သထုံမြို့နယ် ထုံးဘိုလေးရွာမှာ အိမ် ၁၅၀ ကျော် မီးရှို့ခံရ

2022.06.27
သထုံမြို့နယ် ထုံးဘိုလေးရွာမှာ အိမ် ၁၅၀ ကျော် မီးရှို့ခံရ
Photo: RFA

(Updated: 2022 June 28)

မွန်ပြည်နယ် သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာနားမှာ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့ ညနေက ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပူးပေါင်းတပ် တို့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ရွာထဲက မသန်စွမ်းတစ်ဦး ပစ်သတ်ခံခဲ့ရသလို ကျေးရွာအထက် တန်းကျောင်း၊ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အဆောက်အအုံ ၁၅၂ လုံး မီးရှို့ခံခဲ့ရ တယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

အင်အား ၂၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြတာဖြစ်ပြီး KNU ပူးပေါင်း တပ်ဖွဲ့တွေ ဆုတ်ခွာသွားချိန်မှာ ထုံးဘိုလေးကျေးရွာမှာ မီးရှို့ခံခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သထုံဒေသခံတစ်ဦးက ပြောပါတယ်။

“အဲဒီနေ့က တိုက်ပွဲဖြစ်တယ်။ အင်အားအလုံးအရင်းနဲ့ သူတို့က တပ်ရင်း လေးရင်း၊ သူတို့အခြေခံ အဲဒီမှာထိုင်နေတဲ့ တပ်ရင်းတစ်ရင်း၊ တပ်ရင်း ငါးရင်းပေါင်းပြီး စစ်ထိုး တယ်။ ဒီဘက်ကနေပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက ပြန်လုပ်တော့ အင်အားမမျှဘူး။ လက်နက်အင်အားမမျှလို့ ပြန်ဆုတ်လိုက်ရတဲ့အချိန်မှာ အဲဒါကို ရွာကို မီးရှို့သွားတာ”

ထုံးဘိုလေးကျေးရွာက အသက် ၄၅ နှစ်အရွယ် မသန်စွမ်းတစ်ဦးဖြစ်သူ စောဆမှူး ပစ်သတ်ခံခဲ့ရသလို နောက်ထပ် ကျေးရွာသားခြောက်ဦးလည်း ပျောက်ဆုံးနေဆဲဖြစ်တယ် လို့ ဒေသခံတွေက ပြောပါတယ်။

နောက်ထပ် ကျေးရွာသားအချို့ အသတ်ခံရတာတွေရှိပေမယ့် ရွာမှာ စစ်တပ်က တပ်စွဲထား တာကြောင့် အသေးစိတ်ကို အတည်မပြုနိုင်သေးဘူးလို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။

“နောက် အသတ်ခံရသူတွေရှိတာပေါ့။ ဒါပေမဲ့ တိတိကျကျတော့ ကျနော်တို့ အနီးကပ်သွားကြည့်လို့ မရသေးဘူးပေါ့နော်၊ အဲဒီလိုအနေအထားမျိုး ရှိတာပေါ့။ သူတို့က အဲဒီရွာမှာ အခုအချိန်အထိ တပ်စွဲထားတုန်း ပဲပေါ့။ ပထမဦးဆုံး ပစ်သတ် ခံရတာက မသန်စွမ်းတစ်ယောက်ပေါ့။ မသန်စွမ်းဆိုတာကလည်း သူက တောထဲ သွားရင်း မိုင်းထိပြီး ခြေထောက်ပြတ်ထားတဲ့ တစ်ယောက်ပေါ့နော်”

နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် ကနဦး ကျေးရွာသား ၁၀ ဦး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေခဲ့တာပါ။ အဲဒီအထဲက မသန်စွမ်းတစ်ဦး ပစ်သတ်ခံရလို့ သေဆုံးသွားတာကို အတည်ပြုနိုင်ခဲ့သလို ဒီနေ့မှာလည်း ပျောက်ဆုံးနေသူတွေထဲက သားအမိသုံးဦးဟာ စစ်တပ်ကနေရာယူထားတဲ့ ထုံးဘိုလေးကျေးရွာထဲကနေ ထွက်ပြေးလွတ်မြောက်လာတယ် လို့ ဒေသခံတွေက ပြောပါတယ်။

"လက်နက်အင်အားမမျှလို့ ပြန်ဆုတ်လိုက်ရတဲ့အချိန်မှာ အဲဒါကို ရွာကို မီးရှို့သွားတာ”

နောက်ထပ်ပျောက်ဆုံးနေတဲ့ လူ ခြောက်ဦးကိုတော့ ဆက်လက်စုံစမ်းနေဆဲပဲလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးသထုံခရိုင် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“သုံးယောက်က ပြန်လွတ်လာတယ်။ ထွက်ပြေးလွတ်လာတယ်။ အခု အနေအထား အားလုံးကို သတင်းအတိအကျရမှ ကျနော် ပြန်တင်ပေးမယ်။ စောလူပျို၊ ဦးကျော်ဌေး၊ စောဆမှူး၊ (စော) မောင်သန်းဝင်း၊ ဒေါ်မြင့်စိန်။ (စော) မောင်သန်းဝင်းနဲ့ ဒေါ်မြင့်စိန် တို့ သားအမိက ပြန်လွတ်သွားပြီ။ စောလူပျိုနဲ့ ကျော်ဌေး၊ စောဆမှူး အဲဒီသုံးယောက် ကျန်သေးတယ်။ ကျန်တဲ့သူတွေ အခုကျနော် စုံစမ်းဆဲနော်”

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သထုံခရိုင် ထုံးဘိုလေးကျေးရွာမှာ ဒီလိုဖြစ်စဉ်ဖြစ်ပွား ခဲ့တာ မရှိဘူးလို့ တုံ့ပြန်ပါတယ်။

htonphokalay-village.jpg

သူတို့စစ်ကြောင်းတွေအနေနဲ့ ကျေးရွာတွေထဲကို ဝင်ရောက်တာ မရှိသလို နေအိမ်ကို မီးရှို့တယ်ဆိုတဲ့ ပြောဆိုချက်တွေဟာလည်း စွပ်စွဲချက်တွေသာဖြစ်ကြောင်းနဲ့ အရပ်သား တွေအပေါ် ထိခိုက်အောင် ဘယ်လိုနည်းနဲ့မှ လုပ်ဆောင်မှာမဟုတ်ဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ အရင်က တုံ့ပြန်ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်က အခုနောက်ပိုင်း သထုံခရိုင်အတွင်းမှာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကို တွေ့လာရတယ်လို့ KNU တပ်မဟာ ၁၊ သထုံခရိုင်၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ က တာဝန်ခံက ပြောပါတယ်။

“အခုလက်ရှိ တက်လာတဲ့ တပ်တွေထဲမှာ ကရင်ပြည်နယ်က တပ်မ ၂၂ ပါသလို နောက်တစ်ခုက မွန်ပြည်သစ်ပါတီရဲ့ တပ်ဖွဲ့အချို့ ပါလာတာကို တွေ့ရတယ်ပေါ့နော်။ အဲဒါလေးက ထူးခြားမှုရှိတယ်။ မွန်ပြည်သစ်ပါတီက ဒီလိုမျိုး BGF နဲ့ စကစ နဲ့ တွဲပြီး တော့ စစ်ရေးဆောင်ရွက်မှုက တွေ့ဆုံမှုနောက်ပိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပါလိမ့်မယ်။ အင်အားအတိအကျကတော့ ပြောလို့မရဘူး။ ညတုန်းက ဝင်လာတဲ့အထဲမှာ ၆၀ လောက်ပါတယ်လို့ ကျနော်တို့ သိရပါတယ်”

KNU ဘက်က အခုလို စွပ်စွဲပြောဆိုချက်ဟာ မှားယွင်း‌ကြောင်း မွန်ပြည်သစ်ပါတီက ငြင်းဆိုလိုက်ပါတယ်။ မိမိတို့အနေနဲ့ စစ်ကောင်စီနဲ့ရော BGF နဲ့ပါ ပူးပေါင်းတိုက်ပွဲဝင်တဲ့မူဝါဒ မရှိကြောင်း၊ ဘဝတူတိုင်းရင်းသားတွေကို တိုက်ခိုက်ချေမှုန်းတဲ့ဖြစ်စဉ်တွေ မရှိခဲ့သလို၊ တိုက်ခိုက်ဖို့ မူဝါဒလည်းမရှိကြောင်း မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောပါတယ်။

စစ်ကောင်စီတပ်က ထုံးဘိုလေးကျေးရွာအနီးတစ်ဝိုက်ကို ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နဲ့ ၂၆ ရက်နေ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ထုံးဘိုလေးအပါအဝင် အနီးနားက ဖာပိန်၊ ကျောက်တောင်၊ ကျောက်တောင်ရွာလေး၊ အင်းရွာ၊ စောအဲဖိုး၊ နောက်ကတုတ်အထက်ရွာ စတဲ့ကျေးရွာတွေကပါ ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ KNU ဒူးသထုံခရိုင်က ဇွန်လ ၂၇ ရက် ဒီမနက်မှာ ထုတ်ပြန်ထားပါတယ်။

(မှတ်ချက်။ KNU တပ်မဟာ ၁ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ တာဝန်ခံ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ၏ တုံ့ပြန်ရှင်းလင်းချက်ကို ဇွန်လ ၂၈ ရက်နေ့တွင် ဖြည့်စွက်ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။