အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ KNU တွေ့ဆုံ

2019-07-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တို့ NRPC ရုံးမှာ ဇူလိုင်လ ၉ ရက်နေ့က တွေ့ဆုံခဲ့ကြစဉ်။
အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တို့ NRPC ရုံးမှာ ဇူလိုင်လ ၉ ရက်နေ့က တွေ့ဆုံခဲ့ကြစဉ်။
Photo: Hla Maung Shwe/FB

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့တို့ မနေ့က ရန်ကုန်မြို့ ရွှေလီလမ်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ရုံးမှာ တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ NCA မှာပါတဲ့ ကြားကာလဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်တွေအပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအကြောင်း ဆွေးနွေးဖြစ်ခဲ့တယ်လို့ တွေ့ဆုံပွဲမှာပါဝင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့က  ဦးလှမောင်ရွှေက ပြောပါတယ်။

“အဓိကက KNU ဘက်ကတော့ NCA မှာပါတဲ့ ကြားကာလဆောင်ရွက်မှုအပိုင်းတွေပါတယ်။ ကျနော်တို့ဘက်ကလည်း ဒီအပေါ်မှာ ငြိမ်းချမ်းရေးအဖွဲ့နဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်မယ့်ကိစ္စတွေကို ဆွေးနွေးခဲ့တာတွေရှိပါတယ်။ ဆွေးနွေးတာတော့ အဆင်ပြေတယ်။ ဆွေးနွေးပွဲလည်း ကောင်းတယ်။ ယုံကြည်မှုတခုရတယ်လို့ ခံစားရတာပေါ့”

KNU အဖွဲ့ဟာ ငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာ တရားဝင်အစည်းအဝေးတွေကို တက်ရောက်မှုတွေ ယာယီရပ်ဆိုင်းပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွေကနေ အဖြေရှာသွားမှာဖြစ်ကြောင်း ၂ဝ၁၈ နိုဝင်ဘာလက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီလိုကြေညာပြီးနောက်ပိုင်း အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ အလွတ်သဘောတွေ့ဆုံတာတွေရှိခဲ့ပြီး မနေ့က တွေ့ဆုံပွဲကတော့ ၉ ကြိမ်မြောက်ဖြစ်ပါတယ်။

မနေ့က တွေ့ဆုံပွဲမှာလည်း ပုံမှန်ဆွေးနွေးပွဲတွေ ပြန်လည်ကျင်းပနိုင်ရေးအပါအဝင် ဒီနှစ်မကုန်ခင်မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ဖို့ အစိုးရဘက်က ကြိုးစားနေတာတွေကိုလည်း ရှင်းပြခဲ့တယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

“ကျနော်တို့အစိုးရဘက်က ပုံမှန်ဆွေးနွေးပွဲပေါ့လေ။ Formal meeting တွေ ပြန်ရောက်နိုင်ဖို့ ကိစ္စတွေရှင်းပြတယ်။ ဒါတွေကို သူတို့ပြန်ယူသွားပြီးတော သူတို့အဖွဲ့အစည်းမှာပြန်ရှင်းလင်းဖို့ရှိမယ်။ ကျနော်တို့ကတော့ သိပ်ကြာခင်မှာ ပုံမှန်လမ်းကြောင်းပေါ်ပြန်ရောက်ဖို့ မျှော်လင့်တာပေါ့လေ။ နောက်တခုကလည်း ဒီနှစ်မကုန်ခင်မှာ ပြည်ထောင်စုညီလာခံ ၂၁ ရာစုပင်လုံကို လုပ်နိုင်ဖို့လည်း ကြိုးစားနေတာပေါ့လေ”

ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး KNU ကိုယ်စားလှယ်အဖွဲ့ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ ဒါပေမယ့် KNU ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့ “ NCA အခန်း (၆) မှာပါတဲ့ ကြားကာလဆိုင်ရာ အယူအဆ၊ အမြင်သဘောထားတွေကို ဆွေးနွေးညှိနှိုင်းကြပြီး၊ ယုံကြည်မှုတည်ဆောက်ရေး အားကောင်းလာစေဖို့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ဆွေးနွေးခဲ့တဲ့အပြင် လာမယ့် သြဂုတ်လမှာ ပြန်လည်တွေ့ဆုံကြဖို့လည်း လျာထားတယ်လို့” မနေ့က ထုတ်ပြန်ထားပါတယ်။

မနေ့ကဆွေးနွေးပွဲကို KNU ဘက်က တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ဖဒိုစောဆဲပွယ်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နော်ဒါးဒါး အပါအဝင် ကိုယ်စားလှယ် ခြောက်ဦး တက်ရောက်ခဲ့ပြီး အစိုးရဘက်က သမ္မတရုံးညွန်ကြားရေးမှုး ဦးဇော်ဌေး၊  ငြိမ်းချမ်းရေးကော်မရှင်အကြံပေး ဦးလှမောင်ရွှေအပါအဝင် ကိုယ်စားလှယ် လေးဦး တက်ရောက်ခဲ့ကြပါတယ်။

အခုလာမယ့် ဇူလိုင်လ ၁၁ ရက်နေ့မှာလည်း နေပြည်တော်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ တွေ့ဆုံဖို့ရှိသလို ဇူလိုင်လ ၁၂ ရက်နေ့မှာ RCSS နဲ့တပ်မတော်တို့ ဆွေးနွေးဖို့ရှိပြီး   ဇူလိုင် ၁၇ ရက်နေ့မှာတော့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ တွေ့ဆုံကာ နောက်တနေ့မှာ KNPP နဲ့ တပ်မတော်တို့ တွေ့ဆုံမယ်လို့လည်း သိရပါတယ်။

( RFA ဝိုင်းတော်သူ မခင်ခင်အိ စုစည်းတင်ပြသည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့