ရိုဟင်ဂျာတွေကို ထပ်မံလက်မခံတော့ဘူးလို့ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရပြော

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြားဖြတ်အစိုးရ ခေါင်းဆောင် မိုဟာမက် ယူနွတ်အား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့က ဒါကာမြို့ Hazarat Shahjalal အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဉ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြားဖြတ်အစိုးရ ခေါင်းဆောင် မိုဟာမက် ယူနွတ်အား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့က ဒါကာမြို့ Hazarat Shahjalal အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဉ်။ (Reuters)

ရိုဟင်ဂျာ တစ်သန်းလောက်အထိ ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားက ဒုက္ခသည်စခန်းတွေထဲကို မြန်မာနိုင်ငံဘက်က အသစ်ရောက်လာတဲ့ ဒုက္ခသည်တွေထဲမှာ အသက် ၄၅ နှစ်အရွယ် ရိုဟင်ဂျာ အမျိုးသား မူစတာဖာ ကာမယ်လည်း ပါဝင်ပါတယ်။

မူစတာဖာက သူနဲ့ သူ့မိသားစုတို့ဟာ ရိုဟင်ဂျာ အမြောက်အများ သေဆုံးခဲ့ရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့အနီးက ဒရုန်းတိုက်ခိုက်မှုကို ကိုယ်တွေ့ကြုံခဲ့ရပြီး၊ အသက်ဘေးကနေ သီသီလေး လွတ်မြောက်ခဲ့တာလို့ ပြန်ပြောပြပါတယ်။

မောင်တောမြို့အနီးမှာ AA တပ်ဖွဲ့ကနေ ပစ်ခတ်လိုက်တဲ့ မော်တာဗုံးတွေကြောင့် သူ့ရဲ့ တူတစ်ဦး အပါအဝင် လူတော်တော်များများ သေကုန်တဲ့အကြောင်း၊ လွတ်မြောက်လာတဲ့ သူတွေဟာ ကျွန်းလေးတစ်ကျွန်းပေါ်မှာ ပုန်းခိုနေခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရေကူးပြီး ထွက်ပြေးရောက်ရှိလာခဲ့တဲ့အကြောင်း ရိုက်တာကို ပြောပြခဲ့ပါတယ်။

သြဂုတ်လ ၅ ရက်နေ့က ရိုဟင်ဂျာ အများအပြားသေဆုံးခဲ့ရတဲ့ ဒရုန်းတိုက်ခိုက်မှုကို ကိုယ်တွေ့ကြုံခဲ့သူ သုံးဦးက ဒီတိုက်ခိုက်မှုကို အာရက္ခတပ်တော် (AA) ပြုလုပ်ခဲ့တာလို့ ရိုက်တာကို ပြောခဲ့ပြီး AA ဘက်ကတော့ မြန်မာစစ်တပ်က တိုက်ခိုက်ခဲ့တာလို့ ပြောထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အခုနောက်ပိုင်းမှ ထပ်ရောက်လာတဲ့ ရိုဟင်ဂျာ ဘယ်နှစ်ယောက်ရှိမလဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။

ရိုဟင်ဂျာဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ MSF အဖွဲ့ကတော့ ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာ ကျည်ဆန် မှန်တာနဲ့ ဗုံးစမှန်တာလို တိုက်ပွဲကြောင့်ရလာတဲ့ ဒဏ်ရာ အပြင်းအထန်ခံစားနေရတဲ့သူ ၅၄ ယောက်လောက် ကုသပေးခဲ့ရတဲ့အကြောင်း၊ ဒီလူနာတွေထဲက ၄၀ ရာခိုင်နှုန်းလောက်က အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တဲ့အကြောင်း ပြောပါတယ်။

ကော့ဆက်ဘဇားဒုက္ခသည်စခန်း စခန်းအကြီးအကဲ ကာမယ် ဟူစိန်ကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်းမှာ လူငါးသောင်းကျော်လောက် အသစ်ထပ်ရောက်လာတယ်လို့ ပြောပါတယ်။ အသစ်ရောက်လာသူတွေဟာ စခန်းထဲမှာ ခက်ခက်ခဲခဲနေထိုင်နေရတဲ့အကြောင်းနဲ့ အစိုးရအနေနဲ့ သူတို့ကို ဒုက္ခသည် စာရင်းထဲမှာ ထည့်ပေးပြီး၊ နေစရာနဲ့ စားနပ်ရိက္ခာ အကူအညီတွေ ပေးဖို့ စီစဉ်သင့်ပါတယ်လို့ သူက ပြောပါတယ်။

သူပြောတဲ့ လူအသစ် ငါးသောင်းကျော် ရောက်လာတယ်ဆိုတာ တကယ်ဟုတ်မဟုတ် ရိုက်တာက အတည်မပြုနိုင်သေးပါဘူး။ ရိုက်တာက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကို ဆက်သွယ်ခဲ့ပေမဲ့ တုံ့ပြန်မှု မရသေးပါဘူး။

ဆက်နွှယ်သောသတင်းများ

မြန်မာနိုင်ငံကရွှေတွေ သယ်လာတဲ့ ရိုဟင်ဂျာနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်ရဲဖမ်းဆီးOpens in new window ]

ဘင်္ဂလားဒေ့ရှ်မှာ တရားမျှတတဲ့ ရွေးကောက်ပွဲတွေကျင်းပဖို့ ယူနွတ် ကတိပြုOpens in new window ]

စစ်ပွဲတွေကြားက ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ MSF တောင်းဆိုOpens in new window ]

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ရိုဟင်ဂျာတွေ ထပ်ပြီး လက်မခံနိုင်တော့ဘူးလို့ မကြာခင်က ဖွဲ့စည်းလိုက်တဲ့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရရဲ့ နိုင်ငံခြားရေးအကြံပေး မိုဟာမက် သိုဟစ် ဟူစိန်က ရိုက်တာကို ပြောပါတယ်။
အခြားနိုင်ငံတွေအနေနဲ့ ရိုဟင်ဂျာတွေကို လက်ခံထားပေးဖို့နဲ့ ရိုဟင်ဂျာတွေကို AA ရဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်အောင် တစ်ကမ္ဘာလုံးက ဝိုင်းဝန်းပြီး ဖိအားပေးကြဖို့လည်း သူက တောင်းဆိုပါတယ်။

အလားတူပဲ နေအိမ်ကို စွန့်ခွာပြီး မိသားစုနဲ့အတူ ထွက်ပြေးလာတဲ့ မိုဟာမက် ဆာဘာ ဆိုတဲ့ အမျိုးသားကလည်း သူတို့ရွာကို AA တပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းစဉ်မှာ လူ၆၀ လောက် အသတ်ခံခဲ့ရတဲ့အကြောင်း၊ သူတို့မိသားစုဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဖြတ်ကူးဖို့ လိုက်ပါလာတဲ့ လှေဟာလည်း လမ်းမှာ တိုက်ခိုက်ခံခဲ့ရပြီး လှေပေါ်က လူတော်တော်များများ သေဆုံးခဲ့တဲ့အကြောင်း ရိုက်တာကို ပြောပါတယ်။

အခုတော့ သူတို့ မိသားစုဟာ ဦးလေးတော်စပ်သူတစ်ဦးနဲ့ အတူနေနေရပေမဲ့ ငွေမရှိတဲ့အတွက် ကလေးတွေအတွက် လိုအပ်တဲ့ ဆေးဝါးတွေ မဝယ်နိုင်တဲ့အကြောင်း ဘာပဲဖြစ်ဖြစ် သူ့မိသားစု အသက်ရှင်သန်ဖို့ ဆက်ပြီး ရုန်းကန်သွားမယ်လို့ သူက ပြောသွားပါတယ်။