မြန်မာ့နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံရေး တရုတ်တိုးမြှင့်

RFA Burmese
2024.07.15
မြန်မာ့နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံရေး တရုတ်တိုးမြှင့် တရုတ်နိုင်ငံ ရှန်းတုန်းပြည်နယ် ချင်းတောင်မြို့ လေဆိပ်ကို ရောက်ရှိလာသည့် စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား တွေ့ရစဉ်။
Myanmar Military Photo

စစ်ကောင်စီက မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီ ၄၇ ပါတီတွေထဲက ပါတီလေးခုနဲ့ ဆက်ဆံရေးမြှင့်တင်ဖို့ဆိုပြီး လာမယ့်ဇူလိုင်လ ၂၀ ရက်နေ့က ၂၇ ရက်နေ့အထိ တရုတ်နိုင်ငံကို လာရောက်လည်ပတ်ဖို့ တရုတ် ကွန်မြူနစ်ပါတီက သီးသန့်ဖိတ်ကြားထားပါတယ်။

ဖိတ်ကြားခံရတဲ့ ပါတီတွေကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ရခိုင့်ဦးဆောင်ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) တို့ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း တရုတ်ကွန်မြူနစ်ပါတီက ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဖို့လည်းရှိတယ်လို့ ဖိတ်ကြားခံရတဲ့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က RFA ကို ပြောပါတယ်။

“သူတို့ ဖိတ်လို့သွားကြတာပါ။ ပါတီတစ်ခုချင်းကို ပါတီအမည်နဲ့ ဖိတ်တာလေ။ အဲတော့ ကူမင်းဘက်မှာတော့ တရုတ်ပြည် ကွန်မြူနစ်ပါတီရဲ့ ကျေးလက်ပါတီတွေ ဘယ်လိုတည်ဆောက်ထားသလဲ ဆိုတာရယ်၊ ယူနန်ဒေသရဲ့ တိုင်းရင်းသားတွေပေါ့ဗျာ။ သူတို့ရဲ့ အနေအထားတွေ လေ့လာဖို့ရယ်၊ သူတို့ဘက်က တောင်အာရှပြပွဲ တစ်ခုရှိတယ်ဗျ။ အဲဒီ အခမ်းအနားကို တက်ဖို့ရယ်၊ အဲဒီနောက် ပီကင်းကိုသွားမယ်။ အဓိကကတော့ အဲဒီ တရုတ်ကွန် မြူနစ်ပါတီက ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဖို့ပါပဲ”

ဘယ်လိုအကြောင်းအရာတွေကို အဓိက ဆွေးနွေးဖြစ်မလဲဆိုတာတော့ တရုတ်နိုင်ငံဘက်ကသိချင်တာတွေ မေးမြန်းလာမှုတွေအပေါ်မှာ မူတည်လိမ့်မယ်လို့ ဖိတ်ကြားခဲ့ရတဲ့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။

ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးကတော့ တရုတ်နိုင်ငံက မြန်မာနိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍကို အာရုံစိုက်လာတာလို့ RFA ကို ပြောပါတယ်။

“အဓိကကတော့ ကျွန်တော်တို့ ဒီလက်ရှိပဋိပက္ခမှာ အခုဟာက နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ဆိုတဲ့ နောက်တစ်ခါ ပြည်တွင်းနိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍကို ဒါ တရုတ်ပြည်သူ့သမ္မတနိုင်ငံကနေပြီးတော့ အာရုံစိုက်လာတဲ့ သဘောလို့တော့ ကျွန်တော်က အဲလိုမြင်ပါတယ်”

တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားစာမှာတော့ ဒီခရီးစဉ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ပိုးလမ်းမစီမံကိန်း အကောင်အထည်ဖော်ရေး တရုတ်နိုင်ငံက ကျွမ်းကျင်သူတွေနဲ့ အမြင်သဘောချင်း ဆွေးနွေးဖလှယ်သွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာ့နိုင်ငံရေးပါတီတွေကို အခုလို ဖိတ်ကြားတွေ့ဆုံတာက အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် စစ်ကောင်စီရဲ့ သဘောထားပျော့ပျောင်းလာအောင် တရုတ်နိုင်ငံက ကြိုးပမ်းတဲ့သဘောပဲလို့ တရုတ်နိုင်ငံ အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။

“သူ (တရုတ်) က စစ်ကောင်စီကို ပျော့လာအောင် လုပ်နေတာဗျ။ အဲတော့ စစ်ကောင်စီနဲ့ အဆင်ပြေတဲ့ပါတီတွေကို ခေါ်ပြီးတော့ ဖိတ်ပြ၊ ဖိတ်ပြပြီးတော့ သူပြမှာကလည်း ဆင်းရဲမှုပပျောက်ရေးတွေ ဘယ်လိုလုပ်တယ်။ သူတို့ရဲ့ ပြည်သူ့အတိုင်ပင်ခံကွန်ကရက်က ဘာတွေလုပ်တယ်ဆိုတာ ဟိုနိုင်ငံရေးနည်းတွေနဲ့ ပြပြီးတော့ အဲဒီလူ တွေကနေတစ်ဆင့် စစ်ကောင်စီကို ပြောတဲ့သဘောပဲလေ”

ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့ကလည်း စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ တရုတ်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။

အလားတူ ပြီးခဲ့တဲ့ဇွန်လကုန်ကလည်း သမ္မတဟောင်း ဦးသိန်းစိန်ကို တရုတ်အစိုးရက ဖိတ်ကြားတွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။