စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ်ရှိ တောကြီးမြွေပွေးလို့အမည်ပေးထားတဲ့ ဒေသခံ တော်လှန်ရေးအဖွဲ့တစ်ခုက ပေ ၆ဝဝဝ အထိ ပစ်ခတ်နိုင်တဲ့ အင်အားပြင်း ရော့ကက်ဒုံးကျည်တစ်ခုကို ဒီရက်ပိုင်းအတွင်း တီထွင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီတောကြီးမြွေပွေးပြောက်ကျားအဖွဲ့ ခေါင်းဆောင် ဗိုလ်တီ ဆိုသူဟာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ကျောင်းသား ဘဝကနေ နွေဦးတော်လှန်ရေးမှာ ပါဝင်လာသူ ဖြစ်ပါတယ်။ သူက အခုလိုအားပြင်းတဲ့ ရော့ကက်ဒုံးကျည်ကို ဆီးရီးယားလက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုဗီဒီယိုတွေကို လေ့လာပြီး အတုယူထုတ်လုပ်ခဲ့တယ်လို့ RFA ကိုပြောပါတယ်။
“ဆီးရီးယားစစ်ပွဲလား သူတို့အဲ့တုန်းက သူတို့ လက်လုပ်တွေ ပစ်ခတ်ကြတဲ့အခါကျတော့ သားတို့က အဲ့ဗီဒီလိုကလစ်တွေကို youttube တို့ google တို့ကနေရှာပြီးတော့ကြည့်ပြီးတော့လုပ်ခဲ့ရတယ်။ အဓိကကတော့ သားတို့ ဒီသံပိုက်ကောင်းကောင်းရှာရတယ်။ တချို့ my tel တာဝါတိုင်ပိုက်က ဟာတွေ ယူသုံးတယ်။ rocket ထဲမှာတော့ သံထည်အကျိုးတို့ အဲ့တာတွေကိုထုပြီးတော့ သေးသေးလေးတွေ ဖြစ်အောင်ထုပြီးတော့ သားတို့ထည့်ရတယ်ဗျ။ ယမ်းတွေ ဘာတွေက ဝယ်လို့တော့ရတယ်ဗျ။ အချိန်ပေးရတယ်။ သယ်ယူတဲ့နေရာမှာတော့ ခက်ခဲတယ်ဗျ။ အရမ်းအန္တရာယ်ကြီးတယ်ဗျ။ သားတို့ ဒီယမ်းထည့်တဲ့ အချိန်မှာဆိုရင်တောင်မှ တကယ်လို့ အက်ဆီးဒင့်ဖြစ်သွားရင်တောင်မှ ဒီရဲဘော်တစ်ယောက်ပဲ ကျဆုံးရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သားတို့ ဒီယမ်းထည့်တဲ့ နေရာမှာတောင်မှ လုံးဝ သူ အက်ဆီးဒင့်ဖြစ်ပြီးကွဲသွားရင်တောင်မှ တခြားသူတွေ မထိခိုက်အောင်လို့ သူ့အတွက်ယမ်းထည့်တဲ့နေရာမှာပါ သီးသန့်လုပ်ပေးထားတာဗျ။ သားတို့ ဒီဟာကို လေးကြိမ်လောက်ထိ စမ်းသပ်ဖြစ်ခဲ့တယ်။ ပထမနှစ်ကြိမ်မှာ မော်တာ ပြောင်းကွဲသွားတာတွေလည်းရှိခဲ့တယ်။ ဒါပေမယ့် သားတို့ နောက်ဆုံးနှစ်ကြိမ် စမ်းပစ်ကြည့်တဲ့အချိန်မှာတော့ သားတို့လိုချင်တဲ့အနေအထားထိဖြစ်လာတယ် အောင်မြင်လာတယ်ဗျ။ ဒီလိုမျိုးစမ်းသပ်မှုက အရမ်းအန္တရာယ်ကြီးတယ်ဆိုတာ သားတို့အတတ်နိုင်ဆုံး ကိုယ့်အသက်ကို ၁ဝဝ ရာခိုင်နှုန်းဖြစ်အောင်စမ်းသပ်တယ်။ ဒါပေမယ့် ကလေးတစ်ယောက်တော့ လက်ထိသွားတယ်ဗျ။ သားတို့ ဒီဟာဘယ်လောက်လောက်ထိပစ်ခတ်နိုင်လဲသိချင်ရင် သားတို့ ဒီယမ်းပေါ့ ဒီယမ်းကို ပမာဏအများဆုံးထိထား ထည့်ပြီး ပစ်ခတ်ကြည့်တယ် ပေ ၆ဝဝဝ နဲ့ ၇ဝဝဝ ကြားထိ သားတို့ပစ်ခတ်နိုင်တယ်ပေါ့။ သားတို့ ဘယ်လိုချိန်သလဲဆိုတော့ သားတို့မှာ ဒီအကွာအဝေးတိုင်း ဆော့ဝဲလ်သုံးတယ်။ သားတို့ ဒီမော်တာကို ဒီဂရီဘယ်လောက်ဆိုရင် ဘယ်လောက်သွားသလဲဆိုတဲ့ ဆော့ဝဲလ်သုံးတယ်။”
တော်လှန်ရေးအင်အားစုတွေအတွက် လက်နက်တွေ ထုတ်လုပ်နေတဲ့ PSPT အဖွဲ့ခေါင်းဆောင် CDM ဗိုလ်ကြီး ညီသုတကတော့ အခုလို လူငယ်တွေ တီထွင်တာကို ဂုဏ်ပြုပါတယ်။ ဒါပေမဲ့ အန္တရာယ်ကြီးမားလွန်းပြီး ထိရောက်မှုလည်း မသေချာတဲ့အတွက် စိန်ပြောင်းတွေ ရော့ကက်တွေထက် လက်နက်ငယ်တွေနဲ့ မိုင်းဗုံးတွေကို ပိုပြီး အာရုံစိုက်ထုတ်လုပ်သင့်တယ်လို့ အကြံပေးပါတယ်။
“စိန်ပြောင်းတို့ ရော့ကက်တို့ သုံးတဲ့ အမျိုးအစားမှာ သတ္တုရဲ့ ကွာလတီက ပြည်တွင်းမှာ ရှိတဲ့ဟာနဲ့ သုံးမယ်ဆိုရင် ရေရှည် မှာ ပြောင်းပေါက်ကွဲတဲ့ ဟာမျိုးဖြစ်နိုင်တယ်။ နောက်တစ်ခုက လိုချင်တဲ့ ပစ်မှတ်ကို ရောက်ဖို့ အတွက် ထုတ်ထားတဲ့ ဗုံးသီးတွေသည် ယမ်းရဲ့ အရည်အသွေးသတ်မှတ်ချက်တွေက အတတ်နိုင်ဆုံး တူညီမှ အဲ့လိုထုတ်နိုင်ဖို့ဆိုရင် ကိုယ်တိုင် ယမ်းပြန်ချက်တဲ့ သူတွေ အတွက်က ဘယ်လိုမှ မလွယ် နိုင်ပါဘူး။ နောက်တစ်ခုက စိန်ပြောင်းတို့ ရော့ကက်တို့ဟာ သွယ်ဝိုက်ပစ်မှတ် အဓိက ထားတဲ့ အခါကျတော့ ဧရိယာ ကျယ်တဲ့နေရာတွေမှာ အသုံးဝင်ကောင်း ဝင်နိုင်ပါတယ်။ ဥပမာ ရန်သူ့ရဲ့စခန်းကုန်းပေါ့။ စခန်းကုန်းဘေးမှာ ရွာနဲ့ဝေးတယ် ဆိုရင်တော့ ကျနော်တို့ သုံးလိုက်တဲ့ စိန်ပြောင်းတွေဟာ လွဲချော်မှုရှိခဲ့တယ်ဆိုရင်တောင် သုံးလို့ ကောင်းနိုင်ပေမယ့် ရွာတွေနဲ့ နီးတဲ့နေရာတွေမှာ စိန်ပြောင်းတွေက အသုံးဝင်မှာ မဟုတ်ပါဘူး။ ပျောက်ကျားအတွက် လက်နက်ငယ်ထုတ်လုပ်မှုမျိုး နောက်တစ်ခုက ရှေ့ထွက်မိုင်း ကားမိုင်း စသဖြင့် ဒီလိုမျိုး ပရောဂျက်မျိုးတွေ နောက်တခု ဒရုန်းနဲ့ ပတ်သက်တာမျိုးတွေ ပရောဂျက်တွေက ပိုပြီးတော့ ထိရောက်ပြီးမှ အသုံးဝင်နိုင်ပါတယ်။”
KNU တပ်မဟာ ၁ နယ်မြေမှာ လှုပ်ရှားနေတဲ့ ပြည်သူ့အင်အားစု PDF အဖွဲ့ခေါင်းဆောင် ဗိုလ်ညိုကလည်း သူတို့အနေနဲ့ လက်နက်ကြီးတွေလိုအပ်နေတာတော့ အမှန်ပဲလို့ ပြောပါတယ်။
“ရန်သူကို ပြောက်ကျားတိုက်ဖို့အတွက် ကျနော်တို့မှာရှိတယ် စနိုက်ပါရှိတယ် ဒရုန်းရှိတယ် လက်နက်ငယ်ရှိတယ်။ စခန်းသိမ်းဖို့ကျတော့ ကျနော်တို့က လက်နက်ကြီးတွေမရှိဘူးဗျ။ ကျနော်တို့က အခုဟာက သွားပြီးတော့ ရန်သူ့စခန်းကို သွားပစ်တယ် ပြန်ဆုတ်တယ် ပြောက်ကျားလောက်ပဲ တိုက်နိုင်တယ်။ ညစခန်းသိမ်းတိုက်ပွဲ လုပ်ဖို့အတွက်တော့ ရှော့တိုက်ဒုံးတို့ 40 မမတို့ဆိုတဲ့ လက်နက်တွေလိုတယ်။ အဲ့တာတွေက ဝယ်ဖို့ဟာလည်း ဥပမာဗျာ ၁ဝ၇ မမဆိုလို့ရှိရင် သိန်းသုံးရာလောက်ကျမယ်။ ပိုက်ဆံရှိရင်တောင် ဝယ်မရဘူး။ အဲ့တော့ကျနော်တို့က ရှော့တိုက်ဒုံး လက်လုပ်ဒုံးကို ကျနော်တို့က လုပ်ဖို့အတွက် အသည်းအသန် ကြိုးစားရတယ်။”
ဒါ့အပြင်သူက တော်လှန်ရေးအင်အားစုတွေ ညီညွတ်ပေါင်းစည်းနိုင်မှုအားကောင်းရင် လက်နက်လိုအပ်ချက်ကို တစ်စုံတစ်ရာ ဖြေရှင်းနိုင်တယ်လို့ ထောက်ပြပါတယ်။
“ကျနော်တို့ ဒီတပ်မဟာထဲမှာတော့ မိတ်ဖက်ရေးရာကြီးကြပ်မှု ကော်မတီဆိုတဲ့ အဖွဲ့ဖွဲ့ထားတယ်ဗျ။ လူပေါင်းလုပ်ကြမယ်ဆိုတဲ့ မူလေးချထားပါတယ်။ ကိုယ်လုပ်တဲ့ မစ်ရှင်တိုင်းကို အဲ့အဖွဲ့ကိုပို့ရပါတယ်။ အဲ့အဖွဲ့ကလည်း လိုအပ်တဲ့ပံ့ပိုးမှုတွေ အကုန်လုံးပြန်ပို့ပေးတယ်။ ဥပမာဗျာ ငွေကြေးလိုအပ်မှု၊ ကျည်ဆန်လိုအပ်မှု၊ နည်းပညာလိုအပ်မှု အလှူခံရတဲ့ဟာတွေကိုလည်း အဲ့အဖွဲ့ကိုပဲ ကျနော်တို့က တိုက်ရိုက်စုပြီးတော့ပေးပါတယ်။ အဲ့မှာပဲ ကျနော်တို့ အားလုံးက မိတ်ဖက်ရေးရာကော်မတီရဲ့ ကြီးကြပ်မှုအောက်မှာပဲ အားလုံးကစုစည်းပြီးတော့ လုပ်ကြတာပေါ့နော်။ အားလုံးစုစည်းညီညွတ်မှသာလျှင် အောင်မြင်မှာပါ။”
နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အများအပြားက လက်နက်လိုအပ်ချက် ရှိနေပုံကို ထုတ်ဖော်ပြောဆိုနေကြပြီး ကုန်ကျစရိတ်သက်သာမယ့် လက်နက်တွေကို သူတို့ကိုယ်တိုင် ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ သိရှိရပါတယ်။