး အမေရိကန်ကာကွယ်ရေးဌာန၊ အမျိုးသားစစ်တက္ကသိုယ်၊ Georgetown တက္ကသိုလ် သို့မဟုတ် Radio Free Asia တို့၏ ရပ်တည်ချက်ကို မထင်ဟပ်ပါ။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။