မောင်တောမှာ ရိုဟင်ဂျာ ရာနဲ့ချီ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး သေဆုံးမှုရှိနေ
2024.08.21
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာ နှစ်သောင်းခန့် အိုးအိမ်စွန့်ခွာထွက်ပြေး နေကြရပြီး အဲဒီအထဲက ရိုဟင်ဂျာ ၃၅၀ ခန့်ဟာ ဝမ်းပျက်ဝမ်းလျှောနဲ့ ငှက်ဖျားရောဂါ ဖြစ်နေတာကြောင့် ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ အာရက္ခတပ်တော် (AA) က ပြောပါတယ်။
ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုနှုန်း ဆက်လက်မြင့်တက်နေပြီး သေဆုံးသူ ငါးဦးအထိရှိနေတယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ ကျန်းမာရေးဌာနက ဩဂုတ်လ ၁၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
“ကျန်းမာရေးအကူအညီတွေ ပြီးတော့ စားဝတ်နေရေး ဒါတွေအကုန်လုံး လိုအပ်ချက်တွေရှိတယ်။ စစ်ရှောင်နေရတဲ့ ဒီလိုအခြေအနေမှာ ဝမ်းရောဂါတို့ဖြစ်တာတွေလည်း ရှိတယ်"
အဲဒီရိုဟင်ဂျာတွေဟာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ လှဖိုးခေါင် ရိုဟင်ဂျာလက်ခံရေးစခန်းနဲ့ အနီးအနားဝန်းကျင်ကျေးရွာတွေမှာ ခိုလှုံနေကြရတာပါ။ သူတို့ကို AA အဖွဲ့က နေရာချထားပေးတာဖြစ်ပေမဲ့ စားနပ်ရိက္ခာကအစ လိုအပ်ချက်တွေရှိနေတယ်လို့ မာမတ်အလီ လို့ အမည်လွှဲထားတဲ့ လက်ရှိ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာတစ်ဦးက RFA ကို ပြောပါတယ်။
“ကျန်းမာရေးအကူအညီတွေ ပြီးတော့ စားဝတ်နေရေး ဒါတွေအကုန်လုံး လိုအပ်ချက်တွေရှိတယ်။ စစ်ရှောင်နေရတဲ့ ဒီလိုအခြေအနေမှာ ဝမ်းရောဂါတို့ဖြစ်တာတွေလည်း ရှိတယ်။ ပြီးတော့ နာတာရှည်ရောဂါသည်တွေလည်းရှိတယ်။ သူတို့ အဲဒီဘက်မှာ ဆေးဝါးတွေလည်း ကုသလို့ မရဘူးဖြစ်နေတယ်”
အာရက္ခတပ်တော် (AA) ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ လှဖိုးခေါင်စခန်းက ရိုဟင်ဂျာအချို့ကို RFA က တိုက်ရိုက် ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
အာရက္ခတပ်တော်(AA)ပြောခွင့်ရ ဦးခိုင်သုခကတော့ ရိုဟင်ဂျာတွေအတွက် ဆေးဝါးအကူအညီ အရေးတကြီးလို အပ်နေတယ်လို့ RFA ကိုပြောပါတယ်။
“ကျွန်တော်တို့ကတော့ ကျွန်တော်တို့မှာရှိတဲ့ ဆေးဝါးတွေနဲ့ ကျွန်တော်တို့ ကျန်းမာရေးဌာနကနေ အကောင်းဆုံး ကြိုးစားနေကြတယ်။ ဒါပေမဲ့ ပြဿနာက ကျွန်တော်တို့မှာ ကာလဝမ်းရောဂါ ထိန်းချုပ်ရေး ဆေးပစ္စည်းတွေ မရှိဘူး။ ရှိတာနဲ့ကုနေကြတယ်။ ဒါကြောင့် ဆေးပစ္စည်းတွေ အရေးတကြီး လိုအပ်နေတာတွေ ရှိတယ်။ ငှက်ဖျားဖြစ်တဲ့သူတွေလည်းရှိတယ်။ ဒါကြောင့် ငှက်ဖျားဆေးတွေ၊ ဆေးပစ္စည်းတွေကတော့ အများကြီးလိုအပ်နေတယ်”
ဒါကြောင့် လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ အရေးတကြီး ကူညီပေးကြဖို့ကိုလည်း AA အဖွဲ့က ပြောပါတယ်။
မောင်တောမြို့ပေါ်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲကြား ပိတ်မိနေတဲ့ ရိုဟင်ဂျာ ထောင်နဲ့ချီ ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရိုဟင်ဂျာတွေဟာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာနယ်မြေတွေကို ထွက်ပြေးခိုလှုံကြတာရှိသလို နှစ်နိုင်ငံ ပိုင်နက် နတ်မြစ်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးဖို့ ကြိုးစားနေတာတွေလည်း ရှိနေပါတယ်။
ဒီနေ့အထိ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ဖို့ မြန်မာဘက်က နတ်မြစ်ကမ်းမှာ စောင့်ဆိုင်းနေကြတဲ့ ရိုဟင်ဂျာ ၁၅၀၀ ကျော်ရှိတယ်လို့ မာမတ် အာယစ် လို့အမည်လွှဲထားတဲ့ ရိုဟင်ဂျာတစ်ဦးက RFA ကို ပြောပါတယ်။
“နတ်မြစ်နားမှာ ပိတ်မိနေတဲ့သူ ၁၅၀၀ လောက်ရှိတယ်။ နတ်မြစ်နားမှာပဲ စောင့်နေကြတယ်။ အမိုးအကာတွေ ဘာတွေမရှိဘူး။ ရတဲ့နည်းနဲ့ ဖြစ်သလိုနေရတာပါ။ ပိုက်ဆံရှိတဲ့သူတွေပဲ ဒီဘက်ကို ကူးလာလို့ ရတာ။ ပိုက်ဆံမရှိတဲ့သူတွေဆိုတော့ အဲဒီဘက်မှာပဲ ပိတ်မိနေကြတာပါ”
တိုက်ပွဲတွေကြောင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးဖို့ကြိုးစားရင်း လှေမှောက်သေဆုံးတာတွေလည်း ရှိနေပါတယ်။ သြဂုတ်လ ၁၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ခွာလာတဲ့ စက်လှေတစ်စင်း နတ်မြတ်ထဲ တိမ်းမှောက်ခဲ့ပြီး ရိုဟင်ဂျာ ၂၆ ဦး သေဆုံးသွားတယ်လို့ ရိုဟင်ဂျာတွေက RFA ကို ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ BHRN တောင်းဆို
ရိုဟင်ဂျာ တစ်သောင်းကျော် ခေါ်ထုတ်ပြီးနောက် မောင်တောရပ်ကွက်အချို့ AA ထိန်းချုပ်
မောင်တောက စစ်ဘေးဒုက္ခသည်တွေအတွက် ဆေးဝါးအကူအညီ အရေးပေါ် လိုအပ်နေ
အဲဒီစက်လှေဟာ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲမှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အလောင်းကိုးလောင်းကို ဘင်္ဂလားဒေ့ရှ်က ကမ်းခြေမှာ ရှာဖွေတွေ့ရှိထားတယ်လို့ ဆိုပါတယ်။ စက်လှေမှာ လူသုံးဆယ်ခန့် လိုက်ပါလာခဲ့တာဖြစ်ပြီး လေးဦးသာ အသက်ရှင်လျက် လွတ်မြောက်ခဲ့တယ်လို့ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ရိုဟင်ဂျာတွေကြုံနေရတဲ့ အကျပ်အတည်းကို အကူအညီပေးဖို့ လိုအပ်တယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ့လူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက RFA ကို ပြောပါတယ်။
“ဆေးဝါးပြတ်လပ်တာကတော့ တော်တော်လေးကို အခြေအနေဆိုးတယ်။ ဒါတွေကိုတော့ နိုင်ငံတကာကလည်း ကူညီဖို့လိုအပ်တယ်။ NUG အစိုးရအနေနဲ့လည်း ဒါတွေကို ထောက်ပံ့ဖို့ လိုအပ်တယ်။ လူသားချင်းစာနာမှု အကူအညီပေးဖို့ကိုလည်း အိမ်နီးချင်းနိုင်ငံတွေကိုလည်း ကျွန်တော်တို့ မေတ္တာရပ်ခံတယ်။ ဒုက္ခရောက်နေတဲ့သူတွေကို အမြန်ဆုံး အကူအညီပေးဖို့လိုအပ်တယ်။ လူမျိုးဘာသာမရွေး ကူညီဖို့လိုတယ်”
မောင်တောမြို့ပေါ်တိုက်ပွဲအတွင်း သောင်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသလို တိုက်ပွဲတွေကြား လက်နက်ကြီးတွေ၊ ဒရုန်းဗုံးတွေကြောင့် ရိုဟင်ဂျာတွေ အစုလိုက် အပြုံလိုက် သေဆုံးရတာတွေကိုလည်း နိုင်ငံတကာက ဖော်ထုတ်အရေးယူဖို့ လိုအပ်တယ်လို့ သူက ထောက်ပြပါတယ်။
စစ်ကောင်စီတပ်က ခံစစ်အထပ်ထပ်ကာရံထားတဲ့ မောင်တောမြို့ပေါ်ကို အာရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။ မြို့ပေါ် ဧရိယာအများစုကို AA က ထိန်းချုပ်ထားပေမဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီတပ်က သင်တန်းပေးထားတဲ့ လက်နက်ကိုင် မွတ်စလင်တွေ၊ ARSA၊ RSO၊ ARA စတဲ့ အဖွဲ့တွေနဲ့ AA တို့ ဆက်လက်တိုက်ပွဲပြင်းထန်နေဆဲပဲလို့ သြဂုတ်လ ၁၈ ရက်နေ့က AA အဖွဲ့က ထုတ်ပြန်ထားပါတယ်။