မြန်မာ့တပ်မတော်က ထိပ်တန်းအဆင့်မြင့်အရာရှိ ၄ ဦးနဲ့ တပ်မ ၂ ခု တို့ကို ကန် ပိတ်ဆို့အရေးယူ

2018-08-19
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကန် ပိတ်ဆို့အရေးယူလိုက်တဲ့ မြန်မာ့တပ်မတော်က ထိပ်တန်းအဆင့်မြင့်အရာရှိတွေကို တွေ့ရစဉ်
ကန် ပိတ်ဆို့အရေးယူလိုက်တဲ့ မြန်မာ့တပ်မတော်က ထိပ်တန်းအဆင့်မြင့်အရာရှိတွေကို တွေ့ရစဉ်
.

ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန် ကျူးလွန်ခဲ့ကြတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မြန်မာ့တပ်မတော်က ထိပ်တန်းအဆင့်မြင့်အရာရှိ ၄ ဦးနဲ့ တပ်မ ၂ ခုတို့ကို အမေရိကန်နိုင်ငံက သြဂုတ်လ ၁၇ ရက်နေ့က ပြစ်မှတ်ထားပိတ်ဆို့အရေးယူမှုတွေ လုပ်လိုက်ပါတယ်။

အခုလို ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ အဆင့်မြင့်အရာရှိကြီးတွေရဲ့ ထမ်းဆောင်ခဲ့တဲ့တာဝန် အကျဉ်းချုပ်ကို RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားပိုင်ပစ္စည်း ထိန်းချုပ်ရေးရုံးတို့က ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ၃ စစ်ဆင်ရေးအထူးအဖွဲ့မှုး (ကစထ- ၃) အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရခိုင်ပြည်နယ်ရဲ့ လှုပ်ရှားမှုတွေကို ကွပ်ကဲခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ဘူးသီးတောင်အခြေစိုက်အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် ခင်မောင်စိုး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တပ်မ ၉၉ ရဲ့ တပ်မမှုး ဗိုလ်ချုပ်ခင်လှိုင်နဲ့ ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကိုကိုင်တွယ်ခဲ့တဲ့ ရဲမှူးချုပ် သူရစန်းလွင်တို့ဖြစ်ပြီးတပ်မ ၃၃ နဲ့ တပ်မ ၉၉ တို့ဖြစ်ကြပါတယ်။

မြန်မာ့တပ်မတော်ဟာလွန်ခဲ့တဲ့ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလကစပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်ကြတဲ့ မွတ်ဟလင်တွေအများစုတို့ကို အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တယ်ခဲ့တယ်လို့ အမေရိကန်အစိုးရက စွပ်စွဲထားတာပါ။

aungkyawzaw-622.jpg

ဒု-ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော

Photo:khitthitnews.com

ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကကစထမှူး တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က မွတ်စလင် ၇ သိန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထွက်ပြေးခဲ့ရတဲ့ စစ်ဆင်ရေးတွေကို ကွပ်ကဲခဲ့သူဖြစ်ပါတယ်လို့ အမေရိကန်အစိုးရ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖောက်တဲ့ တပ်မတော်အရာရှိတွေကို စုံစမ်းစစ်ဆေးအရေးယူအပြစ်ပေးတာတွေ လုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးအောင် ကျော်ဇောကို ၂ဝ၁၈ မေလမှာ တာဝန်ကနေ နုတ်ထွက်ခွင့်ပြုပြီး ရခိုင်ပြည်နယ် လုံခြုံရေးတာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ် မောင်မောင်စိုးကို ရာထူးကနေထုတ်ပယ်ခဲ့ကြောင်းဇွန်လ ၂၅ ရက် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ribbon-open-622.jpg

အလားတူ ဗိုလ်မှူးချုပ် ခင်မောင်စိုးဟာလည်း ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်နုရွာမှာ မွတ်စလင်ရွာသားတွေကို ဥပဒေမဲ့ညှဉ်းပန်းနှိပ်စက် မုဒိမ်းကျင့်သတ်ဖြတ်မှုတွေအတွက် တာဝန်ရှိသူဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

Photo: MOI Webportal Myanmar


thura-sanlwin-622.jpg

ရဲမှူးချုပ် သူရစန်းလွင်

Photo: Min Thein Aung/RFA

ရဲမှူးချုပ် သူရစန်းလွင်ကတော့ အဲဒီအချိန်ကနယ်ခြားစောင့် ရဲတပ်ဖွဲ့မှူးဖြစ်ခဲ့ပါတယ်။ ၁၉၅၇ ခုနှစ်မှာမွေးဖွားခဲ့သူဖြစ်ပြီး ၂ဝ၁၆ ခုနှစ် အောက်တိုဘာလကစပြီး ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ဦးစီးခဲ့သူဖြစ်ပါတယ်။

khinhlaing-622.jpg

ဗိုလ်ချုပ် ခင်လှိုင်

ဓာတ်ပုံ - မိုး သောက် ကြယ် - ဖေ့စ်ဘွတ်

ဗိုလ်ချုပ် ခင်လှိုင်ကတော့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ပြီး လွန်ခဲ့တဲ့ ၂ဝ၁၆ ခုနှစ်က ရှမ်းပြည်နယ် မုံကိုးဒေသစစ်ဆင်ရေးတွေမှာ ကချင်၊ ရှမ်း၊ တအန်းနဲ့ ကိုးကန့်စတဲ့ ဒေသခံလူထုကို ဥပဒေမဲ့ သတ်ဖြတ်မှု၊ လူသားဒိုင်းတွေအဖြစ် အသုံးပြုမှု၊ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တပ်မ ၃၃ ကတော့ ရခိုင်ပြည်နယ်က စစ်ဆင်ရေးတွေမှာပါဝင်ခဲ့ပြီး ချွပ်ပြင်ရွာမှာရွာသား ၃၅ဝ လောက်ကို တစ်နေ့တည်းသတ်ပစ်ခဲ့တယ်လို့ The Wall Street Journal မှာဖော်ပြထားပါတယ်။ တပ်မ ၉၉ ကတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့သလို ရခိုင်ပြည်နယ်မှာလည်း တပ်မ ၃၃ နဲ့ ပူးတွဲစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီပိတ်ဆို့မှုဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ အမေရိကန်ရဲ့ အပြင်းထန်ဆုံးအရေးယူမှုဖြစ်ပါတယ်။ သမ္မတထရမ့် အစိုးရဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး အရင်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ် မောင်မောင်စိုး တစ်ဦးတည်းကိုပဲ အရေးယူပိတ်ဆို့ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန်လွှတ်တော် အမတ်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက အဲဒီပဋိပက္ခနဲ့စပ်လျဉ်းပြီး ဒီထက်ပြင်းထန်တဲ့ အရေးယူမှုတွေပြုလုပ်ဖို့ အစိုးရကို ဖိအားပေးခဲ့ကြပြီးနောက်ပိုင်း အခုလို ပိတ်ဆို့မှုပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

maungmaungsoe-622.jpg

ဗိုလ်ချုပ် မောင်မောင်စိုး

Photo : MOI

တစ်ချိန်တည်းမှာပဲ အမေရိကန် ဝါရှင်တန်မြို့က မြန်မာသံရုံးကလည်း မြန်မာနိုင်ငံနဲ့ အမေရိကန်အစိုးရတို့အကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး နီးကပ်စွာဆောင်ရွက်နေတယ်ဆိုပြီး ဩဂုတ် ၁၇ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့