တပ်ကပိတ်ထားတဲ့ ပုဏ္ဏားကျွန်း- ရသေ့တောင် ကားလမ်း ပြန်ဖွင့်ဖို့ ဒေသခံတွေတောင်းဆို

နီမင်းထွန်း
2021-01-13
Share

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ စစ်ရေးပဋိပက္ခတွေကြောင့် ရသေ့တောင်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် ဆက်သွယ်ထားတဲ့ ကားလမ်းကို လုံခြုံရေးအရဆိုပြီး တပ်မတော်က ပိတ်ထားတာ အခုဆိုရင် ၉ လ ရှိပါပြီ။

အဲဒီလိုပိတ်ထားတာကြောင့် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသက ဒေသခံတွေဟာ ကျန်းမာရေးကိစ္စ စီပွားရေးကိစ္စတွေအတွက် လိုအပ်တဲ့အခါ သွားလာဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

အရင်က အဲကားလမ်းကနေ သွားလာချိန်မှာ တပ်က ဖြတ်သန်းခွင့်မပေးတဲ့အပြင် ဖမ်းဆီးစစ်ဆေးတာတွေ ရှိတာကြောင့် ဒေသခံတွေဟာ အခုနောက်ပိုင်းမှာ အဲ့လမ်းကို မသွားရဲတော့ဘူးလို့ပြောပါတယ်။

ကုန်းလမ်းပိတ်ထားတာကြောင့် ရေလမ်းကို အသုံးပြုနေရတယ်လို့ ဆိုပါတယ်။

ရေလမ်းကို အသုံးပြုနေရတဲ့အတွက် ကျန်းမာရေးကိစ္စတွေမှာ လမ်းခရီးမှာ အချိန်ကြန့်ကြာလို့ အသက် ဆုံးရှုံးသွားတဲ့ အရပ်သားတွေ ရှိတယ်လို့ ပိုးရွှီပြင်မဟာမိတ် လူမှုကူညီရေး အသင်းက ပြန်ကြားရေးတာဝန်ခံ ဦးအောင်ကျော်ကပြောပါတယ်။

"ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့လောက်ကဆိုရင် ခိုင်ခိုင်သန်းဆိုတဲ့ ပိုးရွှီပြင်က ခိုင်ခိုင်သန်း ဆိုတဲ့ တစ်ယောက်မှာ အချိန်နောက်ကျပြီတော့ ခွဲစိတ်မှုတွေ လုပ်လိုက်ရတယ်။ နောက်ပြီး ကလေးကလည်း အသက်ဆုံးရှုံးလိုက်ရတယ်။ နောက်ပြီးတော့ ပေါက်တောပြင်ရွာက ဦးမောင်ထွန်းစံကလည်း စစ်တွေ ဆေးရုံ မှာ အစာအိမ်ပေါက်ပြီးတော့ သေသွားတယ်။ ရေလမ်းကြောင်းကသွားမယ်ဆိုရင် ၃ နာရီ မိနစ် ၂၀ လောက်သွားရတယ်။ ကားလမ်းက နေ ပေါက်တောပြင်ကျေးရွာက ပုဏ္ဏားကျွန်းကို သွားမယ်ဆိုလို့ရှိရင် မိနစ် ၂၀ လောက်ပဲသွားရတယ်။ ကျန်းမာရေးဆိုတာကလည်း အချိန်နဲ့ တပြေးညီလုပ်ရတဲ့အတွက် ကျွန်တော်တို့အတွက် တော်တော်လေး အသက်အန္တရာယ်ရှိတယ်။"

အဲဒီတောဖျားချောင်းဒေသက ဆင်သည်၊ သြရမ၊ သင်ပုန်းတန်း စတဲ့ ကျေးရွာတွေအပြင် ကျေးရွာပေါင်း ၆၄ ရွာက လူဦးရေ ငါးသောင်းကျော်ဟာ ကျန်းမာရေးအတွက် ပိုးရွှီပြင်ကျေးရွာ တိုက်နယ်ဆေးရုံကို အရင်က အားထားခဲ့ရပါတယ်။ ဒါပေမဲ့ ပိုရွှီပြင်ကျေးရွာမှာ တာဝန်ကျတဲ့ ဆရာဝန်ဟာ ၂၀၂၀ သြဂုတ်လက ပြောင်းရွှေ့သွားပြီး နောက်ထပ်ဆရာဝန်လည်း ပြန်မရောက်လာတာကြောင့် ဒေသခံတွေဟာ ဆေးကုသဖို့ လိုအပ်လာရင် ပုဏ္ဏားကျွန်းဆေးရုံနဲ့ စစ်တွေဆေးရုံအထိ သွားလာနေကြရတာပါ။

ဒါကြောင့် ဒေသခံတွေဟာ ကလေးမွေးဖွားဖို့အပြင် တခြားကျန်းမာရေးကိစ္စတွေအတွက် အချိန်ကြိုယူပြီး သွားနေကြရပါတယ်။

"စစ်တွေက ဆရာဝန်ကြီးကပေးတဲ့ရက်က နောက်ထပ် ၁၀ ရက်လောက်တောင် လိုပါသေးတယ်။ ကျွန်တော်တို့က ဘာကြောင့်ကြိုတင်ပြီးတော့ သွားရလဲဆိုရင် ရွာမှာလည်း ဆရာဝန်မရှိဘူး။ အခက်အခဲ ဖြစ်တယ်ဆိုတော့ ကြိုတင်ပြီးတော့ သွားရခြင်းဖြစ်ပါတယ်။ ရသေ့တောင်-စစ်တွေကားလမ်းကလည်း သွားလို့မရဘူးလေ။ အဲဒီလမ်းက ပိတ်ထားလို့ သွားလို့လည်းမရဘူး။ အဲဒီလမ်းဖွင့်ရင်တော့ ကြိုတင် ပြီးတော့ သွားစရာမလိုပါဘူး။ အဲ့ဒီလမ်းကဆိုရင် မိနစ် ၂၀ လောက်သွားရင် ရောက်ပါတယ်။ ဒါပေမဲ့ အဲဒီလမ်းကလည်းမဖွင့်ဘူးဆိုတော့ စိုးရိမ်ပြီး ကြိုတင်သွားရခြင်းဖြစ်ပါတယ်။"

ပိုးရွှီပြင်ကျေးရွာကနေ အမျိုးသမီး ကလေးမွေးဖွားဖို့ ပုဏ္ဏားကျွန်းမြို့ကို ရောက်နေတဲ့ ဦးထွန်းသိန်းဝင်း ပြောသွားတာပါ။

တပ်တော်စစ်ကြောင်းဟာ အဲဒီကားလမ်းပေါ် စခန်းချထားတာကြောင့် သူတို့နဲ့တွေ့လို့ စစ်ဆေးခံရမှာ၊ မသင်္ကာလို့ဆိုပြီး ဖမ်းဆီးခံရမှာကို စိုးရိမ်ပြီး အဲဒီကုန်းလမ်းကို မသုံးရဲကြဘူးလို့ ပေါက်တောပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကံထွန်းမောင်က RFA ကို ပြောပါတယ်။

"ဒီဘက်မှာ စစ်ဆေးတာက ဖက်ကျကျေးရွာရယ်၊ လက်ဝဲစာတိုက်ကျေးရွာရယ် အဲဒီနေရာမှာ စစ်ဆေး တာပဲ။ အဲဒီစစ်ဆေးတဲ့နေရာမှာပဲ စစ်တပ်က လုံခြုံရေးယူထားတယ်။ အဲဒီလုံခြုံရေးယူထားတာကို ပြည်သူတွေက သူတို့နဲ့ထိပ်တိုက် မတွေ့ရဲဘူးလေ။ အဲ့ဒီမှာ သူတို့က ဟိုမေး၊ ဒီမေးလုပ်တော့ ထိပ်တိုက် မတွေ့ရဲဘူး ဖြစ်နေတယ်။ အဲဒီလိုဖြစ်လို့လည်း အဲဒီလမ်းကို အလိုလျောက်ပိတ်သွားတာ။ သူတို့က မေးမှာ၊ စစ်မှာ၊ မသင်္ကာရင်ဖမ်းမှာ အဲဒါကိုကြောက်တယ် လူတွေက။"

ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ဒီလမ်းဟာ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ရသေ့တောင်မြို့နယ် ဆက်သွယ်ရေးမှာ အဓိကအရေးပါတဲ့ လမ်းဖြစ်သလို ရက္ခိုင့်တပ်မတော် (AA) နဲ့ တပ်မတော်တို့လည်း အပစ်အခတ်တွေရပ်ထားတဲ့ကာလဖြစ်တာကြောင့် အဲဒီလမ်းကို ပြန်ဖွင့်ပေးသင့်တယ်လို့ တိုက်တွန်းပါတယ်။

"အခုလမ်းပိတ်ထားတာက ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်ကြား တောဖျားချောင်း တံတား နားမှာ ပိတ်ထားတာရှိတယ်။ အဲဒီချောင်းကလည်း ရသေ့တောင်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ် ဆက်သွယ်ရေးမှာ တော်တော်အရေးကြီးတဲ့ တောဖျားချောင်းဒေသ။ စီးပွားရေး၊ လူမှုရေး။ ဆိုတော့ အဲဒီလမ်းပိတ်တော့ ကားလမ်း ပိတ်တာမှာ ရေကြောင်းသွားလာရေးတောင် ပါသွားသေးတယ်။ ဒါကြောင့် အဲဒီလမ်းကို အမြန်ဆုံး ဖွင့်ဖို့လိုတယ်။ အခုဆိုရင် ဖွင့်အချိန်အခါလည်း ကျရောက်ပြီဖြစ်တယ်။ ဘာလို့လဲဆိုရင် အခုက အပစ်အခတ်ရပ်စဲရေးအတွက် ရက္ခိုင့်တပ်တော်နဲ့ မြန်မာ့တပ်မတော်က စေ့စပ်ညှိနှိုင်းနေတာတွေ ရှိတယ်။ ဒါကြောင့်ဖွင့်ပေးဖို့ အချိန်အခါသင့်ပါပြီ။"

ရခိုင်ပြည်နယ်မှာ စစ်ရေးပဋိပက္ခကြောင့် တပ်မတော်က ပိတ်ထားတဲ့လမ်းတွေထဲမှာ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်ကားလမ်းအပြင် အမ်းမြို့နယ် ဒလက်ချောင်းလမ်းနဲ့ ကျောက်တော်နဲ့ ပလက်ဝလမ်းစတဲ့ ရေကြောင်းလမ်းနှစ်ခုလည်း ပါဝင်ပါတယ်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကလည်း ပိတ်ထားတဲ့ လမ်းတွေ ပြန်ဖွင့်ပေးဖို့ တောင်းဆိုပါတယ်။

"လမ်းပိတ်ထားတာကတော့ ကျွန်တော်တို့ သိရသလောက်က အချိန်ကြာကြာ ပိတ်ထားခဲ့တာက အမ်းမြို့နယ် ဒလက်ချောင်းပေါ့နော်။ နောက်ပြီးတော့မှ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် ကားလမ်းပေါ့နော်။ အဲဒီနေရာတွေက ပိတ်ထားခဲ့တာ တော်တော်လေးကြာပြီ။ ကျောက်တော်ဘက်မှာ ကျတော့ ကျောက်တော်မြို့နယ် အရှေ့ ဖက်ကမ်းပေါ့နော်။ ကျောက်တော်နဲ့ ပလက်ဝကြားပေါ့နော် အဲဒီနေရာတွေက အကုန်လုံးသွားလာလို့ မရသေးဘူး။ ရေရှည်ပိတ်ထားလို့ရှိရင် စီးပွားရေး၊ လူမှုရေး ကိစ္စတွေ အကုန်လုံး ထိခိုက်နစ်နာသွားမယ့် အခြေအနေ ရှိတယ်ပေါ့နော်။ ဖွင့်လို့ရတဲ့လမ်းတွေကို ဖွင့်စေချင်တယ်ပေါ့နော်။ ဖွင့်လည်းဖွင့်ပေးသင့်ပါတယ်။"

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒီလမ်းတွေကို ဖွင့်ပေးဖို့ဆိုတာ တိုက်ပွဲရပ်ထားတာတွေ တိုးတက်လာတဲ့အခြေအနေပေါ်မှာ မူတည်တယ်လို့ပြောပါတယ်။

"အဲဒီ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင် ဆက်သွယ်ထားတဲ့ကားလမ်းမှာ မော်တော်ယာဉ်မီးရှို့မှု ဖြစ်ပွားခဲ့တာ ရှိတယ်။ လူတွေဖမ်းဆီးခံရတာ ရှိတယ်။ ကျွန်တော်တို့ သတင်းထုတ်ပြန်ခဲ့တဲ့ အထဲမှာလည်းပါတယ်။ တံတားတွေ မီးရှို့ခံရတာတွေ ရှိတယ်။ ဒီကြားထဲမှာတော့ တိုက်ပွဲတွေ မရှိသလောက်တော့ဖြစ်ပါတယ်။ ဖွင့်ပေးဖို့အချိန်က တိုးတက် လာတဲ့အခြေအနေ အပေါ်မူတည်လိမ့်မယ်လို့ ပြောချင်ပါတယ်။"

ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းကားလမ်းဟာ တောဖျားချောင်းဒေသက ကျေးရွာ ၆၀ ကျော် မှီခိုနေရတဲ့လမ်း ဖြစ်ပြီး အခုထက်ပိုကြာအောင် ပိတ်ထားမယ်ဆိုရင် ဒေသခံတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ ပိုပြီး ကြီးမားလာမှာဖြစ်တဲ့အတွက် ဒီလမ်းကို အမြန်ဆုံးပြန်ဖွင့်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့