ရုရှားနဲ့အိန္ဒိယ ပူးတွဲထုတ်လုပ်တဲ့ဒုံးကျည် ဝယ်ယူဖို့ စစ်ကောင်စီ စီစဉ်နေ

နျူကလီးယား လက်နက်ပိုင်ဆိုင်ဖို့ စိတ်ကူးယဉ်နေတဲ့ မြန်မာစစ်တပ်ဟာ ရုရှားလုပ် အသံထက်မြန်တဲ့ ခရုဇ်ဒုံးကျည် ပိုင်ဆိုင်ဖို့လည်း ရည်ရွယ်နေတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ်။

မြန်မာစစ်ကောင်စီကို ခရုဇ် ဒုံးကျည် အစွံထုတ်ရောင်းချဖို့ ရုရှားက ကြိုးစားနေတယ်လို့ ယူကရိန်းအခြေစိုက် Defense Express မီဒီယာက သြဂုတ်လဆန်းပိုင်းမှာ ပြောကြားလိုက်တာပါ။

ယူကရိန်း ကျူးကျော်စစ်နဲ့ ရုရှားက စစ်စရိတ်ထောင်းနေပြီး ပြည်တွင်းရန်ကို စစ်ကောင်စီက ရုရှားစစ်လက်နက်ပစ္စည်းတွေ တွင်တွင်သုံး ပြင်းပြင်းထန်ထန် နှိမ်နင်းနေချိန်မှာ ရုရှား သတင်းရင်းမြစ်ကနေ ဒီအကြောင်း ထွက်ပေါ်လာတာပါ။

မြန်မာစစ်ကောင်စီဟာ ရုရှားနဲ့အိန္ဒိယ ပူးတွဲထုတ်လုပ်တဲ့ BrahMos supersonic cruise ဒုံးကျည် ဝယ်ယူဖို့ ရည်ရွယ်နေတယ်လို့ ရုရှားဝါဒဖြန့်ချိရေး Tass သတင်းဌာနက ဒီလ ၂ ရက်မှာ ဖော်ပြတဲ့အကြောင်း ဘယ်လ်ဂျီယံအခြေစိုက် The Navy Recognition ဆိုတဲ့ ရေတပ်နည်းပညာနဲ့ ရေကြောင်းလုံခြုံရေးဆိုင်ရာ အွန်လိုင်း မီဒီယာကလည်း ပြောကြားပါတယ်။

တိုင်းရင်းသားဒေသတွေနဲ့ စစ်အာဏာသိမ်းမှုက မွေးဖွားလိုက်တဲ့ PDF ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အားကောင်းတဲ့နေရာတွေမှာ လေကြောင်းက ပစ်ကူတိုက်ခိုက်နေတဲ့ စစ်ကောင်စီက အသံထက်မြန်တဲ့ သင်္ဘောဖျက်ဒုံး ဝယ်ဖို့ စိတ်ကူးတာနဲ့ ပတ်သက်လို့ ဂျာမနီနိုင်ငံမှာ နေထိုင်နေတဲ့ လူ့အခွင့်အရေးလေ့လာသူ ကိုနစ်ကီဒိုင်းမွန်းကတော့ ပြည်တွင်းရန်အတွက် မဟုတ်ဘူးလို့ ရှုမြင်ပါတယ်။

ဒီသင်္ဘောဖျက် ဒုံးကျည်ကို အိန္ဒိယအစိုးရ ချေးငွေနဲ့ ဝယ်ဖို့ စစ်ကောင်စီက စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။ ရုရှားမီဒီယာက ဦးဦးဖျားဖျား ဖော်ပြတာမို့ ကရင်မလင်ဟာ သူ့စိတ်ဆန္ဒရှိတဲ့အတိုင်း မြန်မာစစ်ကောင်စီကို အလောသုံးဆယ် ရောင်းချချင်ပုံပေါ်တယ်လို့လည်း ယူကရိန်းသတင်းက ပြောပါတယ်။

အာရှတိုက်က နောက်ပြန်လှည့်နေတဲ့ အာဏာရှင်ပဲဖြစ်ပါစေ၊ ကမ္ဘာမှာ သူ့လက်နက်တွေ ဝယ်မယ့်လူတွေ ရှိနေတယ်ဆိုတာ ရုရှားက ပုံဖော်ချင်ပုံ ရှိတယ်လို့လည်း ပြောပါတယ်။ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ရုရှားနဲ့ နီးစပ်ဖို့လိုလားတာပါ။

BrahMos ကို ရုရှားက အာကာသနဲ့ ဒုံးပျံဆိုင်ရာ ဦးဆောင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ NPO Mashinostroyenia နဲ့ အိန္ဒိယ ကာကွယ်ရေးဌာန သုတေသနနဲ့ ဖွံ့ဖြိုးရေးအဖွဲ့တို့ ဖက်စပ်ထုတ်လုပ်ပါတယ်။ BrahMos ဆိုတာကလည်း အိန္ဒိယက Brahmaputra နဲ့ ရုရှားက Moskva မြစ်နှစ်စင်းကို ပေါင်းဆုံမှည့်ခေါ်ထားပြီး နယူးဒေလီမှာ ရုံးစိုက်ပါတယ်။

အိန္ဒိယရေတပ်မှာ ၃၂ နှစ်ကြာ တာဝန်ထမ်းခဲ့ပေမယ့် မြန်မာရေတပ်အတွက် ပထမဆုံး မင်းရဲသိင်္ခသူတစ်ပတ်နွမ်း ရေငုပ်သင်္ဘောမှာ ခရုဇ်ဒုံးကျည် တပ်ဆင်ထားပါတယ်။ ရုရှားခွင့်ပြုချက်နဲ့ ဆိုဗီယက်ရေတပ်အတွက် ဆောက်လုပ်တဲ့ အဲဒီ Kilo-class ရေငုပ်သင်္ဘောကို အိန္ဒိယက မြန်မာရေတပ်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာက လွှဲအပ်ခဲ့ပါတယ်။

စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီးး သန်းရွှေလက်ထက် ၂၀၁၅ မှာ ရေငုပ်သင်္ဘောတပ်စု တည်ထောင်နိုင်အောင် ရည်ရွယ်ပြီး ရုရှားလုပ် Kilo class ရေငုပ်သင်္ဘောနှစ်စင်းဝယ်ယူဖို့ ဆွေးနွေးတယ်လို့ ကမ္ဘာ့စစ်ရေးစစ်ရာ စွယ်စုံကျမ်း Military Wiki က ဖော်ပြပါတယ်။ ဒီမတိုင်ခင် ၂၀၁၃ ဇွန်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားကို သွားရောက်တဲ့ ခရီးစဉ်အတွင်း ရေငုပ်သင်္ဘောတွေ ဝယ်ယူဖို့ ရုရှားတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

မြန်မာရေတပ်မှာ ရုရှားလုပ် Kh-35 U သင်္ဘောဖျက် ခရုဇ် ဒုံးကျည်တွေရှိတယ်လို့ ကမ္ဘာတဝန်းက အချက်အလက်တွေစုဆောင်းတဲ့ open source intelligence ကလည်း ပြောပါတယ်။

2008-01-24T120000Z_458851879_GM1DXCITAXAA_RTRMADP_3_INDIA.JPG
India's Brahmos supersonic cruise missiles are shown during the full dress rehearsal for the Republic Day parade in New Delhi အိန္ဒိယနိုင်ငံ၏ ၅၉ နှစ်မြောက် နိုင်ငံတော်နေ့အခမ်းအနားတွင် ပြသခဲ့သော BrahMos supersonic cruise ဒုံးကျည်တချို့။ (Photo: Reuters) (B Mathur/REUTERS)

စစ်ကောင်စီဝယ်ယူမယ့် BrahMos ခရုဇ်ဒုံးကျည်ဟာ ကမ္ဘာ့အမြန်ဆုံး အသံထက်မြန်တဲ့ ဒုံးကျည်ဖြစ်တယ်လို့ ဒီနှစ် ဇူလိုင် ၂၂ ရက်ထုတ် The Diplomat စာစောင်က ဖော်ပြပါတယ်။ ရုရှား-အိန္ဒိယ ဖက်စပ်ကုမ္ပဏီကို ၁၉၉၈ ကတည်းက အိန္ဒိယမှာ အခြေထိုင်ထားတယ်လို့ဆိုပါတယ်။ ဒီခရုဇ်ဒုံးကျည်ကို ရေငုပ်သင်္ဘောတွေ၊ သင်္ဘောတွေ၊ လေယာဉ်တွေ ဒါမှမဟုတ် မြေပြင်ကနေ ပစ်ခတ်နိုင်တယ်လို့ ဖော်ပြပါတယ်။ အသံထက် သုံးဆနီးပါးမြန်ပြီး ပစ်မှတ်ကို မလွဲနိုင်လောက်အောင် ပစ်ခတ်နိုင်တဲ့ ဒုံးကျည်လို့လည်း ဆိုပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေဟာ နိုင်ငံရေပြင်ပိုင်နက် ကာကွယ်စောင့်ရှောက်ဖို့ BrahMo ခရုဇ် ဒုံးကျည်ဝယ်ယူဖို့ စိတ်အားသန်ကြပြီး ဒီနှစ်ဇန်နဝါရီမှာ ဖိလစ်ပိုင်နဲ့ အမေရိကန်ဒေါ်လာ ၃၇၄ သန်းတန် ဒုံးကျည်စနစ် အရောင်းအဝယ် တည့်သွားပါတယ်။ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကလည်း စိတ်ဝင်စားတယ်လို့ ပြောပါတယ်။

မြန်မာရေတပ်ကလည်း ပင်လယ်သမုဒ္ဒရာမှာ လှုပ်ရှားနိုင်တဲ့ blue- water navy ရေပြာရေတပ်အဆင့် ရောက်ရှိဖို့ မျှော်မှန်းထားတယ်လို့ဆိုပါတယ်။

လောလောဆယ်မှာ တစ်ပတ်နွမ်း ရေငုပ်သင်္ဘောနှစ်စင်း ပိုင်ဆိုင်ထားတဲ့ မြန်မာရေတပ်ဟာ ရုရှားက Kilo –class ရေငုပ်သင်္ဘော လေးစင်းဝယ်ဖို့ ၂၀၂၀ ပြည့်နှစ်ကတည်းက စေ့စပ်ဆွေးနွေးနေတယ်လို့ ကမ္ဘာ့စစ်ရေးစစ်ရာ စွယ်စုံကျမ်းက ဖော်ပြထားပါတယ်။