ပျူစောထီးဆိုတာ ဘယ်သူတွေလဲ၊ သူတို့ ဘာတွေလုပ်နေလဲ

ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021.05.12

လတ်တလောကာလအတွင်း ပျူစောထီးအဖွဲ့ဆိုပြီး ပြည်သူတွေကို အရပ်ဝတ်နဲ့ လိုက်လံဖမ်းဆီးနေတဲ့ လက်နက်ကိုင်အဖွဲ့တခု ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီအဖွဲ့မှာ တပ်မတော်အငြိမ်းစားတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေ၊ အရင် မဘသအဖွဲ့ဝင်တွေနဲ့ ရပ်ကွက်ထဲက ဒလန်သူလျှိုတွေ ပါဝင်တယ်လို့ သတင်းထွက်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း သူတို့ကို ဦးစားပေး ရှင်းလင်းသုတ်သင်မယ်လို့ ပြောပါတယ်။

ပျူစောထီးဆိုတဲ့ နာမည်ခံယူပြီး လှုပ်ရှားနေတဲ့အဖွဲ့တခု ဒီရက်ပိုင်း ပေါ်ပေါက်လာနေပါတယ်။ အဲဒီအဖွဲ့ဝင်တွေရဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ သူတို့ဟာ တိုင်းပြည်အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေးအတွက် စစ်ကောင်စီရဲ့ အရံအင်အားစုအဖြစ် နစက၊ တစက တွေနဲ့ ဆက်သွယ်ဆောင်ရွက်နေကြောင်း၊ သူတို့အဖွဲ့မှာ အငြိမ်းစားနဲ့ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ တပ်မတော်ဝန်ထမ်းတွေနဲ့ တခြားပြည်သူတွေပါဝင်ကြောင်း စသဖြင့် ဖော်ပြထားပါတယ်။ တချို့ကလည်း CRPH နဲ့ NUG ဆန့်ကျင်ရေးအပြင် အစွန်းရောက်ဘာသာရေးစာပေတွေ ရေးသားနေတာမြင်ရပါတယ်။ အဲဒီအဖွဲ့ဝင်တွေဟာ သာမန် အရပ်သားတွေလို ဝတ်စားပြီး မျက်နှာဖုံးစွပ်တွေနဲ့ ဦးထုပ်တွေဆောင်းကာ အိမ်စီးကားတွေနဲ့ လက်နက်တွေကို ဖုံးကွယ်ကိုင်ဆောင်ပြီး သူတို့လိုချင်တဲ့ ပြည်သူတွေကို ဥပဒေမဲ့ ဝင်ရောက်ဖမ်းဆီးနေကြတယ်လို့ ဆိုပါတယ်။ အဲဒီ အဖွဲ့ဝင် ဆိုသူတွေဟာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေကိုယ်စား လှုပ်ရှားနေတာဖြစ်ပြီး USDP ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်တွေလည်းပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့အချုပ်အခြာ အာဏာကွန်ရက်အဖွဲ့ ခေါင်းဆောင် ဦးမျိုးရန်နောင်သိန်း က RFA ကိုပြောပါတယ်။

“စစ်တပ်က နွေဦးတော်လှန်ရေးကို နှိပ်ကွပ်ရေးလုပ်တဲ့အခါမှာ ပျူစောထီးဖွဲ့ထားပြီး လုပ်တယ်။ စစ်တပ်က ဆုတ်သွားပြီးတော့ ပျူစောထီးတွေ ချန်ထားခဲ့တဲ့ သဘောဖြစ်တယ်။ ရဲတပ်ဖွဲ့လုပ်ကိုင်ခွင့်က အရမ်းနည်းနေတော့ ပျူစောထီးတွေကို ဥပဒေမဲ့လုပ်ခိုင်းထားတဲ့ သဘောမျိုး ရှိတယ်။ လူတွေကို လိုက်ရှာတယ် ဖမ်းဆီးတယ်။ ဆန္ဒပြအဖွဲ့တွေကို ဖမ်းဆီးတဲ့အခါမှာ ရဲတွေ စစ်တပ်တွေကို မသုံးတော့ဘူး။ ပျူစောထီးအဖွဲ့တွေက ဖမ်းဆီးနေတယ်။ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်က ထောက်လှမ်းရေးကို အာဏာအပြည့်ပေးထားသလိုမျိုး ပျူစောထီးအဖွဲ့ကို အာဏာပေးထားတယ်လို့ သိရတယ်။ ပျူစောထီးအဖွဲ့မှာ ဒလန်တွေပါတယ် ၊ မဘသ တွေပါတယ်၊ ကြံ့ဖွတ်ကလူတွေ အဓိက ပါဝင်ဖွဲ့စည်းထားတယ်လို့ သိရတယ်။ တချို့ အငြိမ်းစားယူထားတဲ့ စစ်တပ်ကလည်း ပါတယ်ပေါ့။ မနေ့ကဆိုရင် မန္တလေးမှာ ပျူစောထီးအဖွဲ့က မျက်နှာဖုံးတွေတပ်ထားတယ် ဘောင်းဘီအတိုတွေနဲ့ သေနတ်တွေကိုင်ပြီး လိုက်ဖမ်းနေတယ်လို့ သိရတယ်။ သေနတ်တွေ ပေးထားတယ်။ အဓိက သူတို့ရည်ရွယ်ချက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်လာလို့ရှိရင် ပြန်လည်တုံ့ပြန်ဖို့လို့ သိရတယ်။ အဲဒီတော့ ကျနော်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အချုပ်အခြာအာဏာ ကွန်ရက်အနေနဲ့ ဒီပျူစောထီးအဖွဲ့တွေကို စုံစမ်းပြီးတော့ ပြည်သူ့တရားစီရင်ရေး စနစ်နဲ့ တရားစီရင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်။”

အဲဒီ ပျုစောထီးတွေကို သိရှိရင် သူတို့ကို ဆက်သွယ်အသိပေးပါလို့လည်း ဦးမျိုးရန်နောင်သိန်းက ပြောပါတယ်။ ကြံံံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ပြောခွင့်ရသူ ဦးနန္ဒာလှမြင့်ကတော့ အဲဒီ ပျူစောထီး ဆိုတဲ့ အဖွဲ့နဲ့ သူတို့ပါတီ တစုံတရာ ပတ်သက်ခြင်း မရှိပါဘူးလို့ ငြင်းဆိုပါတယ်။

“ပြည်ခိုင်ဖြိုး က ဖွဲ့တာတော့ မဟုတ်တာ အသေအချာပဲ။ ဥပဒေမဲ့ လုပ်ရပ်တွေ မည်သည့်လုပ်ရပ်ကိုမှ ကျနော်တို့ အားလဲမပေးဘူး။ သဘောလည်း မတူဘူး လုပ်လည်း လုံးဝမလုပ်ဘူးလို့ ပြောချင်တယ်။”

ဒီရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဦးဆောင်နေသူတဦးကတော့ သူတို့မြို့နယ်မှာ အဲဒီအဖွဲ့ကို လုံးဝ လှုပ်ရှားခွင့်ပြုမှာ မဟုတ်ကြောင်း၊ လက်ရှိ သူတို့ မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ အထိနာနေကြောင်း၊ အဓိကအားဖြင့် တူမီးသေနတ်တွေနဲ့ တိုက်ပွဲဝင်နေတာဖြစ်ပြီး ခေတ်မီ လက်နက်တွေ ရမယ်ဆိုရင် ခုခံစစ်ကနေ ထိုးစစ်ကို ပြောင်းလဲမှာဖြစ်ကြောင်း ပြောပါတယ်။

“လက်ရှိလောလောဆယ် ကျနော်တို့ ကနီမြို့နယ်တွင်းမှာရှိတဲ့ တိုက်ပွဲမှန်သမျှကို အကျဉ်းချုပ်ပြီးပြောရမယ်ဆိုရင် စစ်ကောင်စီဘက်က အင်အား ၁ဝဝကျော် လောက် ကျဆုံးသွားပြီ။ ကျနော်တို့ဘက်က ၃ဝ မပြည့်သေးဘူး ကျဆုံးစာရင်းက။ ကျနော် ကနီမှာ တိုက်ပွဲဦးဆောင်နေတဲ့ လူငယ်တယောက် အနေနဲ့ ပြောချင်တယ် ကျနော်တို့ တိုက်မယ် နိုင်အောင်တိုက်မယ်။ ကျနော်တို့ ပြည်သူ့တပ်မတော်ကို ကနီမြို့နယ်တွင်းမှာ တွေ့အောင်ရှာပါ။ အခုလက်ရှိတွေ့နေတာ အနည်းအကျဉ်းလောက်ပဲ ရှိတယ်။ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ တကယ်များ သတ္တိရှိတယ်ဆိုရင် ကျနော်တို့ ကနီမြို့နယ်ကို အလုံးအရင်းနဲ့ ဝင်ခဲ့ပါ။ ကိုယ့်ကို ရန်မူလာရင် အနည်းဆုံး ကျနော်တို့ လက်နက်က ၅ ယောက်တက်လာရင် တချက်ပဲပစ် ၅ ယောက်လုံး သေတယ်။ အရေးကြီးတာက ကျနော်တို့ ပြည်သူတွေ လက်တွဲညီဖို့ လိုတယ်၊ တနိုင်ငံလုံး ကနီနယ် တနယ်လုံးလိုသာ ထကြွမယ်ဆိုရင် ဒီကောင်တွေကို မြန်မာ့မြေပေါ်မှာ သေစရာတော့ မြေရှိရမယ်။ နေစရာတော့မြေမရှိစေရဘူးလို့ ကျနော်တို့ ခံယူချက်မှာ အပြည့်ရှိတယ်။ ကျနော်တို့ဘက်မှာ တယောက်ကျရင် ဆယ်ယောက်တက်လာမယ်၊ သူတို့ဘက်မှာ တယောက်ကျရင် တယောက်ဘယ်နဲ့မှ အစားထိုးစရာမရှိဘူး။ အဲဒီတော့ ကျနော်တို့ပြည်သူတွေ ဆက်တိုက်ပါ နွေဦးတောင်လှန်ရေး အောင်ကိုအောင်ရမယ်၊ အောင်လဲအောင်မယ်”

တခြားအမည်မဖော်လိုတဲ့ နွေဦးတော်လှန်ရေး မြေအောက်လှုပ်ရှားသူ ခေါင်းဆောင်တဦးကလည်း ပြည်တွင်းတိုက်ပွဲတွေကို မကြာခင်စတင်တဲ့အခါ အဲဒီ ပျူစောထီးအဖွဲ့ဝင်တွေကို သူတို့ ပထမ ဦးစားပေး ရှင်းလင်းမှာ ဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Win Naing
2021-05-16 09:25

ပျူစောထီးအဖွဲ့ကနေစစ်သားပုံဖြင့်တင်ထားသော Facebook အကောင့် တွေကိုGroup ထဲသွင်း၍တာဝန်ထမ်းဆောင်ရန်ခေါ်ဆောင်လျှက်ရှိပါတယ်။