မြဝတီမှာ လောင်စာဆီဈေးနှုန်း နှစ်ဆမြင့်တက်ပြီး ဝယ်ယူဖို့ခက်ခဲနေ

RFA Burmese
2025.03.11
မြဝတီမှာ လောင်စာဆီဈေးနှုန်း နှစ်ဆမြင့်တက်ပြီး ဝယ်ယူဖို့ခက်ခဲနေ မြဝတီမြို့တွင် စက်သုံးဆီ ဝယ်ယူရန် စောင့်ဆိုင်းနေကြသူများကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တွေ့ရစဥ်။
Facebook/ ဘီဝမ်း

အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့အတွက် မြဝတီမြို့အပါအဝင် ထိုင်း-မြန်မာနယ်စပ်က နေရာငါးခုကို ဖေဖော်ဝါရီလ ၅ရက်နေ့ကစပြီးတော့ ထိုင်းအစိုးရက လျှပ်စစ်မီး၊ အင်တာနက်နဲ့ လောင်စာဆီတွေ ဖြတ်တောက်လိုက်တာအပြင် ဖေဖော်ဝါရီလ ၁၂ရက်နေ့ကလည်း မိုဘိုင်းဖုန်းနဲ့ လျှပ်စစ်ပစ္စည်းတွေအပါအဝင် ထိုင်းနိုင်ငံရဲ့ ထုတ်ကုန် ၁၂ မျိုးကို မြန်မာပြည်ကို တင်ပို့ခွင့် ပိတ်ပင်ခဲ့ပါတယ်။

ဒီလိုပိတ်ပင်တာ အခု တစ်လကျော်ကြာလာတဲ့အချိန်မှာ ကုန်သည်တွေနဲ့ ပြည်သူတွေ ကုန်ပစ္စည်းရရှိမှု အခက်အခဲနဲ့ လောင်စာဆီဈေး အဆမတန်မြင့်လာတဲ့ဒဏ်တွေကို အပြင်းအထန်ခံနေရပါတယ်။

ထိုင်းအစိုးရဘက်က အခုလိုဖြတ်တောက်ထားပြီးနောက် မြဝတီမြို့မှာ စက်သုံးဆီဈေးနှုန်းတွေ အဆမတန် မြင့်တက်သွားပြီး မြို့ခံတွေ စက်သုံးဆီဝယ်ယူဖို့ အခုအချိန်ထိ အခက်အခဲဖြစ်နေကြတာပါ။

"သာမန်လူတွေအတွက် ဆီနည်းနည်းခက်ခဲသွားတဲ့အတွက် တိုးဝယ်ရတာတို့၊ ရှားပါးသွားတာတို့၊ ဟိုဘက်ကသယ်လာတဲ့ဟာကို တစ်ခါ တစ်ဆင့်ပြန်ဝယ်ရတာတို့ ခက်ခဲသွားတာပေါ့ ပြည်သူတွေက”

မြဝတီမြို့မှာဆိုရင် ဆီဆိုင်တွေ ပြန်မဖွင့်သေးတဲ့အတွက် မဲဆောက်မြို့က ဆီဝယ်ရောင်းနေတဲ့သူတွေဆီကတစ်ဆင့် ဝယ်နေရတယ်လို့ ဆိုပါတယ်။

အရင်က စက်သုံးဆီ တစ်လီတာကို သုံးထောင်ဝန်းကျင်ပဲရှိပေမဲ့ အခုတော့ ဈေးနှစ်ဆအထိ တက်လာတယ်လို့ မြဝတီမြို့ခံ ကိုသူရက ပြောပါတယ်။

“၃၀၀၀ ပတ်လည်လောက်ပဲ။ ၃၅၀၀၊ ၄၀၀၀ အဲလောက်ပတ်လည်လောက်ပဲ ဆီဈေးကလေ။ တအားမများဘူး။ အခုတော့ ၇၀၀၀ ဆိုတော့ ၃၅၀၀၊ ၄၀၀၀ လောက် များနေတာပေါ့”


ဆက်နွှယ်သောသတင်းများ


မြို့တွင်းစက်သုံးဆီ ပြတ်လပ်မှုကြောင့် မြဝတီမြို့ခံတွေ မဲဆောက်မြို့မှာ တန်းစီဝယ်ယူနေရ

မြဝတီမြို့ကို စက်သုံးဆီသယ်ဆောင်ခွင့် စစ်ကောင်စီပိတ်ပင်

ထိုင်းကုန်ပစ္စည်းတင်သွင်းခွင့် ပိတ်ပင်မှု ပြည်သူတွေ နဲ့ ကုန်သည်တွေ ထိခိုက်


ထိုင်းအစိုးရရဲ့ လျှပ်စစ်မီးနဲ့ လောင်စာဆီ ဖြတ်တောက်ထားတာတွေက အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်တွေကို နှိမ်နင်းဖို့ဖြစ်ပေမဲ့ သူတို့ထက် ပြည်သူတွေပဲ အဓိက ခက်ခဲကြတာလို့ လုံခြုံရေးအရ အမည်လွှဲထားတဲ့ မြို့ခံ ကိုသူရက ပြောပါတယ်။

“ကျွန်တော်တို့ ဒီဘက်အပေါ်ယံမှာ ပြည်သူတွေပဲ ခက်ခဲတာပါ။ ကျားဖြန့်တွေကျတော့ DKBA တွေ၊ BGF တွေက ဟိုးအောက်ကနေပြီးတော့ မော်လမြိုင်လမ်းကြောင်းကနေပြီးတော့ ဓာတ်ဆီတွေသယ်ပြီးတော့ ဒီအတိုင်းပဲ သွားလာနေတာတွေ ပုံမှန်သူတို့အတွက်က ခက်ခဲတယ်လို့တောင် သိပ်မမြင်ဘူး။ သူတို့ဟာသူတို့ အဖွဲ့အစည်းနဲ့၊ ကားနဲ့ သူတို့ဘာသူတို့ချပြီးတော့ ပီပါတွေနဲ့တင်ပြီးတော့ ပုံမှန်အတိုင်းသွားလာနေတာဆိုတော့ သာမန်လူတွေအတွက် ဆီနည်းနည်းခက်ခဲသွားတဲ့အတွက် တိုးဝယ်ရတာတို့၊ ရှားပါးသွားတာတို့၊ ဟိုဘက်ကသယ်လာတဲ့ဟာကို တစ်ခါ တစ်ဆင့်ပြန်ဝယ်ရတာတို့ ခက်ခဲသွားတာပေါ့ ပြည်သူတွေက”

ဒီလိုပြောဆိုချက်တွေနဲ့ပတ်သက်ပြီးတော့ တုံ့ပြန်မှုသိရဖို့ ကရင်နယ်ခြားစောင့်တပ် (BGF) ရဲ့ သတင်းထုတ်ပြန်ရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော် နဲ့ ဒီမိုကရေစီ အကျိုးပြုကရင့် တပ်မတော် (DKBA) စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီး စောဆန်းအောင် တို့ကို RFA မတ်လ ၁၀ ရက်နေ့မှာ ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ထိုင်းအစိုးရက ပိတ်ထားပေမဲ့ တရားမဝင်လမ်းကြောင်းတွေကတစ်ဆင့် ရောင်းဝယ်တာတွေရှိနေတယ်လို့ လုံခြုံရေးအရ အမည်လွှဲထားတဲ့ မြဝတီမြို့က ကုန်သည် ကိုကျော်နိုင် ကလည်း RFA ကို ပြောပါတယ်။

“မဲဆောက်မှာတန်းစီပြီး ဝယ်နေတဲ့ကားတွေရှိတယ်။ အဲဒီတွေကနေတစ်ဆင့် သူတို့ကဝယ်လာတဲ့ဟာတွေက တစ်ဆင့် ပြန်ရောင်းတာတွေရှိတယ်။ ဆီကတော့ နည်းနည်းခဲယဥ်းတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ရတဲ့နေရာကတော့ လောလောဆယ် ရှာဝယ်နေရတာပေါ့။ ဒါလုံးလုံးကြီး မရတော့ဘူးဆိုတာတော့ မဖြစ်နိုင်ဘူးထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နယ်စပ်တွေဆိုတာက တစ်နည်းမဟုတ် တစ်နည်း အမြဲတမ်း ပွင့်နေတာပဲဆိုတော့လေ"

ထိုင်းနိုင်ငံက မြန်မာဘက်ကို တင်သွင်းခွင့်ပိတ်ပင်လိုက်တဲ့အထဲမှာ မိုဘိုင်းဖုန်း၊ ဘက်ထရီ၊ အင်ဗာတာ၊ မီးစက်၊ ဆိုလာပြား၊ မိုဘိုင်းဆက်စပ်ပစ္စည်း၊ Cable ကြိုးများ၊ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ အသုံးပြုနိုင်တဲ့ လျှပ်စစ်နဲ့ ကွန်ပျူတာ ဆော့ဖ်ဝဲတွေ အပါအဝင် အင်ဂျင်ဝိုင်နဲ့ စက်သုံးဆီတို့ ပါဝင်ပါတယ်။

ဒီပစ္စည်းတွေကို တရုတ်နိုင်ငံ ကနေ မြဝတီဘက်က တင်သွင်းသလို၊ မြန်မာပြည်တွင်းကနေလည်း တင်ပို့နေတာတွေကြောင့် ကုန်ပစ္စည်းပြတ်လပ်မှုတော့ မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ပြည်သူတွေအဓိက အသုံးပြုရတဲ့ စက်သုံးဆီရရှိမှု အခက်အခဲကြောင့် ထိုင်းအစိုးရအနေနဲ့ အခုလိုဖြတ်တောက်ထားတာတွေ ပြန်ပွင့်ပေးဖို့လည်း ကိုကျော်နိုင်က တောင်းဆိုပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့တွင် ထိုင်းနိုင်ငံက လျှပ်စစ်နှင့် လောင်စာဆီတင်သွင်းမှု ရပ်ဆိုင်းလိုက်မှုကြောင့် လောင်စာဆီတန်းစီနေသည့် ဆိုင်ကယ်များအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
ကရင်ပြည်နယ် မြဝတီမြို့တွင် ထိုင်းနိုင်ငံက လျှပ်စစ်နှင့် လောင်စာဆီတင်သွင်းမှု ရပ်ဆိုင်းလိုက်မှုကြောင့် လောင်စာဆီတန်းစီနေသည့် ဆိုင်ကယ်များအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

ထိုင်းအစိုးရရဲ့ လျှပ်စစ်မီးနဲ့လောင်စာဆီအပြင် ထိုင်းနိုင်ငံရဲ့ ထုတ်ကုန် ၁၂ မျိုး တင်သွင်းခွင့် ပိတ်ပင်ထားတာတွေ ပြန်ဖွင့်မဲ့အကြောင်းနဲ့ ပတ်သက်ပြီး ထိုင်း-မြန်မာကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ် ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ ဖုန်းမကိုင်ပါဘူး။

ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့မှာလည်း တာချီလိတ်- မယ်ဆိုင် တံတား ၂ကနေ ကားအကြီး ဆယ်ဘီးကားနဲ့သယ်ကြပေမဲ့ အခုတော့ တံတားလည်းပိတ်ထားသလို စက်သုံးဆီသယ်ခွင့်ကိုလည်း ပိတ်ပင်ထားတာကြောင့် တံတား ၁ ကနေဖြတ်ပြီး မယ်ဆိုင်ဘက်အခြမ်းကို အိမ်စီးကားတွေနဲ့ ဆီသွားဝယ်ရတဲ့ အခြေအနေရှိတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဘက်အခြမ်း မယ်ဆိုင်မြို့မှာလည်း စက်သုံးဆီကို ပုံးတွေနဲ့ ဝယ်ခွင့်မပေးဘဲ အိမ်စီးကားတွေနဲ့သာ ဆီအပြည့် ဝယ်ခွင့်ရနေတယ်လို့ တာချီလိတ်-မယ်ဆိုင်ဘက်ကို ဖြတ်ပြီး အရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။