ဖမ်းဆီးမှုတွေကို ကျော်လွှားမယ်လို့ တော်လှန်ရေးသမားတွေ ပြော

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2021.11.19
ဖမ်းဆီးမှုတွေကို ကျော်လွှားမယ်လို့ တော်လှန်ရေးသမားတွေ ပြော ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။
ဓာတ်ပုံ - ကာကွယ်ရေးဝန်ကြီးဌာန (NUG)

အခုရက်ပိုင်းလပိုင်းတွေအတွင်း စစ်တပ်အာဏာသိမ်းမှုနဲ့ လူထုအပေါ်အကြမ်းဖက် သတ်ဖြတ်ညှဉ်းပနိးမှုတွေကို ဆန့်ကျင်ပြီး ဒီမိုကရေစီရရှိရေးလှုပ်ရှားသူတချို့ ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး မီဒီယာတွေမှာ နွေဦးတော်လှန်ရေးအပေါ် စိတ်ဓာတ်ကျဆင်းတဲ့ ရေးသားပြောဆိုမှုတချို့ မြင်တွေ့ရပါတယ်။ အဲဒီလိုရေးသားပြောဆိုသူတွေထဲမှာ အာဏာသိမ်းစစ်တပ်ကိုထောက်ခံရေးသား ပြောဆိုလေ့ရှိသူတွေက အများစုဖြစ်ပြီး ဒီမိုကရေစီလိုလားတယ်လို့ ပြောဆိုနေသူတချို့လည်း ပါဝင်ပါတယ်။

ပြည်သူနဲ့ ပူးပေါင်းခဲ့တဲ့ CDM ဗိုလ်ကြီးညီသုတကတော့ လူထုဘက်က အောင်မြင်မှုတွေကို နေ့စဉ်မြင်တွေ့နေရပါပြီ။ တော်လှန်ရေး တစ်ခုမှာ ထိခိုက်မှုတွေကိုတော့ ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ဒါပေမယ့် ကာလတစ်ခုကို ကျော်ဖြတ်ပြီးတဲ့ အချိန်မှာတော့ အောင်ပွဲကို မိမိတို့ ရရှိမှာပါပဲလို့ပြောပါတယ်။

“ကျနော်တို့ဆက်လုပ်ဖို့ရှိတာက ဆုံးရှုံးသွားတဲ့သူတွေ ဆက်မလုပ်နိုင်တော့တဲ့သူတွေကိုယ်စား ကျန်တဲ့သူတွေက နှစ်ဆတိုး လုပ်ရမှာပဲ။ ရှင်းရှင်းပြောရရင်ဗျာ။ တယောက်ပါသွားရင် ကျန်တယောက်က အဲဒီတယောက်အစားပိုလုပ် ဒါပဲရှိပါတယ်။ ဒီလိုပဲ လက်ရှိအချိန်မှာ ဆိုရင်လည်း ကျနော်တု့ိ အောင်မြင်မှုတွေ အများကြီးရှိနေတာ၊ စစ်ကောင်စီက မြို့တွေမှာကို အေးအေးချမ်းချမ်း နေလို့မရတော့ဘူး သူတို့ကိုယ်တိုင် မလုံခြုံတဲ့ဘဝကို ရောက်သွားပြီ။ တချို့နေရာတွေမှာဆိုရင် ပြည်သူတွေဘက်က အုပ်ချုပ်ရေး အသာစီးရတယ်။ တချို့ဒေသတွေမှာဆိုရင် အုပ်ချုပ်ရေးမှူးတွေ မရှိသလောက်ဖြစ်တဲ့ ဒေသတွေ၊ တပြိုင်နက်တည်းနဲ့ အယောက် ၄ဝ- ၅ဝ နှုတ်ထွက်တာတွေ ဖြစ်လာတယ်ဆိုတာက ပြည်သူဘက်က အသာစီးရနေတာ ဖြစ်ပါတယ်။ တချို့နေရာမှာဆိုရင် ရှိတဲ့အင်အားနဲ့ ရှိတဲ့လက်နက်နဲ့ ရင်ဆိုင်နေတဲ့ အခြေအနေမှာတောင်မှ ကျနော်တို့တွေ သိနေတာပဲ။ တနေ့တနေ့ စစ်ကောင်စီဘက်က ကျဆုံးမှုတွေ အများကြီး ရှိနေတယ်။ တနိုင်ငံလုံးကို ကြည့်မယ်ဆိုရင် ကျနော်တို့အင်အားက အသာရနေတယ်။ အခုကို စစ်ကောင်စီသည် သမိုင်းမှာ မကြုံဖူးတဲ့ အနေအထားမျိုးကို ရင်ဆိုင်နေရတယ်၊ သူတို့စစ်ပန်းတာရော အင်အားချိနဲ့တာရော တောက်လျှောက် ကြုံနေရတယ်။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့က ကျနော်တို့မှာ ရှိနေတဲ့ အသန်မာဆုံးဖြစ်တဲ့ စိတ်ဓာတ်တွေကို ဒီ့ထက်ပို မောင်းတင်ထားဖို့လိုတယ်။ ဒီ စိတ်ဓာတ်အင်အားကသာ တော်လှန်ရေးကို ဆက်ပြီး ဦးဆောင်သွားနိုင်မှာပါ”

နွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့ တောင်သူလယ်သမားအကျိုးဆောင် ဦးဇော်ရမ်းကလည်း ပြည်သူလူထုအနေနဲ့ ခုခံတော်လှန်ရေးကလွဲလို့ တခြားရွေးစရာ မရှိပါဘူး။ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ပါစေ။ လူထုကတော့ အာဏာရှင်တွေကို အရှုံးပေးမှာ မဟုတ်ဘူးလို့ ဝေဖန်ပါတယ်။

“အခု ကိုဇေယျာသော် တို့ အဖမ်းခံရတယ်။ ကိုဂျင်မီ တို့ အဖမ်းခံရတယ်၊ ဒါ ၈၈ မှာလည်း ဒီလိုပဲ ထောင်ထဲမှာ ကျဆုံးသွားတဲ့သူတွေ ရှိခဲ့တာပဲ။ ဦးတင်မောင်ဝင်း တို့ ဦးမောင်ကို တို့တွေ။ ဒါတွေကို ကျနော်တို့က ဘယ်လိုမှ စိတ်ဓာတ်ကျစရာအကြောင်း မရှိဘူး၊ ဒါတွေကို ကျနော်တို့ ဖြတ်ကျော်ခဲ့ပြီးပြီ။ အခု လူငယ်တွေ ဦးဆောင်နေတယ်၊ ဦးဆောင်တဲ့သူနောက်ကနေ ကျနော်တို့က လူအားတတ်နိုင် တတ်နိုင်၊ ငွေအား တတ်နိုင်တတ်နိုင် ဒါတွေ အကုန်လုံး လုပ်သွားဖို့ အရေးကြီးတယ်။ ဦးဆောင်တဲ့သူတွေ ကလည်း အရေးကြီးတယ်။ ကမ္ဘာမှာဆိုရင် ဘာဘာရိုဆာ စစ်ဆင်ရေးနဲ့ ဂျာမန်တွေက ရုရှားကို ဝင်တိုက်လိုက်တာ ရုရှပြည်သူ သန်း ၂ဝ လောက်တောင် သေသွားတယ်။ အဲဒါကို ဆိုဗီယက်ပြည်သူတွေက အကုန်လုံး စိတ်ဓာတ်မကျဘဲနဲ့ ပြန်တွန်းလှန်ခဲ့တဲ့အခါမှာ ဂျာမန်မြေကို ရုရှားတပ်ကြီးရောက်သွားပြီးတော့ ဟစ်တလာကို ချေမှုန်းလိုက်နိုင်တာပဲ။ နောက်ဆုံးမှာတော့။ အဲဒီသဘောပဲ။ ကျနော်တို့က ဒါတွေကို သင်ခန်းစာယူပြီးတော့ ဒီတော်လှန်ရေးကြီးကို ဖြတ်သန်းမယ်၊ အဓိက ကတော့ ဦးဆောင်မဲ့သူတွေက စိတ်ဓာတ်ကျစရာတွေ တွေဝေစရာတွေ မတွေးမခေါ်ဘဲနဲ့ အားရှိစေတဲ့ လုပ်ရပ်တွေ အားရှိစေတဲ့ စည်းရုံးလှုံ့ဆော်တဲ့ ပုံစံမျိုးတွေ နဲ့ သွားရင် ကျနော်တို့ မလွှဲမသွေ နိုင်မှာပဲဗျ”

CDM ဗိုလ်ကြီးအောင်မျိုးထက်ကလည်း လူငယ်တွေ အင်တာနက်သုံးစွဲနေကြဖို့လိုသလို ဓာတ်ပုံတွေ ရိုက်ကူးဖြန့်ဝေတဲ့အခါ အန္တရာယ်ကို မမေ့ဖို့လည်း လိုတယ်လို့ သတိပေးပါတယ်။

“အမှတ်တမဲ့နဲ့ အမှတ်မထင် ရိုက်လိုက်တယ်၊ ဒါပေမဲ့လည်း တဖက်ရန်သူက အဲဒီနေရာကိုရောက်ဖူးနေတယ်ဆိုရင် ချက်ချင်း ကိုယ်တွေကို လာရှာဖို့ လွယ်တယ်ပေါ့။ အဲဒါတွေကို ဆင်ခြင်သင့်တယ်။ ပြီးတော့ location တွေ ဖွင့်ထားတာ ဆင်ခြင်သင့်တယ်။ ထောက်လှမ်းရေး တော်တော်များများ အခုလုပ်နေတာက ဖုန်းကနေတဆင့် ထောက်လှမ်းတာတွေ လုပ်နေတဲ့အတွက်ကြောင့်မို့ စစ်တပ်နဲ့ ပတ်သက်တဲ့ စစ်တပ်က ထုတ်တဲ့ Mytel အဲဒီဖုန်းကတ်တွေ မသုံးသင့်ဘူးပေါ့နော်”

0be6fe0f-77e6-4aed-b9f0-48910f09997e.jpeg
(စစ်ကောင်စီကို တွန်းလှန်နေတဲ့ KNDF တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်) Photo: KNDF

ဒါ့အပြင် ဗိုလ်ကြီးအောင်မျိုးထက်က ဒလန်သူလျှိုတွေ ရန်ကို အထူးသတိထားဖို့လည်း တိုက်တွန်းပါတယ်။

“တချို့က ဝင်လာပြီးမှ ထွက်သွားတဲ့သူတွေ ရှိတယ်။ ဒီဘက်က ပြန်ထွက်သွားပြီးမှတော့ ဟိုဘက်ကို သွားသတင်းပေးတဲ့ တချို့သူတွေ ရှိတယ်။ အဲဒီလိုမျိုးတွေ ကိုယ်တွေဆီကို လာချင်တယ်ဆိုရင်တောင်မှ အများကြီး စိစစ်ရမှာပေါ့နော်။ စိစစ်ရမယ်ဆိုတာက သူတို့က စိတ်အမျိုးမျိုး ပြောင်းနေတာ အခုလာချင်တယ် ဖုန်းဆက်လိုက် ပြီးရင် မလာချင်တော့ဘူးပြောလိုက် အဲလိုလူမျိုးတွေ ကျနော်တို့ တော်တော် ဂရုစိုက်ရမယ်။ ဒီရောက်တော့လည်း မလုပ်ချင်တော့ဘူး ပြန်တော့မယ်ဆိုတော့ ဒီဘက်က ဘာမှမလုပ်ဘဲနဲ့ လွှတ်ပေးလိုက်တာတွေ ရှိတယ်။ လွှတ်ပေးလိုက်တဲ့အချိန်မှာ အဲဒီသူတွေက သတင်းပေးတွေ ဖြစ်နေတယ်၊ ဒီကနေ သတင်း နှိုက်ထုတ်သွားတာပေါ့နော်။ သတင်းတွေ နှိုက်ထုတ်ပြီးတော့ ဟိုမှာသွား ပြောတာ။ မြဝတီမှာ အဲလိုဖြစ်တယ်ကြားတယ် ဟိုတနေ့က”

ကလေးမြို့နယ် PDF/UGF မြို့ပြပြောက်ကျားအဖွဲ့ဝင် ကိုမူဆယ်ဆိုသူကတော့ ဘဝတူတော်လှန်ရေးသမားတွေ ဖမ်းဆီးချေမှုန်းခံံရတဲ့အတွက် သူတို့အနေနဲ့ တွေဝေသွားခြင်း မရှိပါဘူးလို့ပြောပါတယ်။

“ကျနော်တို့က တော်လှန်ရေးကို အဆုံးထိသွားမှာဗျ။ ကျနော်တို့ စိတ်ဓာတ်တွေ လုံးဝမကျသွားဘူး။ ပိုပြီးခိုင်မာလာတယ်။ ဒီကောင်တွေကို ပိုပြီးတော့တောင် နာကျဉ်းနေတယ်ဗျ”

စစ်ကောင်စီဘက်က ဖမ်းဆီးခံရသူတွေကို နှိပ်စက်ညှဉ်းပန်းစစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီအတောအတွင်း NUG အမျိူးသားညီညွတ်ရေးအစိုးရ ကတော့ ဖမ်းဆီးမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ အာဏာသိမ်းစစ်တပ်သြဇာခံ အကြမ်းဖက်မှု အားပေးသူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ညှဉ်းပန်းနှိပ်စက်ခြင်း လုံးဝမပြုလုပ်ဘဲ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာကြဖို့ ထပ်ဆင့်နှိုးဆော်ချက်တွေ ထုတ်ပြန်နေတာမြင်ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Aung Zeya
2021-11-20 01:04

Thanks for your sharing 😉

Aung Zeya
2021-11-20 01:05

Thanks for your sharing 😉