မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေကို သုံးနှစ် တစ်ကြိမ် ဒေသပြောင်းရွှေ့တာဝန်ထမ်းဆောင်တဲ့စနစ်ကို ရဲတပ်ဖွဲ့ ရာထူးခန့် ချုပ်ရုံးကနေ ကျင့်သုံးနေပါပြီ။
အဲဒီစနစ်ကြောင့် မိမိတို့ဒေသမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းနေတဲ့ ဒေသခံရဲဝန်ထမ်းဟာ အခြားဒေသတွေကို ပြောင်းရွှေ့ရတာတွေဖြစ်လာပါတယ်။
ရခိုင်ပြည်နယ်တွင်းက ရဲစခန်းတွေနဲ့ ရဲတပ်ရင်းတွေမှာလည်း အနေကြာ ရဲဝန်ထမ်းတွေကို ဒေသပြောင်းစေပြီး အခြားဒေသက ရဲဝန်ထမ်းအများအပြားကိုလည်း ရခိုင်ပြည်နယ်မှာ တာဝန်ချနေပါတယ်။
အဲဒီလိုလုပ်ဆောင်တာကြောင့် နုတ်ထွက်စာတင်တဲ့ ရဲဝန်ထမ်းတွေရှိနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက နုတ်ထွက်စာတင်တာတွေကို သူ့အနေနဲ့ မသိသေးကြောင်းနဲ့ ရုံးပိတ်ရက်ဖြစ်တဲ့အတွက် နုတ်ထွက်စာတင်တဲ့ အချက်အလက်တွေလည်း မပြောနိုင်သေးကြောင်း RFA ကို ပြောပါတယ်။
"ဘယ်ကနေ သူတို့ကြည့်ပြီး ရဲဝန်ထမ်းထွက်တာများတယ်ဆိုတာ ပြောတာလဲတော့မသိဘူး။ အဲဒါနဲ့ပတ်သက်ပြီး ပြောဖို့မရှိပါဘူး အချက်အလက်လည်းမရှိပါဘူး။ လောလောဆယ် ခရီးသွားနေလို့ မသိပါဘူး"
၂၀၁၉ ဇန်နဝါရီလ လွတ်လပ်ရေးနေ့မှာ ဘူးသီးတောင်မြို့နယ်က ရဲကင်းစခန်း လေးခုကို ရခိုင့်တပ်တော် AA က ဝင်တိုက်ရာမှာ ရဲ ၁၃ ဦးကျဆုံးပြီး မတ်လအတွင်း ပုဏ္ဏားကျွန်းမြို့နယ်က ယိုးတရုတ်ရဲစခန်း အတိုက်ခံရမှုမှာလည်း ရဲ ကိုးဦးကျဆုံးပါတယ်။ ဇူလိုင်လ ဘူးသီးတောင်မြို့နယ် ညောင်ချောင်း နယ်ခြားစောင့်ရဲစခန်း ထပ်မံတိုက်ခိုက် ခံရမှုမှာ ရဲတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရရှိခဲ့ပါတယ်။
မတ်လ ၂၄ ရက်နေ့မှာ တိမ်ညိုစခန်းမှူး ပစ်ခတ်လုပ်ကြံခံရပြီး သြဂုတ် ၂၀ ရက်နေ့မှာ ကျောက်တော်က ရဲမှူးတစ်ဦး လူမြင်ကွင်းမှာ ဓားထိုးတိုက်ခိုက်ခံခဲ့ရပါတယ်။ AA က ရခိုင်ပြည်နယ်ထဲက ရဲစခန်းတချို့ကို မကြာခဏဆိုသလို ခြိမ်းခြောက်စာတွေ ပေးပို့နေပါတယ်။
လဆန်း ၁ ရက်နေ့ကကျင်းပတဲ့ ၅၅ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဦးတည်တိုက်ခိုက်တွေ မလုပ်ဖို့ တပ်ဖွဲ့ဝင်တွေက တောင်းဆိုထားပါတယ်။
ပြည်သူကို အကာအကွယ်ပေးဖို့ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲတပ်ဖွဲ့ဝင်အများအပြား ရခိုင်ပြည်နယ်ကို ပြောင်းရွှေ့ ခံရမှာ ဝန်လေးကြတာဟာ တိုက်ခိုက်ခံရနိုင်တဲ့ အန္တရာယ် တခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ တခြားဒေသက ရွှေ့လာတဲ့ ရဲတွေအတွက် ဘာသာစကား မတူညီတဲ့ အခြေအနေကို မဖြစ်မနေ ရင်ဆိုင်ရတတ်ပါတယ်။ ရခိုင်ပြည် နယ် ဒေသတချို့မှာဆိုရင် ပြင်းထန်တဲ့ရာသီဥတု၊ အနေအထိုင်ဆင်းရဲမှု၊ အစားအသောက်ရှားပါးမှု စတဲ့ အခက် အခဲတခုခု ရှိနေတတ်ပါတယ်။
အမည်မဖော်လိုသူ ရခိုင်တိုင်းရင်းသားတစ်ဦးက သူဟာ ရဲသင်တန်းဆင်းကတည်းက ရခိုင်ပြည်နယ် စစ်တွေမြို့မှာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က စစ်ကိုင်းတိုင်းဒေသကြီးကို ပြောင်းရွှေ့ခံလိုက်ရတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်က ရခိုင်လူမျိုး ရဲဝန်ထမ်းတွေကို ပြောင်းရွှေ့တာနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ မှတ်ချက်မပြုလိုဘူးလို့ ဆိုပါတယ်။
ရခိုင်ပြည်နယ် ပေါတောမြို့နယ်ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရခိုင်တိုင်းရင်းသား တပ်ကြပ် ချစ်စံရှီကတော့ သူတို့ စခန်းမှာ ထွက်စာတင်ထားသူ သုံးဦးရှိတယ်လို့ သိရကြောင်း RFA ကို ပြောပါတယ်။
"ထွက်စာတင်တာ နှစ်ယောက်၊ သုံးေယာက်တော့ရှိတယ်ခင်ဗျ။ ပုဂ္ဂိုလ်ရေးအခက်အခဲနဲ့ တင်ကြတာရှိပါတယ်၊ AA တို့ဘာတို့နဲ့ ပတ်သက်ပြီး ထွက်တာတော့မရှိပါဘူး။ မိသားစုအခက်အခဲနဲ့ တင်တာရှိတယ်။ သုံးနှစ်ပြည်မှ ပြောင်းပေးမယ်ဆိုလို့ သုံးနှစ်မပြည့်ရင် မပြောင်းပေးဘူးဆိုလို့ ပြေးတဲ့ကောင်တွေ ပြေးကြတယ်၊ အဲဒါတော့ ရှိတယ်"
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း အာဏာပိုင်တွေက ရခိုင်လူမျိုး ရဲတပ်ဖွဲ့ဝင်တွေနေရာမှာ အခြားဒေသက ရခိုင်မဟုတ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရည်ရွယ်ချက်ရှိရှိ အစားထိုး တာဝန်ချနေတယ်လို့ ပြောဆိုသူတချို့လည်း ရှိပါတယ်။
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး ကြည်လင်းက ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ဘာမှမှတ်ချက်မပေး လိုကြောင်း ပြောပါတယ်။

ကချင်ပြည်နယ် ဒုရဲအုပ် ခြောက်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးက ဒုရဲအုပ် ၁၆ ဦးကို ရခိုင်ပြည်နယ်က ရဲတပ်ရင်းနဲ့ ရဲတပ်ဖွဲ့တွေမှာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ အောက်တိုဘာ ၁၀ ရက်စွဲနဲ့ အမိန့်စာထုတ်ထားတာကို RFA က ဖတ်ရှုခဲ့ရပါတယ်။
အမိန့်စာပါညွှန်ကြားချက်အတိုင်း လုပ်ဆောင်ဖို့ ဝန်လေးတဲ့ ရဲဝန်ထမ်းတချို့က နုတ်ထွက်စာတင်ကြတယ်လို့ သိရပါတယ်။
အမိန့်စာမှာ ပါဝင်သူတဦးဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့မရဲစခန်းက ဒုရဲအုပ် ဝင်းမြင့်အောင်က သူဟာ ရခိုင်ပြည်နယ်ရဲတပ်ရင်းမှာ တစ်ကြိမ် တာဝန်ကျပြီးသားဖြစ်တဲ့အတွက် နောက်တစ်ကြိမ် ပြန်လည်တာဝန်ချထားပေး တာကို လက်မခံနိုင်လို့ နုတ်ထွက်စာတင်လိုက်တာလို့ ပြောပါတယ်။
"၀၁၅/၁၆ က ရဲတပ်ရင်း ၃၂ ရခိုင်ပြည်နယ် အဲဒီကနေပြန်လာတယ် စစ်ကိုင်းတိုင်းမှာ တာဝန်ကျတယ် သုံးနှစ် ပြီးတော့အခု ရဲတပ်ရင်း ၃၆ ရခိုင်ပြည်နယ် အဲကိုတာဝန်ကျတယ်။ ပြီးတော့ သူငယ်ချင်းတစ်ယောက်က ၃၆ ကပဲ ကျနော်တို့နဲ့တူတူပဲ ပြန်လာတယ် စစ်ကိုင်းတိုင်းက ပြန်လာတယ် လဟယ်လား နန်းယွန်းလား မသိဘူး အခု နယ်ခြားစောင့် ၄ တဲ့ အဲမှာ တာဝန်ပြန်ကျတယ်။ သုံးနှစ်ပြည့်တာနဲ့ ရဲတပ်ရင်း ပြန်ရောက်တယ်ဆိုတော့ စိတ်ဓါတ် ကျပြီး ထွက်စာတင်လိုက်တာ။ ၁၃ ရက်နေ့က ထွက်စာတင်လိုက်တာ စခန်းမှူးလက်ထဲမှာပဲ ရှိပါသေးတယ်"
ရဲဝန်ထမ်းတွေ နုတ်ထွက်စာတင်ရတဲ့ အကြောင်းအရာတွေထဲမှာ မကြာခဏ ဒေသပြောင်းရွှေ့ တာဝန်ထမ်းဆောင် ရတဲ့အတွက် မိသားစုပါ လိုက်ပါပြောင်းရွှေ့ဖို့ အဆင်မပြေတဲ့အကြောင်းလည်း ပါဝင်တယ်လို့ သိရပါတယ်။
သုံးနှစ်မပြည့်ရင် မပြောင်းပေးဘူးဆိုလို့ ပြေးတဲ့ကောင်တွေ ပြေးကြတယ်
ထွက်လိုသူဟာ နုတ်ထွက်ရခြင်း အကြောင်းအရင်းကို လုပ်ထုံးလုပ်နည်းအတိုင်း အဆင့်ဆင့်တင်ပြပြီးမှ နုတ်ထွက်ခွင့်ရရှိတာဖြစ်ပါတယ်။
နုတ်ထွက်ခွင့်ကို ချက်ချင်း အကြောင်းပြန်တာမျိုးတော့ မရှိဘူးလို့ ရဲမှူးချုပ်အငြိမ်းစား ဦးဝင်းခေါင်က ပြောပါတယ်။
"ထွက်ခွင့်က အဆင့်ဆင့် စီစစ်တာပဲ သူဘယ်မှာ တာဝန်ထမ်းဆောင်နေတာလဲဆိုတဲ့အပေါ်လည်း မူတည် တာပေါ့၊ ဌာနချုပ်မှာလား နယ်မှာလား သက်ဆိုင်ရာအဆင့်ဆင့်ကို လုပ်ရတာ၊ အရာရှိဆိုလည်း အရာရှိ လမ်းကြောင်း အခြားအဆင့်ဆိုလည်း အခြားအဆင့်လမ်းကြောင်ပေါ့ အဲဒီအပေါ် အပေါ်ဘက်ကနေ ရဲချုပ်ဆီ တင်ပြ အချို့သောအဆင့်တွေမှာ ဝန်ကြီးတွေအထိ တင်ပြဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေရှိပါတယ်၊ အဲဒီအတိုင်း အကုန်လုံးလုပ်ရတာ။ ဒီကနေ့ မနက်ဖြန်ကျမယ် အခုလတင် နောက်လကျမယ်၊ အဲလိုမျိုးတော့ ပုံစံအမျိုးမျိုးအပေါ် ပုံစံအမျိုးမျိုးနဲ့သွားတာ ဒါက ပုံသေနည်းမဟုတ်ဘူး"
အရင်က ရဲတပ်ဖွဲ့မှာ အပြစ်ရှိသူ၊ လုပ်ငန်းခွင်အတွင်း အလုပ် မလုပ်သူတွေကို ဒေသပြောင်းရွှေ့၊ တခြား ရဲတပ်ရင်းတခုခုကို ပြောင်းရွှေ့ခဲ့ပါတယ်။
အခုလို မပြောင်းမနေရပုံစံ လုပ်ဆောင်လိုက်တာကြောင့် ရဲတပ်ဖွဲ့ကနေ နုတ်ထွက်ချင်လို့ အကူအညီ လာတောင်းသူတွေရှိနေတယ်လို့ မန္တလေးမြို့မှာ နေထိုင်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေတဲ့ ရဲဝန်ထမ်းဟောင်း ကိုမြတ်သူဟိန်းက ပြောပါတယ်။
"သုံးနှစ်တစ်ကြိမ် ပြောင်းရမယ်ဆိုတော့ အပြောင်းစရိတ်တွေ ကလေးကျောင်းကိစ္စတွေ အကုန်စိတ်ညစ်နေ ကြတယ်၊ စစ်ကိုင်းတိုင်းက အရာရှိကတော်တစ်ယောက် ကျနော့်ကို ဖုန်းဆက်တယ် သူလဲ ရခိုင်မှာနေခဲ့တယ်၊ ရခိုင်က တစ်နှစ်ကျော်နေပြီး စစ်ကိုင်းရောက်တယ် သုံးနှစ်နေပြီးတော့ ရခိုင်ပြန်ပြောင်းရမယ် ရခိုင်ကိုလိုက်နေဖို့ အဆင်မပြေဘူး။ အခုက တပ်ဖွဲ့မှာ လုပ်ငန်းခွင်ပျော်ရွင်မှု မရှိဘူးဖြစ်နေတယ်၊ ၁၀ ယောက်မှာ ရှစ်ယောက်က မရှိဘူး။ အခုတော့ ထွက်ခွင့်များလာတယ် ထွက်စာတင်ပြီး ထွက်သွားတဲ့သူတွေ များလာတယ်။ တပ်ဖွဲ့ဝင် အင်အားတွေ ပြုန်းတီးလာတယ်ပေါ့"
ရဲတပ်ဖွဲ့ဝင်တွေ နုတ်ထွက်မှု များပြားနေတာကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ အလှည့်ကျစနစ်နဲ့ ထွက်ခွင့်ပေးနေရတယ်လို့ သိရကြောင်း သူက ဆက်ပြောပါတယ်။
၂၀၁၉ ခုနှစ် မတ်လက စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ တပ်ဖွဲ့ဝင်အင်အားနည်းပါးနေတဲ့အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံတဲ့ အမျိုးသား၊ အမျိုးသမီးတွေ ရဲတပ်ဖွဲ့ထဲကို ဝင်ရောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
လက်ရှိအချိန်မှာ ရဲတပ်ဖွဲ့ဝင်အင်အား ရှစ်သောင်းကျော်ရှိပြီး မြန်မာနိုင်ငံလူဦးရေနဲ့ နှိုင်းယှဉ်ရင် ရဲတယောက်ဟာ ပြည်သူ ၁၅၀၀ ကျော်ကို တာဝန်ယူ ဆောင်ရွက်နေရကြောင်း ရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေထဲက စည်းကမ်းဖောက်ဖျက်သူတွေကို အပြစ်ပေးအရေးယူတာတွေရှိသလို ရခိုင်ပြည်နယ် ရဲစခန်းတိုက်ခိုက်ခံရမှုတာ စခန်းကျဆုံးခြင်းမရှိအောင် ကာကွယ်နိုင်ခဲ့သူတွေကိုလည်း ရာထူးတိုးပေးတာတွေ ရှိကြောင်းလည်း ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့က ကျရောက်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့မှာ ပြောဆိုထားပါတယ်။
(RFA သတင်းထောက် မဝေယံမိုးမြင့် စုစည်းတင်ပြသည်။)