မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ထိ အချိန်တစ်နှစ် ကျော်အတွင်း အာဏာသိမ်းမှုကို ဆန့်ကျင်မှုတွေနဲ့ ဆက်နွှယ်ပြီး ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ နေအိမ်၊ အဆောက်အအုံပေါင်း ၅၈၆ လုံးထက်မနည်း ရှိလာတယ်လို့ မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေး သုတေသနအဖွဲ့ (ISP-Myanmar) က မေလ ၂၇ ရက်နေ့က သတင်းထုတ် ပြန်ပါတယ်။
အများစုဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ ပတ်သက်မှုတွေအပါအဝင် ဗုံးပေါက်ကွဲမှု၊ ဆန္ဒပြမှုတွေနဲ့ CDM လှုပ်ရှားမှုတွေနဲ့ ဆက်စပ်ပြီး ချိပ်ပိတ်သိမ်းဆည်းခံ ခဲ့ရတာလို့ ဆိုပါတယ်။ NUG အစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ဝန်ကြီးချုပ် မန်းဝင်း ခိုင်သန်းတို့ရဲ့ နေအိမ်တွေလည်း ချိပ်ပိတ်ခံထားရပါတယ်။
"လူတွေအတွက်က အိမ်ဆိုတာမျိုးက ပိုပြီးတော့ အရေးကြီးတဲ့အရာလည်းဖြစ်တယ်"
နေအိမ်တွေ ချိပ်ပိတ်သိမ်းဆည်းခံရတဲ့အထဲမှာ ခုခံစစ်တွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းက နေအိမ်၊ အဆောက်အအုံ ၁၅၉ လုံးထက်မနည်းရှိနေလို့ စစ်ကိုင်းတိုင်းဟာ အများဆုံးချိပ် ပိတ်ခံရတဲ့ဒေသ ဖြစ်နေပါတယ်။
နေအိမ်ချိပ်ပိတ်သိမ်းဆည်းခံရသူတွေထဲမှာ ပါဝင်တဲ့ ရေဦးမြို့နယ်က NLD ပါတီရဲ့ စစ်ကိုင်း တိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွေးကတော့ ဒါဟာ တရားလက်လွတ်ပြုမူခံနေ ရတာလို့ ပြောပါတယ်။
“အိမ်မရှိတော့ဘူးဆိုပေမယ့် ကျနော်ရောက်တဲ့နေရာ ကျနော့်အိမ်ဖြစ်နေတဲ့အတွက် ပိုပြီးတော့ အိမ်တောင် ပိုပေါပါသေးတယ်။ အသက်တောင်စွန့်သွားတဲ့ ကျနော့်ရဲ့ တော်လှန်ရေးရဲဘော်တွေ၊ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ စွန့်သွားတာနဲ့စာရင် ကျနော် အသက်မစွန့်ရသေးပါဘူး။ အဲဒီအတွက် အိမ်ချိပ်ပိတ်ခံရရုံလောက်နဲ့တော့ ဘာမှမခံ စားဘူး။ သို့သော် တစ်ဖက်မှာ ဥပဒေအရ ကြည့်မယ်ဆိုရင်တော့ ဒါတရားလက်လွတ် တွေ ဖြစ်တာပေါ့ဗျာ။ ဥပဒေနဲ့ ဘာတစ်ခုမှ မညီတာ။ ဒါပေမဲ့ ဒီအကြမ်းဖက်အဖွဲ့အစည်း ကတော့ ဘယ်တော့မှ ဥပဒေနဲ့ ညီမှာမဟုတ်သလို စစ်သည်ကျင့်ဝတ် အပါး ၆၀ ရယ်၊ ပြည်သူအပေါ်မှာ ကျင့်ကြံရမယ့် ၁၀ ပါး ဒါတွေ အားလုံးချိုးဖောက်ပြီး လုပ်နေတဲ့အဖွဲ့ အစည်းအပေါ်မှာတော့ ကျနော်ဘာမှ မမျှော်လင့်ဘူးလေ”
ISP-Myanmar သုတေသနအဖွဲ့ရဲ့ စာရင်းတွေအရ နေအိမ်တွေ ချိပ်ပိတ် သိမ်းဆည်းခံရ တဲ့အထဲမှာ လွှတ်တော်အမတ်တွေ၊ NLD ပါတီဝင်တွေနဲ့ သာမန်အရပ်သား ပြည်သူတွေရဲ့ နေအိမ်တွေ ပါဝင်ပါတယ်။
အဲဒီအထဲမှာ အရပ်သားတွေရဲ့ ပိုင်ဆိုင်မှုတွေ အများဆုံးချိပ်ပိတ်ခံခဲ့ရပြီး ၃၇၃ လုံးထက် မနည်း ရှိနေပါတယ်။ ဒါဟာ နိုင်ငံတစ်ဝန်း သိမ်းဆည်းခံရတဲ့ နေအိမ်၊ အဆောက်အအုံ အရေအတွက်အားလုံးရဲ့ ၆၃ ဒသမ ၇ ရာခိုင်နှုန်း ဖြစ်ပါတယ်။
ချိပ်ပိတ်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပိုင်ဆိုင်မှု၊ နေအိမ်နဲ့ အဆောက်အအုံ ၁၄၇ လုံးနဲ့ NLD ပါတီဝင် တွေနဲ့ ပါတီပိုင်ဆိုင်မှုတွေဖြစ်တဲ့ နေအိမ်နဲ့ အဆောက်အအုံက ၆၆ လုံးထက်မနည်းရှိပါတယ်။
နေအိမ်၊ အအောက်အအုံတွေ အခုလို ချိပ်ပိတ်သိမ်းဆည်းတဲ့လုပ်ရပ်ဟာ သိမ်းဆည်းခံ ရသူတွေရဲ့ စီးပွားရေးနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအပြင် သူတို့ရဲ့ လူမှုဘဝတွေကိုပါ ဖျက်ဆီးခံရတာလို့ ISP-Myanmar ရဲ့ အကြီးတန်းသုတေသီ ဦးကျော်ထက်အောင်က ပြောပါတယ်။
“အထူးသဖြင့် နေအိမ်သိမ်းဆည်းခံရတဲ့ လူတွေ၊ မိသားစုတွေအတွက်ဆိုရင် နိစ္စဓူ၀ ရှင်သန်နေထိုင်မှုပုံစံပါ ပျက်ယွင်းသွားတယ်လို့ ပြောလို့ရတယ်။ အထူးသဖြင့် နေအိမ် မရှိတော့ဘူးဆိုလို့ရှိရင် တခြားရပ်ကွက်က ဆွေမျိုးအိမ်တွေမှာ ဒါမှမဟုတ် IDP စခန်း တွေမှာ နေရတယ်ပေါ့နော်။ ဆိုတော့ ကိုယ့်ရဲ့ အသိုက်အမြုံဟာ မရှိတော့တဲ့အတွက် တခြား ဆက်စပ်ကိစ္စတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အစ ရှိသဖြင့် အရာတွေ အကုန်လုံးက တော်တော်လေးကို အခက်အခဲဖြစ်သွားတယ်။ ဒါအိမ်တစ်လုံးဖြစ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ လူတွေအတွက်က အိမ်ဆိုတာမျိုးက ပိုပြီးတော့ အရေးကြီးတဲ့အရာလည်းဖြစ်တယ်”
ဒီထောက်ပြချက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ တုံ့ပြန်ချက်ကို သိရဖို့ RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုလုပ်ငန်းကော်မတီဝင် ဦးကျော်ထွေး ကတော့ စစ်ကောင်စီရဲ့ ချိပ်ပိတ်သိမ်းဆည်းမှု လုပ်ရပ်တွေဟာ တရားမဝင်သလို NLD ပါတီဟာ ပစ်မှတ်ထား ချေမှုန်းတာကို ခံနေရတယ်လို့ ပြောပါတယ်။
“အာဏာသိမ်းစစ်ကောင်စီဟာ ပြည်သူ့ဆန္ဒကို အခြေပြုရတဲ့ ရွေးကောက်ပွဲတိုင်း NLD ပါတီက အပြတ်အသတ် အနိုင်ရတာကို မရှုဆိတ်တာရယ်၊ NLD ရှိနေသမျှ သူတို့တိုင်း ပြည်အာဏာကို ဥပဒေမဲ့အပိုင်စီးထားလို့မရနိုင်ဘူးဆိုတာ သိနေတာကြောင့် ပါတီကို ပစ်မှတ်ထား ချေမှုန်းနေတာဖြစ်ပါတယ်။ ပါတီရုံးတွေကို ဖျက်ဆီးပြ၊ ပါတီဝင်အိမ် တွေကို ချိပ်ပိတ်၊ ပါတီဝင်တွေကို ဖမ်းဆီး၊ ပါတီဝင်တွေကိုမမိရင် မိသားစုဝင်တွေကို၊ အားပေးထောက်ခံသူတွေကို လိုက်လံဖမ်းဆီးတာတွေ ကျူးလွန်နေတဲ့အပြင် ပြည်သူ လူထုကိုပါ ခြိမ်းခြောက်ပြီးတော့ ပြည်သူ့ဆန္ဒကိုပါ ဖျက်ဆီးပစ်နေတာဖြစ်ပါတယ်”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဒီလိုလုပ်ရပ်တွေဟာ စစ်ကောင်စီကို မဆန့်ကျင်ရဲအောင်၊ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေကို မထောက်ခံရဲ အောင် အကြမ်းဆုံးနည်းနဲ့ ဆောင်ရွက်နေတာလို့ ဝေဖန်ပါတယ်။
“လုပ်တဲ့သဘောကတော့ ကြွက်မနိုင် ကျီမီးနဲ့ရှို့တာပေါ့ဗျာ။ NLD ပါတီနဲ့ NUG လို လားတဲ့ အင်အားစုတွေ ပိုပြီးတော့ အခြေအနေပျက်၊ ဘဝပျက်ပြီးတော့ မထောက် ခံရဲအောင်၊ မပတ်သက်ရဲအောင် အကြမ်းဆုံးနည်းတွေနဲ့ တရားမဲ့ လုပ်ကိုင်နေတာ။ အဲဒီလိုလုပ်ပိုင်ခွင့်ဆိုတာက ဘယ်တရားဥပဒေနဲ့ ဘယ်ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံမူမှာမှ မရှိပါဘူး။ ဒါပေမဲ့ အခုကတော့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးအင်အားစုတွေ အားလုံး ကြောက်သွားအောင်၊ ငြိမ်သွားအောင် သူ့ကိုပြန်ပြီးတော့ မလှန်နိုင်အောင် တော်လှန်နေ တဲ့ အဖွဲ့အစည်းတွေကို ထောက်ခံအားပေးမှုတွေ မပြုအောင် အကြမ်းဆုံး၊ အရမ်းဆုံး နည်းတွေနဲ့ ကမ္ဘာမှာ မကြားဘူး၊ မကြုံဘူးတဲ့ အကြမ်းဖက်မှုတွေကို ကျင့်သုံးနေတယ်၊ လုပ်ကိုင်နေတယ်”
စစ်ကောင်စီက သူတို့ကို ဆန့်ကျင်သူတွေကို နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်နေပေမယ့် ဆန့်ကျင်မှု တွေက ပပျောက်မသွားတဲ့အပြင် ပြည်သူတွေရဲ့ စိတ်ထဲမှာ နာကြည်းမှုတွေသာ ပိုများ လာတယ်လို့လည်း ဦးသန်းစိုးနိုင်က ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ဖို့ ကြေညာခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့နောက်ပိုင်းမှာ နေအိမ်၊ အဆောက်အအုံ ချိပ်ပိတ်သိမ်း ဆည်းမှုတွေကို စစ်ကောင်စီက ပိုမိုလုပ်ဆောင်လာခဲ့တယ်လို့ ISP Myanmar ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း အသံတိတ်သပိတ်ပြုလုပ်ဖို့ လှုံ့ဆော်ရင် နေအိမ်ချိပ်ပိတ်တဲ့အထိ အရေးယူမယ့်အကြောင်း စစ်ကောင်စီက ကြေညာခဲ့ပါတယ်။ အဲဒီလိုထုတ်ပြန်ပြီးနောက် မေလ ၂၀ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ နေအိမ် ၂၁၂ လုံး သိမ်းဆည်းခံခဲ့ရပါတယ်။