မြန်မာနိုင်ငံတစ်ဝန်းမှာ လက်နက်ကိုင်ဆန့်ကျင်နေကြတဲ့ PDF အပါအဝင် အဖွဲ့အစည်းတွေ အနေနဲ့ လက်နက်ချပြီး ပြည်သူ့ဘဝကို ပြန်ဝင်ရောက်ဖို့ စစ်ကောင်စီက ဇွန်လ ၁၂ ရက် ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေကနေ တစ်ဆင့် သတင်းထုတ်ပြန်ပြီး ကမ်းလှမ်းလိုက် ပါတယ်။
လက်နက်ကိုင်ဆန့်ကျင်မှုတွေကိုလုပ်နေမယ်ဆိုရင် နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ဒီမိုကရေစီထွန်းကားရေးကိုပါ ထိခိုက်နှောင့်နှေးစေမှာဖြစ်တဲ့အတွက် လက်နက်တွေ အပ်နှံပြီး ပြည်သူ့ဘဝကိုပြန်ဝင်လာရင် ကြိုဆိုလက်ခံသွားမယ်လို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကတော့ စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံမှာ မဟုတ်ဘူးလို့ တုံ့ပြန်ကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ၊ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (DMO PDF) ရဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးကတော့ သူတို့အနေနဲ့ လက်နက်ချဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ပြောပါတယ်။
"ဒီမှာ တော်လှန်တာလည်း တစ်နှစ်ကျော်လာပြီဆိုတော့ လက်နက်ချပေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့အရာပါပဲ။ အစကတည်းကသာ အလင်းဝင်ဖို့ရှိခဲ့မယ်ဆိုရင် စခဲ့မှာ မဟုတ်ဘူး။ ကျနော်တို့ရဲ့ သဘောထားကတော့ ဘယ်တော့မှ အလင်းဝင်ဖို့ မရှိပါဘူးဗျ။ ကျနော်တို့ကို နှစ် ၇၀ လုံးလုံးသာမက အခုထက်ထိထပ်ပြီး အုပ်ချုပ်ပြီး Brain Wash လုပ်မယ့် စစ်ကောင်စီက ဘာစကားပဲပြောပြော၊ ရွှေစကားပဲပြောပြော ယုံမှာ မဟုတ်ပါဘူးဗျ"
စစ်ကောင်စီရဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်တည်ဆောက်ရေးဆိုတာကိုလည်း အယုံအကြည် မရှိဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကိုသာ လက်ကိုင်ထားတယ်လို့ ဒီးမော့ဆို PDF အဖွဲ့က ပြောပါတယ်။
"ကျနော်တို့ကို နှစ် ၇၀ လုံးလုံးသာမက အခုထက်ထိထပ်ပြီး အုပ်ချုပ်ပြီး Brain Wash လုပ်မယ့် စစ်ကောင်စီက ဘာစကားပဲ ပြောပြော၊ ရွှေစကားပဲပြောပြော ယုံမှာ မဟုတ်ပါဘူးဗျ"
စစ်ကောင်စီတပ်ကို ရရာလက်နက်နဲ့ ခုခံတိုက်ခိုက်နေတဲ့ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးကလည်း စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။
"ကျနော်တို့ သိရသလောက်က သူတို့က အားနည်းနေတာ။ မြို့နယ်ထဲမှာ ထိုးစစ်ဆင် တာတွေ သူတို့က အထိအခိုက်အကျအဆုံး များတယ်ဗျာ။ သူတို့ယာဉ်တန်းကြော ဘာညာ ဖြတ်တယ်ဆိုလည်း ကျနော်တို့က မလွတ်တန်း မိုင်းဆွဲတိုက်ခိုက်နေတာဗျာ။ သူတို့က အထိနာနေပြီး အကျအရှုံးများတဲ့အတွက် သူတို့က အဲဒီလိုမျိုး ခေါ်တာလည်း ဖြစ်နိုင်တာပဲ။ ကျနော်တို့ တော်လှန်ရေး ရဲဘော်ရဲဘက်တွေကတော့ စကတည်းက သူတို့အာဏာသိမ်းတာမကြိုက်လို့ တော်လှန်တာမို့ အဆုံးအထိတော်လှန်ထားဖို့ စိတ်ကူးထားပါတယ်"
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်မှုတွေ စတင်ပေါ်ပေါက်လာခဲ့တာပါ။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ နိုင်ငံတစ်ဝန်းမှာ တပ်ရင်းပေါင်း ၂၅၀ ကျော် ဖွဲ့စည်းထားပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ ၄၀၀ ကျော်နဲ့ ချိတ်ဆက်ထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြီးခဲ့တဲ့ မေလ ၅ ရက် PDF ကိုဖွဲ့စည်းတဲ့ တစ်နှစ်ပြည့် မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။
NUG က PDF တပ်ဖွဲ့ကို မဖွဲ့စည်းသေးခင်ကတည်းက ချင်းပြည်နယ်မှာ စစ်ကောင်စီတပ် ကို တူမီးသေနတ်တွေနဲ့ ခုခံတိုက်ခိုက်လာခဲ့တဲ့ Chinland Defense Force – CDF တပ်ဖွဲ့ဝင်တစ်ဦးကလည်း စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံမှာမဟုတ်ဘူးလို့ ပြောပါတယ်။
"အရှင်းဆုံးပြောရရင်တော့ သူတို့အနေနဲ့ အဲဒီသဘောထား ထုတ်ပြန်တယ်လို့တောင် အသိအမှတ်မပြုပါဘူး။ စိတ်ထဲမှာလည်း ဘယ်လိုမှ မနေပါဘူး။ အာဏာရှင်ကို အပြုတ်တိုက်ဖို့တောင် စိတ်ကူးပြီးပြီပဲ။ အဲဒီအတွက်ပဲ လက်နက်တွေကိုင်ပြီး ဒီလောက် အထိတောင် ဖြစ်လာကြပြီလေ။ အခုကျမှ အပျော့စွဲ၊ အမာစွဲ၊ ဘာစွဲမှ မရှိပါဘူး။ အရှင်းဆုံးပြောရရင် အဲဒါကို ဘယ်လိုထင်မြင်တယ်ဆိုတဲ့ ထင်မြင်ချက်ပေးစရာတောင် မလိုအောင်ပေါ့နော်။ သူတို့ထုတ်ပြန်တာကို ထုတ်ပြန်တယ်လို့ အသိအမှတ်မပြုတဲ့ ပုံစံပါပဲ ကျနော်တို့ ထင်တာကတော့"
PDF အဖွဲ့တွေကိုဦးဆောင်နေတဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အတွင်းဝန် ဦးနိုင်ထူးအောင်လည်း စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်ကို မယုံကြည်တဲ့အတွက် စဉ်းစားမှာ မဟုတ်ဘူးလို့ပြောပါတယ်။
"လတ်တလောမှာကို အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်၊ ကျေးရွာတွေ ကို မီးရှို့ ဒီလိုမျိုး ကြမ်းကြုတ်ရက်စက်တဲ့ လုပ်ငန်းတွေကို လုပ်နေတဲ့ ဒီလူတွေ၊ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက လက်နက်စွန့်ပါ ပြန်လက်ခံပါမယ်ဆိုတာက လုံးဝကို ယုံစရာအကြောင်းမရှိတဲ့ ကိစ္စပါ။ ဒါကိုလည်း အားလုံးလည်း သိရှိပြီးဖြစ်မယ်လို့ ကျနော်တို့အနေနဲ့ ထင်မြင်ပါတယ်ခင်ဗျ"
စစ်ကောင်စီဟာ နေအိမ်တွေ မီးရှို့၊ ဖျက်ဆီးတဲ့ နည်းလမ်းကို နိုင်ငံအနှံ့အပြားမှာ လုပ်ဆောင်နေပြီး အခုကမ်းလှမ်းချက်ဟာလည်း အချိုသပ်တဲ့ လှည့်စားမှုတစ်ခုသာ ဖြစ်တယ်လို့ ဦးနိုင်ထူးအောင်က ပြောပါတယ်။
စစ်ကောင်စီက PDF တွေကို လက်နက်ချ အလင်းဝင်ဖို့ ကမ်းလှမ်းနေပေမဲ့ တစ်ဖက်မှာ လည်း အဲဒီအဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာထားတာကနေ ဖယ်ရှား ထားတာမျိုးလည်း မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ အခုဖိတ်ခေါ်ချက်ဟာ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။
"တကယ်တမ်း ခံယူချက် ပြင်းထန်သွားတယ်။ ပြီးသွားရင် တကယ် စစ်ကောင်စီနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို ခံစားချက်ရှိသူ တော်တော်များများက လက်နက် ပြန်စွန့်ဖို့ဆိုတာ ခက်ပါတယ်။ အဲဒီတော့ ဒီဘက်ခေတ်က သတင်းကူးလူးဆက်ဆံမှုက အရမ်းမြန်သွားတဲ့အချိန်ကျတော့ ချိတ်ဆက်မှု တအားကောင်းတယ်။ Information ရနေတာ အားကောင်းတယ်။ အဲဒီအတွက်ကြောင့် တော်ရုံတန်ရုံ အရင်တုန်းကလို့ ဇာတ်လမ်းတွေထွင်ပြီး လျှောက်ပြောဖို့က တော်ရုံတန်ရုံ ယုံစရာ သိပ်မရှိတော့ပါဘူး"
အာဏာသိမ်းမှုနဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် ဆန့်ကျင်သှုတွေဟာ အဖွဲ့အစည်းတချို့ရဲ့ စည်းရုံးသိမ်းသွင်းခံနေရသူတွေအဖြစ် ပုံဖော်ပြီး စစ်ကောင်စီက သဘောထားကြီးကြီးနဲ့ ကမ်းလှမ်းနေသယောင် လုပ်နေတာလို့လည်း သူကဝေဖန်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အတိုင်ပင်ခံ Derek Chollet ကလည်း မြန်မာ စစ်အုပ်စုဟာ သူ့ကိုလက်နက်ကိုင် တိုက်ခိုက်ဆန့်ကျင်ကြတဲ့သူတွေကို နှိမ်နင်းနိုင်မယ့်ပုံ မပေါ်တာကြောင့် ဒီမိုကရေစီ လမ်းကြောင်းကိုရောက်အောင် ပြန်သွားသင့်တယ်လို့ သောကြာနေ့တုန်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သတင်းသမားတွေကို ပြောခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ ဆုံးရှုံးမှုတွေ အကြီးအကျယ်ကြုံနေရတယ်လို့လည်း အဲဒီ အမေရိကန် သံတမန်ကဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနဲ့ ဝန်ထမ်းတွေကို အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လုပ်ကြဖို့ တိုက်တွန်းထားသလို လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်ရေယာဉ်နဲ့တကွ ပြည်သူ့ရင်ခွင်ခိုလှုံရင် အမေရိကန်ဒေါ်လာ ငါးသိန်း၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်ရေယာဉ် စတာတွေကို အကြီးစားဖျက်ဆီးမှု လုပ်နိုင်ရင် ကန်ဒေါ်လာ သုံးသိန်း စသဖြင့် ချီးမြှင့်သွားမယ်လို့ ဧပြီလ ၇ ရက်က ကြေညာ ထားပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး (ISP-Myanmar) အဖွဲ့ရဲ့ ဇွန်လ ၁ ရက်နေ့ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းမှာ အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီတပ်နဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား မေ ၁၅ ရက်အထိ တိုက်ပွဲ ပေါင်း ၄၆၀၀ ကျော်အထိ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေရဲ့ ထက်ဝက်ကျော်ဟာ ကရင်ပြည်နယ်ထဲမှာ ဖြစ်ခဲ့ပြီး စစ်ကိုင်းတိုင်းကတော့ ဒုတိယမြောက် တိုက်ပွဲအများဆုံးဒေသ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ကလည်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်ရေး လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ PDF အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှာ မဟုတ်ဘူးလို့ စစ်ကောင်စီက ပြောထားပါတယ်။