ရခိုင်ဒုက္ခသည်တွေကို မိုးမကျမီ နေရာချပေးနိုင်ခြင်းမရှိ


2019.07.25
rakhine-refugees-camp-622.jpg ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့အနီးမှာ စစ်ဘေးဒုက္ခသည်တွေအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဆောက်လုပ်နေတဲ့ ဒုက္ခသည်စခန်းတစ်ခုကို ၂၀၁၉ ဇူလိုင်လ ၁၆ ရက်နေ့ကတွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေကြောင့်နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို မိုးရာသီကာလမှာ စနစ်တကျ ခိုလှုံနေထိုင်နိုင်ဖို့စီစဉ်နေတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြီးခဲ့တဲ့မေလ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ ကတိပေးပြောဆိုခဲ့တာပါ။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား လျှပ်စစ်၊ စက်မှုနဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ

“ရောက်ရှိလာမည့်မိုးရာသီကာလအတွင်း စနစ်တကျခိုလှုံနေထိုင် ရန်အတွက်လည်းပဲ တစ်မြို့နယ်လျှင် တိုက်ပွဲရှောင် စခန်းနှစ်ခုနှုန်းဖြင့် မြို့နယ် ခြောက်ခု၌စခန်းဆယ့်နှစ်ခုကို တည်ဆောက်ပေးရန်အတွက် လည်းပဲ ကျွန်တော်တို့ စီမံချက်ချ ဆောင်ရွက်ထားရှိနေပါတယ်”

ဘူးသီးတောင်မြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ရခိုင်မြောက်ပိုင်း ဒေသမှာ မိုးမကျမီနေရပ် မပြန်ရဲတဲ့ဒုက္ခသည်တွေအတွက် တရားဝင်အသိအမှတ်ပြု ဒုက္ခသည်စခန်းတွေ အလျင်အမြန်ဆောင်ရွက်ပေးဖို့ အဆိုတင် ခဲ့တာပါ။

ဒီအဆိုကို မေလ ၉ ရက်နေ့ကကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ ကန့်ကွက်သူမရှိအတည်ပြုခဲ့ပါ တယ်။

အဆိုတင်ခဲ့တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း ကတော့ အစိုးရအဖွဲ့အနေနဲ့ ကတိအတိုင်းအချိန်မီဆောင်ရွက်ခြင်းမရှိတာကြောင့် စစ်ဘေးဒုက္ခသည်တွေဟာ အခက်အခဲတွေနဲ့ ပိုမိုရင်ဆိုင်နေရတယ်လို့ပြောပါတယ်။ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း

“ကျွန်တော်တို့က မိုးမကျမီ၊ အချိန်မီ စစ်ရှောင်တွေကို သူတို့ စိတ်ချမ်းသာစွာနဲ့ နေထိုင်နိုင်မယ့်အတွက်ကို တည်ဆောက်ပေးဖို့ အတွက် ကျွန်တော့အနေနဲ့ တင်ပြတာဖြစ်တယ်။ အခုလိုမိုးလယ် ကာလကို ရောက်လာတဲ့အချိန်မှာ ကျွန်တော်တို့ စစ်ရှောင်ဒုက္ခ သည်တွေဟာ အလွန်တရာမှ ဒုက္ခရောက်နေတဲ့ အခြေအနေ မှာရှိနေပါတယ်ခင်ဗျ”

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့စာရင်းတွေအရ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေမှာ ဇူလိုင်လ ၁၆ ရက်နေ့အထိ စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၅၂၀၀ ကျော်နဲ့ လူဦးရေ ၂၂၀၀၀ ခန့်ရှိပါတယ်။

အဲဒီဒုက္ခသည်တွေဟာ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံနဲ့အပါအဝင် ယာယီစခန်းပေါင်း ၈၀ မှာနေထိုင်နေကြရတာဖြစ်ပါတယ်။

အဲဒီအထဲက အိမ်ထောင်စု ၁၁၀၀ ကျော်လောက်အတွက် ရသေ့တောင်မှာနေရာ ၂ ခု၊ ပုဏ္ဏားကျွန်း ၁ ခု၊ မြောက်ဦး ၁ ခု၊ မင်းပြား ၁ ခုနဲ့ ဘူးသီးတောင် နှစ်ခုတို့မှာ ယာယီစခန်းတွေကို အစိုးရကဆောက်လုပ်နေပေမယ့် ဒီနေ့အထိ မပြီးသေးပါဘူး။

ပုဏ္ဏားကျွန်းမြို့အနီးမှာ စစ်ဘေးဒုက္ခသည်တွေအတွက် ရခိုင်ပြည်နယ်အစိုးရက ဆောက်လုပ်နေတဲ့ ဒုက္ခသည်စခန်းတစ်ခုကို ၂၀၁၉ ဇူလိုင်လ ၁၆ ရက်နေ့ကတွေ့ရစဉ်
ပုဏ္ဏားကျွန်းမြို့အနီးမှာ စစ်ဘေးဒုက္ခသည်တွေအတွက် ရခိုင်ပြည်နယ်အစိုးရက ဆောက်လုပ်နေတဲ့ ဒုက္ခသည်စခန်းတစ်ခုကို ၂၀၁၉ ဇူလိုင်လ ၁၆ ရက်နေ့ကတွေ့ရစဉ်
Photo: Min Thein Aung/RFA

အခုမိုးလယ်ကာလကို ရောက်လာတဲ့အထိ ဒုက္ခသည်တွေကို စနစ်တကျနေရာချပေးနိုင်ခြင်း မရှိတဲ့အပေါ် လွှတ်တော်မှာ ကတိပေးပြောဆိုခဲ့တဲ့ လျှပ်စစ်၊ စက်မှုနဲ့လမ်းပန်းဆက်သွယ်ရေး ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံ ကို RFA က ဒီနေ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဟာ ကတိအတိုင်းဆောင်ရွက်နိုင်ခြင်းမရှိဘူးလို့ ပြောဆိုချက်နဲ့ပတ်သက်လို့ ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့် ကတော့ အခုလိုတုံ့ပြန်ပါတယ်။ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်

“ဒီဟာက ကျွန်တော်တို့က မေ၊ ဇွန်လောက်မှာမှ တင်ဒါ စပြီးတော့ပေးရတယ်။ အဲဒီနောက်မှာမှ မြေရှင်းတယ် လုပ်တယ် ကိုင်တယ်နဲ့ ကုမ္ပဏီတွေကို လုပ်ငန်းအပ်လိုက်တယ်ပေါ့။ ကုမ္ပဏီနဲ့ စာချုပ်တယ် တစ်လတစ်လခွဲအတွင်း အပြီးဆောက်ရမယ် ဆိုပြီးတော့ အဲလိုစာချုပ်ချုပ်ပြီးတော့ အပ်လိုက်တယ်။ အပ်လိုက် တဲ့အခါမှာ ကုမ္ပဏီတွေက လုပ်တော့လုပ်နေတယ်။ ဒါပေမဲ့ ပြီးမြောက်မှုရာခိုင်နှုန်းက မပြီးနိုင်တဲ့အခါကျတော့ နည်းနည်းတော့ တွန်းပေးနေရတယ်ပေါ့နော်။ ကျွန်တော်တို့လည်း ဒါအမြန်ဆုံးပြီးရင် အမြန်ဆုံး နေရာချထားပေးဖို့တော့လုပ်နေတယ်”

အဲဒီစခန်းတွေက ဘယ်အချိန်မှာ ပြီးစီးမယ်ဆိုတာနဲ့ ဒုက္ခသည်တွေကို အစိုးရက ဘယ်ကာလမှာ နောက်ဆုံးထားနေရာချထားပေးဖို့ လျာထားသလဲဆိုတာကို RFA ကမေးမြန်းရာမှာ ဝန်ကြီးဦးဝင်းမြင့်က နေရာချပေးမယ့်ကိစ္စဟာ စခန်းဆည်ဆောက်လို့ ပြီးစီးတဲ့အပေါ်မှာ မူတည်လို့ပြောပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့က ရခိုင်စစ်ဘေးဒုက္ခသည်တွေရဲ့ နေထိုင်ရေးအတွက် ကျပ်ငွေ ၅ ဘီလီလျံခန့် အသုံးပြုဖို့ ခွင့်ပြုထားပါတယ်။

ဒါပေမဲ့ ရှိနေတဲ့ အိမ်ထောင်စု ၅၂၀၀ ကျော်ထဲက အိမ်ထောင်စု ၁၁၀၀ ကျော်လောက်သာ အစိုးရဆောက် လုပ်နေတဲ့စခန်းတွေမှာနေထိုင်ဖို့ ဆန္ဒပေးထားတာကြောင့် ပြည်ထောင်စုအစိုးရက ခွင့်ပြုထားတဲ့ ငွေတွေထဲက ကျပ်ငွေ တစ်ဘီလီကျော်သာ အသုံးပြုမှာဖြစ်ပါတယ်။

အစိုးရက လက်ရှိဆောက်လုပ်နေတဲ့ စခန်းတွေဟာ သူတို့နေထိုင်တဲ့နေရာတွေနဲ့ အလှမ်းဝေးတာအပြင်၊ အစိုးရက ဒေသခံတွေရဲ့အခွင့်အရေးတွေကို ကာကွယ်မပေးနိုင်လို့ဆိုပြီး ယုံကြည်မှုနည်းနေတာကြောင့် အစိုးရရဲ့စခန်းတွေမှာနေထိုင်ဖို့ ဆန္ဒမရှိကြတာလို့ ဒုက္ခသည်တွေကပြောပါတယ်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC  အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း ကတော့ ဒုက္ခသည်တွေ အားလုံးနေရာထိုင်ခင်းတွေအတွက် အဆင်ပြေဖို့ အစိုးရက အရပ်ဘက်အဖွဲ့တွေနဲ့ ပူးပေါင်းဖို့ လိုအပ်တယ်လို့ ထောက်ပြပါတယ်။ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC  အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း

“တကယ်တမ်းကျတော့ အစိုးရဘက်က ပူးပေါင်းလုပ်ဆောင်မှု အားနည်းနေတာပေါ့။ ဒီစစ်ဘေးရှောင်တွေကို အရေးပေါ် လုပ်ဆောင်ပေးနေတဲ့ ဒေသခံအဖွဲ့အစည်းတွေရှိတယ်ပေါ့လေ။ နောက်တခါ စစ်ဘေးရှောင်စခန်းတွေမှာလည်း ဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကော်မတီတွေရှိပါတယ်၊ ဆိုတော့ ဒီပုဂ္ဂိုလ်တွေနဲ့တော့ အနည်းဆုံးတိုင်ပင်ညှိနှိုင်းသင့်ပါတယ်။ ပြီးလို့ရှိရင် ဒီစစ်ဘေးဒုက္ခသည်တွေမှာ အဓိက သူတို့အခက်အခဲ ကဘာလဲ၊ သူတို့လိုလားချက်ကဘာလဲ ဒီအခြေအနေပေါ် မူတည်ပြီးတော့မှ သူတို့က ဒီဒုက္ခသည်စခန်းတည်နေရာကို စဉ်းစားသင့်ပါတယ်”

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ စစ်ဘေးသင့်ဒုက္ခသည် ဦးရေ ငါးသောင်းကျော်ရှိ ပါတယ်။ အဲဒီ အထဲက လူပေါင်း နှစ်သောင်းသုံးထောင်ခန့်ဟာ ကယ်ဆယ်ရေးစခန်းတွေမှာ ရှိနေပြီး လူပေါင်း သုံးသောင်းကျော်ကတော့ စခန်းပြင်ပမှာရှိနေပါတယ်။

အခုနောက်ပိုင်း စစ်ရေးနယ်မြေတွေ ကျယ်ပြန်လာတဲ့အတွက် စစ်ဘေးသင့်ဒုက္ခသည်ဦးရေ တိုးလာနေတယ်လို့လည်းပြောပါတယ်။

အခုလက်ရှိမှာ ဒုက္ခသည်တွေဟာ အလှူရှင်တွေရဲ့ အကူအညီနဲ့ ယာယီတဲတွေ ဆောက်လုပ်ပြီး ဖြစ်သလို နေထိုင်နေကြရပါတယ်။

(RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။