ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လမ်းစပျောက်နေတာ ဘာကြောင့်လဲ


2019.08.14
protest-622.jpg ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရပ်တန့်ဖို့ ၂ဝ၁၉ ဇူလိုင်လ ၃ဝ ရက်နေ့က ရန်ကုန်မြို့တွင် ချင်းတိုင်းရင်းသားများ ဆန္ဒပြခဲ့ကြစဉ်။
Photo: AFP

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက သူတို့အုပ်ချုပ်ရတဲ့ကာလမှာ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်မယ်လို့ ရွေးကောက်ပွဲကတိပေးထားတာနဲ့အတူ ပြီးခဲ့တဲ့ လေးနှစ်အတွင်း ၂၁ ရာစု ပင်လုံညီလာခံနာမည်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပခဲ့ပါတယ်။ ဒါပေမယ့်လည်း တဖက်မှာတော့ မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်ရဲ့စစ်ပွဲတွေက ပြင်းထန်ခဲ့သလို၊ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစလို့ အခုအချိန်ထိ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ထဲမှာ စစ်မီးအသစ်တွေပေါ်ထွက်နေလို့ ပြည်တွင်းပြည်ပက ရင်တမမနဲ့ စောင့်ကြည့်ရတဲ့အခြေအနေ ရောက်နေရပါတယ်။

ဒီကြားထဲမှာ တပ်မတော်က မြောက်ပိုင်းအဖွဲ့တွေနဲ့ တဖက်သတ်အပစ်ရပ်မယ်လို့ ကြေညာခဲ့တာ သုံးကြိမ်ရှိခဲ့ပါတယ်။ ပထမအကြိမ်က ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ၂ဝ၁၉ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့ထိဖြစ်ပြီး  ဒုတိယအကြိမ်ကတော့ မေလ ၁ ရက်နေ့ကနေ ဇွန်လ ၃ဝ ရက်နေ့ထိဖြစ်သလို၊ တတိယအကြိမ်က ဇူလိုင်လ ၁ ရက်နေ့ကနေ သြဂုတ်လ ၃၁ ရက်နေ့ထိဖြစ်တယ်လို့ မနေ့ကထုတ်ပြန် တဲ့ တပ်မတော်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလို မြောက်ပိုင်းဒေသမှာ အပစ်ရပ်ထားပေမယ့် အနောက်ပိုင်းဖြစ်တဲ့ ရခိုင်ပြည်နယ်မှာတော့ တိုက်ပွဲပေါင်း (ရာနဲ့ချီ) ဖြစ်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း တပ်မတော်အရာရှိတွေ အပါအဝင် အခြားအဆင့်တွေနဲ့ ရဲတပ်ဖွဲ့တွေ ထိခိုက်ဒဏ်ရာရကျဆုံးတာတွေ အတော်များများရှိသလို၊ AA ရခိုင့်တပ်တော်အဖွဲ့ဘက်လည်း ထိခိုက်ကျဆုံးတာတွေ၊ ဖမ်းဆီးခံရတာတွေရှိခဲ့ပါတယ်။ အဆိုးဆုံးကတော့ အရပ်သားပြည်သူတွေ သံသယနဲ့ဖမ်းဆီးခံရတာ၊ စစ်ကြောရေးကာလမှာ သေဆုံးရတာ၊ ရပ်ရွာတွေစွန့်ပြီး ထွက်ပြေးရတာကလည်း သောင်းနဲ့ချီရှိနေပါတယ်။ မြောက်ပိုင်းမှာလည်း အပစ်ရပ်ထားတယ်ဆိုပေမယ့်၊ တိုက်ပွဲအသေးတွေ ကြိုကြားကြိုကြားဖြစ်ခဲ့သလို၊ လွန်ခဲ့တဲ့ ၇ နှစ်လောက်ကစခဲ့တဲ့ KIA နဲ့ အစိုးရတပ်တွေရဲ့တိုက်ပွဲကြောင့် နေရပ်စွန့်ထွက်ပြေးပြီး ဒုက္ခသည်စခန်းတွေမှာခိုလှုံနေရတဲ့သူ တစ်သိန်းကျော်လောက်ကလည်း အခုချိန်ထိ အိမ်မပြန်နိုင်ကြသေးပါဘူး။

ဒီလိုအခြေအနေမှာ တပ်မတော်ရဲ့ထိုးစစ်တွေရပ်ပေးဖို့ AA ရခိုင့်တပ်တော်၊ TNLA တအာင်းလွတ်မြောက်ရေးတပ်နဲ့ MNDAA ကိုးကန့်တပ်တို့ သုံးဖွဲ့က ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့က တောင်းဆိုခဲ့ပါတယ်။ ထိုးစစ်တွေကြောင့် ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် ယုံကြည်ဖို့ခက်နေတယ်လို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောထားပါတယ်။

မြောက်ပိုင်းမှာ အပစ်အခတ်ရပ်စဲထားမယ်လို့ တပ်မတော်က ကြေညာထားပေမယ့် စစ်ရေးလှုပ်ရှားမှုတွေရှိနေပြီး မဟာမိတ်တပ်ဖွဲ့တွေကို စစ်ရေးအရ ကန့်သတ်ဖိနှိပ်မှုတွေအမျိုးမျိုးကို ဆက်တိုက်ပြုလုပ်နေတယ်လို့လည်း အဖွဲ့သုံးဖွဲ့က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒါနဲ့ပတ်သက်လို့တော့ တပ်မတော်အနေနဲ့ ထိုးစစ်ဆင်နေတာမဟုတ်သလို၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မူးယစ်ဆေးထုတ်လုပ်နေတာတွေ ထိန်းချုပ်ဖို့ လုပ်တာပဲဖြစ်တဲ့အကြောင်းနဲ့ တပ်မတော်ရဲ့တပ်ရင်း တွေကို နှောင့်ယှက်လို့ တိုက်ပွဲတချို့ဖြစ်ခဲ့တာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တုံ့ပြန်ပြောဆိုထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်ကအပစ်ရပ်မယ်လို့ ကြေညာထားတဲ့ကာလ ကုန်ဆုံးဖို့ သတင်းနှစ်ပတ်ပဲ လိုတော့အတွက်၊ အဲဒီရက်ကျော်လွန်ပြီးရင် ဘာဆက်ဖြစ်မလဲဆိုတာကလည်း စောင့်ကြည့်စရာဖြစ် နေပါတယ်။ မနေ့ကထုတ်ပြန်တဲ့ တပ်မတော်ကြေညာချက်မှာတော့ အခုလိုအပစ်ရပ်ထားတဲ့ကာလမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့အဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေအနေနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် အချိန်မဆွဲဘဲ အစိုးရကဖွဲ့ထားတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန၊ တပ်မတော်ကဖွဲ့ထားတဲ့ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တွေနဲ့ ယုံကြည်မှုအပြည့်အဝနဲ့ ထိထိရောက်ရောက် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ဖို့ဆိုပြီး တိုက်တွန်းထားပါတယ်။

ဆွေးနွေးကြဖို့ဆိုတာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့လတွေလောက်ကို ပြန်ကြည့်ရင် တပ်မတော်က သူ့သဘောဆန္ဒရေးထားတဲ့ အဆိုပြုချက်တွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဇွန်လကုန်မှာ ပေးထားပြီး၊ ဆက်လက်ဆွေးနွေးကြဖို့ ရည်မှန်းထားခဲ့ကြပါတယ်။ ဒါပေမယ့် နှစ်ဖက်ဆွေးနွေးမယ့်နေရာကို သဘောတူညီမှုမရသေးတာလို့ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေးကသတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

ဆွေးနွေးမယ့်နေရာကို နေပြည်တော်၊ ရန်ကုန် ဒါမှမဟုတ် မြောက်ပိုင်းက မြို့တမြို့မှာပြုလုပ်ဖို့ အစိုးရနဲ့ တပ်မတော်ဘက်က ဆန္ဒရှိနေပေမယ့် တိုင်းရင်းသားတွေဘက်ကတော့ နှစ်ဖက်သြဇာအာဏာမသက်ရောက်တဲ့ ကြားနေရာတခုမှာပဲ ဆွေးနွေးချင်နေကြပါတယ်။ ဘောလုံးစကားနဲ့ပြောရရင် အဝေးကွင်းမှာ ကန်ရတာနဲ့ အိမ်ကွင်းမှာကန်ရတာ ခံစားချက်ချင်းမတူတဲ့ သဘောလို့ပြောနိုင်ပါတယ်။

ဆွေးနွေးပွဲကို မြန်မာနိုင်ငံထဲမှာမဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံတခုခုမှာ လုပ်မယ်ဆိုရင် သူတို့အတွက် အဆင်မပြေနိုင်ဘူးလို့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ထဲက အမည်မဖော်လိုသူတယောက်က ပြောပြပါတယ်။ ဒါ့အပြင် တပ်မတော်အနေနဲ့ငြိမ်းချမ်းရေး လိုချင်တာမှန်ပေမယ့်၊ AA အဖွဲ့ကိစ္စနဲ့ ပတ်သက်လို့ သူတို့ကို လက်နက်ထောက်ပံ့နေတဲ့အဖွဲ့တွေကိုလည်း စိတ်ကွက်နေတယ်လို့ သူက ပြောဆိုပါတယ်။

ဒီကြားထဲမှာ AA ခေါင်းဆောင်တွေကို တရားစွဲအမှုဖွင့်ထားတဲ့အတွက် အဲဒီပုဂ္ဂိုလ်တွေအနေနဲ့ ဆွေးနွေးပွဲကို အစိုးရနဲ့ တပ်မတော်သြဇာသက်ရောက်တဲ့ နေရာမှာ သွားတက်ဖို့ဆိုတာ သူတို့ရဲ့ ယုံကြည်မှုမရနိုင်တော့တဲ့ အခြေအနေမှာ ဖြစ်နေတာလည်း တွေ့ရပါတယ်။ အဲဒီအပြင် AA/TNLA/MNDAA သုံးဖွဲ့ကို အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့က တိုက်ရိုက်ဆက်သွယ်လို့ မရဘဲ  ဝအဖွဲ့ကနေတဆင့် ဆက်သွယ်နေရတဲ့ အခြေအနေမှာလည်းရှိနေတယ်လို့ သိရပါတယ်။

ဒါကြောင့် အခု တပ်မတော်ကကြေညာသလို တိုင်းရင်းသားအဖွဲ့တွေက၊ အစိုးရနဲ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ယုံကြည်မှုအပြည့်နဲ့ ဆွေးနွေးနိုင်ဖို့ဆိုတာ ဘယ်တော့ဖြစ်လာမလဲ။ အခုသြဂုတ်လအကုန်မှာ သက်တမ်းကုန်မယ့်အပစ်ရပ်ကာလကို တပ်မတော်က ထပ်တိုးမှာလား။ မတိုးတော့ဘူးလား။ တိုင်းရင်းသားတွေဘက်က တကယ်ယုံကြည်အောင် တပ်မတော်က ဘယ်လို စွမ်းဆောင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဆွေးနွေးပွဲတွေ လမ်းစပျောက်နေတာတွေ့ရကြောင်း တင်ပြလိုက်ရပါတယ်။

(RFA ဝိုင်းတော်သား ကိုနေရိန်ကျော် သုံးသပ်တင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။