လက်တွေ့ကွပ်မျက်မှုလုပ်ရင် ကြီးမားတဲ့ တုံ့ပြန်မှုတွေ ဖြစ်လာနိုင်

၈၈ ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု ခေါ် ဦးဂျင်မီနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်တို့လို ထင်ရှားတဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို ကွပ်မျက်မယ်ဆိုရင် ကြီးမားတဲ့ တုံ့ပြန်မှု တွေကို ကြုံတွေ့ရနိုင်တာကြောင့် ပြန်လည်စဥ်းစားဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ဇွန်လ ၁၀ ရက်နေ့က စာရေးတောင်းဆိုထားပါတယ်။

ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ အမေရိကန်၊ ကနေဒါ၊ ပြင်သစ်အစိုးရတို့ကလည်း ဒီကိစ္စကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားသလို အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးကလည်း စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ဟာ ရက်စက်ပြီး လူမဆန်တဲ့လုပ်ရပ် ဖြစ်တယ်လို့ ဇွန်လ ၄ ရက်နေ့က ကြေညာချက်ထုတ်ပြီး ကန့်ကွက်ထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet ကလည်း ထင်ရှားတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေအပါအဝင် ဖမ်းဆီးထားသူတွေကို ကွပ်မျက်ဖို့ ကြိုးစားနေတာဟာ လူသားတွေရဲ့ အသက်ရှင်သန်ခွင့်ကို ချိုးဖောက်ရာ ရောက်တာကြောင့် ဒီလိုခေတ်နောက်ပြန်ဆွဲတဲ့ လုပ်ရပ်မျိုးကို ချက်ချင်း ရပ်တန့်ဖို့ ဇွန် ၁၄ ရက်နေ့က တောင်းဆိုထားပါတယ်။

ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် တို့ကို ကွပ်မျက်မယ်ဆိုရင် ဒါဟာ တရားဥပဒေနဲ့အညီ သေဒဏ်ချခံရတာ မဟုတ်ဘဲ မတရား ဖမ်းဆီးသတ်ဖြတ်ခံရတာလို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ အဖွဲ့ဝင်ဟောင်း ကိုသီဟဝင်းတင် က ဝေဖန်ပါတယ်။

“ဒါက သေဒဏ် မဟုတ်ဘူး။ သက်သက်မဲ့ ဖမ်းဆီးပြီးတော့ သတ်ဖြတ်တာပဲ။ ကျနော့်အနေနဲ့ သုံးနှုန်းချင်တယ်ပေါ့နော်။ ကိုဖြိုးဇေယျာသော်နဲ့ ကိုဂျင်မီနဲ့မှ မဟုတ်ပါဘူး။ ရှေ့မှာလည်း ကျနော်တို့ရဲဘော်တွေ အကုန်လုံး စစ်ကြောရေးမှာ သတ်ဖြတ်တာတွေ၊ လမ်းပေါ်မှာ သတ်ဖြတ်တာတွေ၊ ဒီတိုင်း လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့လူတွေ အကုန်လုံးကိုလည်း ဖမ်းမိတဲ့အချိန်မှာ လူမြင်ကွင်း၊ ညအချိန် မတော်တွေမှာ၊ လူမမြင်ကွင်းတွေမှာ သတ်ဖြတ်တာတွေ ရှိတယ်ပေါ့”

သူတို့နှစ်ဦးကို လက်တွေ့ သေဒဏ်စီရင်မယ်ဆိုရင် ပြည်သူတွေဘက်ကလည်း အဆုံးစွန် အထိ တုံ့ပြန်သွားလိမ့်မယ်လို့ ကိုသီဟဝင်းတင် က ပြောပါတယ်။

ပြည်တွင်းက မြို့ပြပြောက်ကျားအဖွဲ့တွေနဲ့ အာဏာရှင်ဆန့်ကျင်ရေး မြေပြင်သပိတ် အဖွဲ့တွေကလည်း ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် သေဒဏ် အပြီးသတ်အမိန့် ချထားသူ လေးဦးကို စစ်ကောင်စီက ကွပ်မျက်မယ်ဆိုရင် လက်တုံ့ပြန်သွားမယ်လို့ အခုရက်ပိုင်းမှာပဲ ဆက်တိုက်ဆိုသလို သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ သူတို့လက်ချက်ကြောင့် ပြည်သူ ၅၀ ကျော် သေဆုံးခဲ့ရတာကရော တရားမျှတမှု ရှိရဲ့လားလို့ ဒီနေ့ နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြန်လည်မေးခွန်းထုတ်ပါတယ်။

“သူတို့ လက်ချက်ကြောင့်မို့လို့ အနည်းဆုံး အပြစ်မဲ့ပြည်သူ၊ ကျနော် အပြစ်မဲ့ ပြည်သူ လို့ပဲ ပြောတာ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေလို့ မပြောသေးဘူး။ အပြစ်မဲ့ ပြည်သူလူထု သူတို့ရဲ့အားပေးအားမြှောက်မှုကြောင့် ဒါအနည်းဆုံး ၅၀ ကျော် သေခဲ့ရပါတယ်။ အဲဒီတော့ ဒါကို တရားမမျှတဘူးလို့ ဘာပြောမလဲ။ ဒီလိုပဲ ပြောချင်ပါတယ်”

မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဖြစ်တဲ့အတွက် တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး မဏ္ဍိုင်တွေကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရှိပြီး၊ စစ်ကောင်စီ အနေနဲ့ လိုအပ်တဲ့အချိန်မို့လို့ ဒီလိုသေဒဏ်ကို ဆောင်ရွက်ရတာလို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်း က ပြောသွားပါတယ်။

"ဒါက သေဒဏ် မဟုတ်ဘူး။ သက်သက်မဲ့ ဖမ်းဆီးပြီးတော့ သတ်ဖြတ်တာပဲ"

စစ်ကောင်စီက လက်တွေ့ သေဒဏ်စီရင်မယ်ဆိုရင် နိုင်ငံတကာအသိုက်အဝန်းရဲ့ ဖိအားတွေ ပိုတိုးလာပြီး ပြည်တွင်းမှာလည်း ကြီးမားတဲ့ ဆန့်ကျင်မှုတွေကို ရင်ဆိုင်ရ လိမ့်မယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ဦးအောင်မိုးဇော်က သတိပေးပါတယ်။

“စစ်အုပ်စုနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ပြင်းပြင်းထန်ထန် ဒီလူတွေကို ဆက်ပြီးတော့ ဖိအားပေးရမယ်ဆိုတဲ့ အခြေအနေမျိုးတွေကတော့ နိုင်ငံတကာ အဝန်းအဝိုင်းမှာလည်း ဖြစ်လာမှာပဲ။ ဗမာပြည်ထဲမှာလည်း ပြည်သူတွေကို၊ လူငယ်တွေကို သူတို့ ထိန်းဖို့၊ သိမ်းဖို့ သူတို့ကိစ္စတွေက ပိုပြီးတော့ ခက်ခဲသွားလိမ့်မယ်။ လူငယ်တွေ၊ ပြည်သူတွေ ပိုပြီးတော့ လမ်းမပေါ်တွေ ရောက်လာလိမ့်မယ်လို့ ကျနော်တော့ အဲဒီလို ယူဆ ပါတယ်ဗျ”

ဒီလို ကွပ်မျက်မှုမျိုးကို ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတွေက လက်ခံလေ့မရှိဘူးလို့လည်း သူက ဆိုပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၂ ဇန်နဝါရီ ၇ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဥ် (Photo: Myanmar Military)
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၂ ဇန်နဝါရီ ၇ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဥ် (Photo: Myanmar Military)

ဦးဂျင်မီတို့ နှစ်ဦးကို လက်တွေ့ သေဒဏ်စီရင်မယ်ဆိုရင် လူထုအကြား ဒေါသပေါက်ကွဲမှုနဲ့ အမုန်းတရားကို စစ်ကောင်စီ ပြန်လည်ခံစားရလိမ့်မယ်လို့ ဦးဂျင်မီရဲ့ နိုင်ငံရေးလုပ်ဖော် ကိုင်ဖက် ၈၈ ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမာကီး (ခ) ဦးကျော်ကျော်ထွေး က ပြောပါတယ်။

“တကယ်ပေးပစ်လိုက်ပြီဆိုရင်တော့ အကျိုးဆက်ကတော့ တစ်ခုမှ ကောင်းလာစရာ မရှိဘူး။ ပထမဆုံးအချက်အနေနဲ့က ပြည်တွင်းမှာရှိနေတဲ့ ကိုဂျင်မီတို့၊ ကိုဇေယျာသော် တို့ သူတို့လုပ်နေတဲ့ ကိစ္စတွေကို လက်ခံတဲ့သူ ရှိတယ်၊ လက်မခံတဲ့သူ ရှိတယ်။ အဲဒီ လက်မခံတဲ့သူတွေကအစ ဒီနိုင်ငံရေး ယုံကြည်ချက်တစ်ခုနဲ့ လျှောက်လှမ်းနေတဲ့သူတွေ အပေါ်မှာ ဒီလိုမျိုး သေဒဏ်ပေးတယ်ဆိုတာကို ကြားလူကအစ ဒေါသတွေ ပေါက်ကွဲ လာတာရှိမယ်။ နစကအပေါ်မှာ အယုံအကြည် ပိုကင်းမဲ့လာတာရှိမယ်။ အမုန်းအာဃာ တတွေ ပိုပြီးတော့ ကြီးလာမယ်လို့ ထင်တယ်”

ဦးဂျင်မီရဲ့ဇနီး ဒေါ်နီလာသိန်းကတော့ လက်တွေ့ သေဒဏ်စီရင်မယ်ဆိုရင် တစ်နေ့မှာ ဒီပြစ်မှုကို စစ်ကောင်စီဘက်က ပြန်ပြီးတာဝန်ယူရလိမ့်မယ်လို့ RFA ကို ပြောထားပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေပေါ် အခြေခံပြီး RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းထားတဲ့ ၁၆ လတာကာလအတွင်း ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူ ၁၁၄ ဦးကို ထောင်တွင်း စစ်ခုံရုံးတွေကနေ သေဒဏ်ချမှတ်ထားပါတယ်။

ဒီမိုကရေစီကို ခဏထိန်းတာပါ၊ ၂၀၂၃ မှာ ပါတီစုံရွေးကောက်ပွဲ လုပ်ပေးပါ့မယ်လို့ ပြောနေတဲ့ စစ်ကောင်စီက လူသတ်ပြီးမှ ရွေးကောက်ပွဲလုပ်ရင် အဲဒီရွေးကောက်ပွဲကို ဘယ်သူမှ ယုံကြည်လက်ခံမှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက မှတ်ချက်ပေးပါတယ်။

“သူတို့ကို စွပ်စွဲချက်နဲ့ သတ်လိုက်ပြီပဲ ထားလိုက်ပါတော့။ ၂၀၂၃ ကျရင် ရွေးကောက်ပွဲ လုပ်တယ်။ လုပ်တဲ့အခါကျရင် သတ်လိုက်တဲ့လူတွေက မတရား အသတ်ခံရပြီးတော့ ဒီရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရှိတဲ့အတွက်ကြောင့် ဒီရွေးကောက်ပွဲကြီးက တရားမျှတ မှု မရှိပါဘူး၊ အဲဒီလိုပါလို့ရတဲ့သူ၊ ပါခွင့်ရှိတဲ့သူတွေ ပါလို့မရဘဲနဲ့ အသတ်ခံထားရတဲ့ အတွက်ကြောင့် ဒီလိုသတ်ပြီးမှလုပ်တဲ့ ရွေးကောက်ပွဲကြီးက မတရားပါဘူးလို့ ပြောလာရင် အဲဒါ ဘယ်တော့မှ မဟုတ်ဘူးဆိုတဲ့ဟာကြီးကို ပြန်ပြီးတော့ ပြန်ရှင်းလို့ မရတော့ဘူး”

စစ်ကောင်စီဘက်ကတော့ ဦးဖြိုးဇေယျာသော်နဲ့ ဦးဂျင်မီတို့ နှစ်ဦးဟာ CRPH၊ NUG တို့နဲ့ ဆက်သွယ်ပြီး အကြမ်းဖက်မှုတွေ လုပ်ခဲ့တယ်၊ သူတို့ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ စွပ်စွဲထားပါတယ်။

စစ်ကောင်စီက သူတို့နှစ်ဦးကို အကြမ်းဖက်တိုက်ဖျက်မှု ဥပဒေပုဒ်မ - ၄၉ (က)၊ ၅၀ (ဈ)၊ ၅၀ (ည) တို့နဲ့ တရားစွဲပြီး အခုနှစ်ဆန်းပိုင်းမှာ သေဒဏ်အမိန့်ချခဲ့တာပါ။ အယူခံ အဆင့်ဆင့်လည်း ပယ်ချခံရပြီး အပြီးသတ် သေဒဏ်အမိန့်ကို စစ်ကောင်စီရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ အတည်ပြုထားကြောင်း စစ်ကောင်စီက ဇွန်လ ၃ ရက်နေ့က ထုတ်ပြန် ထားပါတယ်။