ရွှေကုက္ကိုအနီး တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ထွက်ပြေးရသူ လေးထောင်ကျော်ရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်အနီးမှာ ဧပြီလ ၅ ရက်မနက်ကစဖြစ်တဲ့ တိုက်ပွဲကြောင့် ဒေသခံ လေးထောင်ကျော် ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ မဲဆောက်မြို့ဘက်အခြမ်း ကို ထွက်ပြေးနေရတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။

ရွှေကုက္ကိုအနီးက စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) တို့ရဲ့ ကင်းစခန်း နှစ်ခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး ရွှေကုက္ကိုမြို့သစ်စီမံကိန်း လောင်းကစားရုံ အိမ်ရာ၊ လူနေရပ်ကွက် တွေနဲ့ ရွှေကုက္ကို ကရင်နှစ်သစ်ကူးကွင်းတို့မှာ တိုက်ပွဲပြင်းထန်ခဲ့တာပါ။

ဘာပစ္စည်းမှ သိမ်းချိန်မရလိုက်ဘဲ အဝတ်အစားအနည်းငယ်ယူပြီး ထိုင်းဘက်ကို ထွက်ပြေး လာခဲ့ရတယ်လို့ ရေတံခွန်ရွာခံ ကိုမင်းသန့်က RFA ကို ပြောပါတယ်။

“လက်နက်ကြီးအသံက ရွာနဲ့အရမ်းနီးနေတော့ ရွှေကုက္ကိုကလူတွေကလည်း ဒီဘက် ကိုတက်လာတော့မယ်လို့ ကြိုပြီးတော့ပြောတယ်။ မနက် ၈ နာရီလောက်ကျတော့ လက်နက်ကြီးသံတွေက ရွာနဲ့ အရမ်းကပ် လာတော့ ရွာကလူတွေအကုန်လုံး အထုပ် အပိုးတွေပြင်ဆင်ပြီး သဲပုံရွာဘက်ကနေပြီးတော့မှ ထွက်လာခဲ့ရတာ။ ထွက်လာတုန်းက ကျနော်တို့ ဘာမှမသယ်နိုင်ခဲ့ဘူး။ လိုအပ်တဲ့အဝတ်အစားတွေပဲ ယူပြီးတော့မှ ချက်ချင်း အားချင်း ပြေးလာကြရတာဆိုတော့လေ ဘာမှမယူနိုင်ဘူးအိမ်မှာထားခဲ့ရတယ်”

လက်ရှိ ထိုင်းဘက်အခြမ်းက စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှာ နေထိုင်နေပေမယ့် အခက် အခဲတွေ ကြုံနေရတယ်လို့ ကိုမင်းသန့်က ဆိုပါတယ်။

စစ်ဘေးဒုက္ခသည်တွေထဲမှာ ကလေးငယ်နဲ့ နို့တိုက်မိခင်တွေ၊ သက်ကြီးရွယ်အိုနဲ့ ကျန်းမာရေး မကောင်းသူတွေအပြင် သံဃာတော်တွေလည်း ပါတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

"ရာသီဥတုကလည်း အရမ်းပူတယ်။ နေရတာက ဒီမှာ အိမ်သာတို့ဘာတို့လည်း ချက်ချင်း အဆင်မပြေဘူး။ ဆိတ်ခြံမှာထားရတဲ့ အခြေအနေပေါ့။ အကုန်လုံးက ပြွတ်သိပ်နေတာပဲ"

နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးကတော့ မဲဆောက်မှာ လက်ရှိ စစ်ဘေးဒုက္ခသည် သုံးထောင်နဲ့ မယ့်ရမဘက်မှာ တစ်ထောင်ကျော် ရှိတယ်လို့ RFA ကို ပြောပါတယ်။

“စစ်ဘေးရှောင်တွေက မဲဆောက်ဘက်မှာကျတော့ သုံးထောင်ကျော်ရှိတယ်။ မယ့်ရမ ဘက်မှာ တစ်ထောင်ကျော် ရှိတယ်။ အားလုံးပေါင်းလိုက်ရင် လေးထောင်ကျော်လောက် ရှိတယ်။ များရင်လည်း များမယ်။ ဘာလို့ဆိုတော့ သွားသွားလာလာလည်း ရှိနေတာ ဆိုတော့လေ။ ထိုင်ဘက်အခြမ်းမှာကျတော့ မြန်မာအဖွဲ့အစည်းတွေက လောလောဆယ် အစားအသောက်တွေကူညီတယ်။ တစ်ရက်နှစ်ရက်ပဲဆိုရင် အစားအသောက်တွေ၊ ကျန်းမာရေးပစ္စည်းတွေ ပေးပြီးရင်ရတယ်။ ကြာလာမယ်ဆိုလို့ရှိရင်တော့ အမိုး၊ အကာ၊ အခင်းတွေတော့ လိုလိမ့်မယ်”

မဲဆောက်မြို့နယ်ထဲက စစ်ဘေးဒုက္ခသည်တွေဟာ လက်ရှိ ဆိတ်ခြံနဲ့ နွားခြံတွေထဲမှာ နေထိုင်ကြရတယ်လို့ အကူအညီပေးနေတဲ့ ကိုမျိုးမြင့်အောင်က RFA ကို ပြောပါတယ်။

“ရာသီဥတုကလည်း အရမ်းပူတယ်။ နေရတာက ဒီမှာ အိမ်သာတို့ဘာတို့လည်း ချက်ချင်း အဆင်မပြေဘူး။ ဆိတ်ခြံမှာထားရတဲ့ အခြေအနေပေါ့။ အကုန်လုံးက ပြွတ်သိပ်နေတာပဲ။ နောက်တစ်ခုကျတော့ နွားခြံမှာဗျ။ ဒီဆိတ်ခြံမှာ အိမ်သာတွေ ဘာတွေ မရှိဘူး။ အဲဒါ နွားခြံဘက်ကိုပြောင်းပေးဖို့ပဲ။ ဒါပေမဲ့ လူအင်အားက အရမ်း များတာရော သယ်ယူပို့ဆောင်ရေးက ခက်ခဲတာရောနဲ့ ဒီဘက် (နွားခြံ) ကို မရွှေ့ တော့ဘဲနဲ့ စခန်းနှစ်ခုစလုံး ဖွင့်ထားတဲ့သဘောရှိတယ်”

စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကတော့ နယ်စပ်ဖြတ်ကျော် စစ်ဘေးဒုက္ခသည်တွေကို ကူညီနိုင်ဖို့ ပြည်ထောင်စုထံ တင်ပြထားတယ် လို့ RFA ကို ပြောပါတယ်။

“မဲဆောက်ဘက်ရောက်ရင်တော့ ဒီကအစိုးရအဖွဲ့ (ပြည်နယ်အစိုးရ) က လက်လှမ်း မမီဘူး။ ပြောရရင် ပြည်ထောင်စု အစိုးရအဖွဲ့နဲ့ပဲ ပိုပြီးတော့ သက်ဆိုင်တာပေါ့လေ။ ဒီကနေပြီးတော့မှ ဟို (ပြည်ထောင်စုအစိုးရ)ကို သတင်းတင်ပေးလိုက်တယ်။ အခု ဟိုဘက်(မဲဆောက်) ကိုမပြေးဘဲနဲ့ ဘားအံတို့၊ ကော့ကရိတ်ကနေပြီးတော့မှ ဘားအံ ဘက်ကို ပြောင်းလာရတာ။ လှိုင်းဘွဲ့ဘက်ကိုရောက်လာကြတဲ့ သူတွေကိုတော့ သတင်းတင်လာတယ်ဆိုရင် ဆန်တစ်အိတ်ထောက်ပံ့ပေးပါတယ်”

တိုက်ပွဲအခြေအနေကို RFA က မေးခဲ့ပေမယ့် ဦးစောခင်မောင်မြင့်က မဖြေဆိုခဲ့သလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း အကြောင်းပြန် ဖြေဆိုတာမရှိပါဘူး။

မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ (AAC) တာဝန်ခံ ကိုရဲမင်းကတော့ ထိုင်းဘက်ကို ထွက်ပြေးလာသူတွေကို ထိုင်းအာဏာပိုင်တွေ ကူညီပေးနေပြီလို့ RFA ကို ပြောပါတယ်။

ကရင်နယ်ခြားစောင့်တပ် (BGF) နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ရွှေကုက္ကိုဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
ကရင်နယ်ခြားစောင့်တပ် (BGF) နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ရွှေကုက္ကိုဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

“မြန်မာဘက်မှာ တိုက်ပွဲဖြစ်တဲ့မျက်နှာချင်းဆိုင် ထိုင်းဘက်အခြမ်းကရွာတွေ၊ စာသင်ကျောင်းတွေ၊ တချို့ ကျတော့လည်း ထိုင်းအာဏာပိုင်တွေက သတ်မှတ်ထားတဲ့ ခေါ်တဲ့နေရာတွေမှာနေကြရတယ်။ ထိုင်းဘက်အခြမ်းက နေရာငါးနေရာလောက်မှာ ပြန့်ကျဲပြီးတော့ ရောက်နေတယ်လို့သိရတယ်။ အခုအခြေအနေကတော့ နီးစပ်ရာရွာ (ထိုင်းဘက်)ကနေပြီးတော့ ချက်ပြုတ်ပြီးပို့ပေးနေတယ်။ ထိုင်းစစ်တပ် ဘက်ကလည်း ရေတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေဝင်လာပြီ ထိုင်းအာဏာပိုင်တွေဘက်ကလည်း ကူညီမှုတွေ လုပ်ပေးနေပါတယ်”

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ နေထိုင်သူတစ်ဦးကလည်း ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိနေတဲ့ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာတွေကူညီဖို့ စီစဉ်နေကြတယ်လို့ RFA ကို ပြောပါတယ်။

“စစ်ပွဲတစ်ပွဲဖြစ်လာပြီဆိုရင် စိုးရိမ်ထိတ်လန့်မှုနဲ့ အကြောက်တရားတွေရှိနေကြတာပေါ့။ ကျည်ဆန်ထိမလား၊ ဒဏ်ရာရမလား၊ ကိုယ့်အိမ်ကိုယ့်ရွာမှာ စုဆောင်းထားတာတွေ မီးလောင်မလား ဒီလိုစိုးရိမ် သောကတွေနဲ့ ငိုယိုကြတာပေါ့ဗျာ။ နေရာသုံးနေရာ ခွဲပြီး ထားတယ် စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ။ ကြုံနေရတဲ့ အခက်အခဲကတော့ ဗြုန်းစားကြီးဒီလိုဖြစ်တော့ အိပ်စရာနေရာထိုင်ခင်းကအစ အခက်အခဲတွေရှိတယ်”

ထိုင်းဘက်ရောက် စစ်ဘေးဒုက္ခသည်တွေ ကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ မြန်နိုင်ငံမှာရှိတဲ့ ထိုင်းသံရုံးတွေကို RFA က အီးမေးလ်ကတစ်ဆင့် မေးမြန်းခဲ့ပေမယ့် ဒီနေ့ညနေပိုင်းအထိ အကြောင်းမပြန်ပါဘူး။

တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေနဲ့ပတ်သက်လို့ BGF ဘက်က သတင်းတစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို KNLA ပူးပေါင်းတပ်ဖွဲ့တွေဆီ RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

မနေ့ကတိုက်ပွဲပြင်းထန်ခဲ့ပြီး ဧပြီလ ၆ ရက် ဒီနေ့မနက်ပိုင်းမှာ အနည်းငယ်ငြိမ်သွားပေမယ့် နှစ်ဖက်စစ်ရေး တင်းမာနေဆဲလို့ မြဝတီဒေသခံတွေက ပြောပါတယ်။