စစ်ကောင်စီရွေးကောက်ပွဲ ချေဖျက်ရမယ်လို့ NUG ပြောကြား

ဇွန်လ ၁၄ ရက် မနေ့က ကျင်းပတဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါ လရှီးလ က အာဏာသိမ်းစစ်ကောင်စီကျင်းပမယ့် ၂ဝ၂၃ ခုနှစ်ရွေးကောက်ပွဲဟာ လိမ်ညာပြီး ကျင်းပမှာဖြစ်တဲ့အတွက် လုံးဝ ချေဖျက်နိုင်အောင် နိုင်ငံရေးစစ်ရေး နှစ်ခုစလုံးနဲ့ လုပ်ဆောင်ဖို့ ပြင်ဆင်ရန် အရေးကြီးတဲ့အချိန်ကာလဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီလိုပြောဆိုတာနဲ့ ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကို RFA ကို ဆက်သွယ်မေးမြန်းရာမှာ အဲဒီ ရွေးကောက်ပွဲဟာ ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်ခွင့်လိုင်စင်သက်တမ်းတိုးပေးရာ ကျရောက်ပါလိမ့်မယ်လို့ ပြောပါတယ်။

“စစ်ကောင်စီက ဖော်ဆောင်ဖို့ လုပ်နေတဲ့ ရွေးကောက်ပွဲဆိုတာ ပြည်သူ့ဆန္ဒလည်းမပါဝင်ဘူး စစ်ကောင်စီ သက်ဆိုးရှည်ပြီး ပြည်သူတွေသာ စစ်ဖိနပ်အောက်မှာ ပိုပြီးတော့ ရှည်ကြာအောင် လုပ်မယ့် ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်။ ဒါလည်းပြည်သူအားလုံး သိပြီးသားဖြစ်တယ်။ ဒီရွေးကောက်ပွဲမျိုး ဖြစ်မြောက်သွားမယ် ရင် စစ်ကောင်စီကို လူသတ်ခွင့် လိုင်စင်ကို သက်တမ်း တိုးပေးလိုက်ထာပဲ။ ပြည်သူ့ကိုနှိပ်စက်ခွင့် လိုင်စင်ကို သက်တမ်းတိုးပေးလိုက်တဲ့ အနေအထားမျိုးဖြစ်သွားမယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေရဲ့ ဆန္ဒတွေနဲ့အညီ မဟုတ်တဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ အနေနဲ့ကတော့ ပြည်သူတွေနဲ့ လက်တွဲပြီးတော့ နည်းလမ်းပေါင်းစုံသုံးပြီး ဒီဟာကို တားဆီးနိုင်အောင် တရားဝင်မှုမရှိအောင် ကြိုးစားသွားမှာပဲ”

မြန်မာ့အရေးလေ့လာသူ နိုင်ငံရေးစာရေးဆရာ မင်းသေ့ကလည်း အဲဒီရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်သလို ပြည်သူတွေအတွက် ထွက်ပေါက်လည် မဟုတ်ဖူးလို့ ဝေဖန်ပါတယ်။

“ဒီစစ်တပ်က မဖြစ်မနေရအောင်လို့ ကြိုးစားနေမယ်။ သို့သော်လည်း လက်တွေ့မှာ တပြည်လုံး အတိုင်းအတာနဲ့ ကျင်းပနိုင်ဖို့က တော်တော့်ကို မလွယ်တဲ့ ကိစ္စ။ ရွေးကောက်ပွဲက တစ်ဝက်လောက်တောင် ဖြစ်ပါ့မလားပေါ့။ အထူးသဖြင့် ပြည်မဘက်မှာ ကောင်းကောင်းဖြစ်ပါ့မလား။ အဲ့ဒါက ဖြစ်နိုင်ခြေအတော်နည်းတဲ့ ကိစ္စလို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူရဲ့ရေချိန်ကိုပဲ ကြည့်ကြည့် သူတို့ရဲ့ လက်ရှိအနေအထားကိုပဲ ကြည့်ကြည့် ရွေးကောက်ပွဲက အတုပဲဖြစ်မယ်။ ရွေးကောက်ပွဲ ဆိုရုံမျှပဲ ဖြစ်မယ်။ ကိုယ့်ဖဲ ကိုယ်ချိုးပြီး ရွေးကောက်ပွဲ လုပ်ရုံမျှဖြစ်သွားနိုင်တယ်။ သို့သော်တစ်ဖက်က မြန်မာ့နွေဦးတော်လှန်ရေးအင်အားစုတွေ ရှိတယ်။ အဲ့ဒီအင်အားစုတွေကတော့ ဒီရွေးကောက်ပွဲမဖြစ်အောင် ဖျက်ကြမယ့် ပုံသဏ္ဍာန်မျိုးကိုတွေ့တယ်။ ကျနော်တို့ကတော့ ရွေးကောက်ပွဲ လုပ်တဲ့ ကာလမှာ ပဋိပက္ခက မမျှော်လင့်တာတွေ ဖြစ်လာနိုင်တယ်။ စစ်တပ်လုပ်တဲ့ ရွေးကောက်ပွဲတိုင်းက ကိုယ့်ဖဲကိုယ်ချိုးပြိးတော့ လုပ်သွားတဲ့ ကိစ္စဖြစ်တဲ့အတွက် လွတ်လပ်မျှတမယ်လို့ ကျနော်တို့ကိုယ်တိုင် လုံးဝမယုံကြည်ဘူး။ တကယ်တမ်း ပြောရရင် ဂယ်ပေါက်က ဘယ်သူ အတွက်လဲဆိုတော့ မြန်မာ့ စစ်တပ်စစ်ကောင်စီအတွက်ပဲ ရွေးကောက်ပွဲက ဂယ်ပေါက်ဖြစ်နေတယ်။ သူက ဒါလေးဖြစ်သွားရင်သူ့အတွက် အသက်ရှုချောင်မှာ ဖြစ်တဲ့ အတွက် တော်တော်လုပ်ချင်နေတာ”

မနေ့က အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါ လရှီးလ က လက်ရှိမှာ PDF ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၂၅ဝ ကျော်နဲ့ Local PDF ဒေသဆိုင်ရာကာကွယ်ရေးအဖွဲ့တွေလည်း ၅ဝဝ ခန့်ရှိနေပြီဖြစ်လို့ တစ်ဆင့်တက်ပြီး ရန်သူကို ချေမှုန်းသိမ်းပိုက်ရန် ပြင်ဆင်ကြရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ အတွင်းဝန် ဦးနိုင်ထူးအောင်က မိမိတို့အနေနဲ့ ပထမအဆင့် လေ့ကျင့်ရေး၊ နယ်မြေခြေကုပ်ရရှိရေးနဲ့ ခုခံစစ်ကို အဓိကထားဆောင်ရွက်ခဲ့ပြီးပြီ ဖြစ်တဲ့အတွက် မဟာဗျူဟာမြောက် ထိုးစစ်အတွက် ပြင်ဆင်နေပြီဖြစ်ပါတယ်။ စစ်ရေးလျှို့ဝှက်ချက်ဖြစ်တဲ့အတွက် အသေးစိတ်ပြောကြားလို့တော့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

“တော်လှန်ရေး နောက်တစ်ဆင့်တက်နိုင်ဖို့ မဟာဗျူမြောက် ထိုးဆင်တွေ ဆင်နိုင်ဖို့ ရှိပါတယ်။ အချိန်အခါနဲ့ ဘယ်လိုဆောင်ရွက်မယ်ဆိုတာကိုတော့ လျှို့ဝှက်ထားရှိမှာဖြစ်ပါတယ်။”

မနေ့ကအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း တော်လှန်ရေးဟာ စစ်ရေး၊ နိုင်ငံရေး နဲ့ သံတမန်ရေး အဘက်ဘက်က ဟန်ချက်ညီညီတိုးတက်နေတယ်၊ တပြိုင်နက်မှာ စစ်ကောင်စီကလည်း ယုတ်မာရိုင်းစိုင်းမှုတွေ အစွမ်းကုန်လုပ်လာနေပြီး စစ်ကိုင်းတိုင်းမှာ ရွာတွေကို နေ့စဉ်ရက်ဆက် မီးရှို့ဖျက်ဆီးနေတဲ့အတွက် ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ကာကွယ်မှုပေးဖို့ ပြောကြားခဲ့ပါတယ်။ ဦးနိုင်ထူးအောင်က သူတို့ အဲဒီကိစ္စအတွက် အခက်အခဲတွေကို ရင်ဆိုင်ရင်း ကြိုးစားနေပါတယ်လို့ ပြောပါတယ်။

“တွေ့ရာလူမှန်သမျှ သတ်ဖြတ် ကျေးရွာမှန်သမျှ မီးရှို့၊ တကယ့်ကို ရက်စက်ကြမ်းကြုတ်စွာနဲ့ ဆောင်ရွက်လာတဲ့ အနေအထားမျိုး ရှိပါတယ်။ ဒါကိုလည်း ကျနော်တို့ သတိပြုမိတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ပြည်သူတွေကို ပိုပြီးကာကွယ်နိုင်မယ့် ပုံစံမျိုးတွေ တိုက်ပွဲဖော်ဆောင်နိုင်မှုပုံစံမျိုးတွေ ပြုလုပ်နေတာဖြစ်ပါတယ်။”

စာရေးဆရာ မင်းသေ့က လက်ရှိအခြေအနေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေအကြား စစ်ရေးအခြေအနေကို ကြည့်ရင် တစ်ဖက်နဲ့တစ်ဖက် ပြတ်ပြတ်သားသား အနိုင်မရသေးပေမယ့် စစ်ကောင်စီဟာ တစ်နေ့တစ်ခြား အကျပ်အတည်းနဲ့ ရင်ဆိုင်ယိုယွင်းလာနေပြီး ပြည်သူတရပ်လုံးပါဝင်ကြိုးစားရင် လာမယ့် ၂ဝ၂၃ ခုနှစ်အတွင်းမှာ ထူးခြားတိုးတက်မှုတွေကို မြင်တွေ့ရနိုင်တယ်လို့ ပြောပါတယ်။