ရုရှားအကူအညီနဲ့ လေအားလျှပ်စစ်ထုတ်ဖို့ စစ်ကောင်စီပြင်နေ

RFA Burmese
2023.04.17
ရုရှားအကူအညီနဲ့ လေအားလျှပ်စစ်ထုတ်ဖို့ စစ်ကောင်စီပြင်နေ ၂၀၂၂ စက်တင်ဘာလ ၇ ရက်နေ့က ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့ FEFU Campus တွင် ကျင်းပသည့် အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တက်ရောက်လာသော စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)။
Reuters

နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် ကြီးမားနေတဲ့အချိန်မှာ ရုရှားရဲ့အကူအညီနဲ့ စစ်ကောင်စီက လေအားလျှပ်စစ်စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ကြိုးစားလာပါတယ်။

ရုရှားနိုင်ငံ၊ Rusatom International Network, ROSATOM က လေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်း အဆိုပြုချက်သုံးခုကို စစ်ကောင်စီရဲ့လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို တင်ပြခဲ့တယ်လို့ မတ်လ ၃ဝ ရက်ထုတ် စစ်ကောင်စီအာဘော် သတင်းစာတွေက ဖော်ပြပါတယ်။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်ခရိုင် ပုပ္ပားဒေသမှာ ၂၀၀ မဂ္ဂါဝပ်၊ မကွေးတိုင်း၊ မင်းတုန်းဒေသမှာ ၅၆ မဂ္ဂါဝပ်နဲ့ မင်းလှဒေသမှာ ၁၁၆ မဂ္ဂါဝပ်၊ စုစုပေါင်း မဂ္ဂါဝပ် ၃၇ဝ ကျော် ထုတ်မယ့် လေအားလျှပ်စစ်စီမံကိန်းတွေ ဖြစ်ပါတယ်။ မြန်မာပြည်မှာ တစ်နှစ်ကို မဂ္ဂါဝပ်တစ်သောင်းကျော် လိုတယ်လို့ စွမ်းအင်ဆိုင်ရာ လေ့လာသူတွေက ပြောပါတယ်။

လုံခြုံရေးအရအမည်မဖော်လိုတဲ့ စွမ်းအင်ဆိုင်ရာလေ့လာစောင့်ကြည့်သူတစ်ဦးကတော့ စစ်ကောင်စီရဲ့ ဒီစီမံကိန်းကနေထွက်မယ့် လျှပ်စစ်ဟာ ပြည်သူတွေအတွက်လား နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက်လားဆိုတာ အခုလိုမေးခွန်းထုတ်ပါတယ်။

“လျှပ်စစ်စွမ်းအင်ထုတ်မယ်လို့ ပြောတဲ့အခါ စီမံကိန်းနေရာတွေအလိုက်မှာ ထုတ်တဲ့ လျှပ်စစ်စွမ်းအင်တွေက ဒါက မြန်မာပြည်စွမ်းအင် လိုအပ်ချက်အတွက်လား။ ဒါမှမဟုတ်လို့ရှိရင် FDI လို့ခေါ်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက်လား ဆိုတာမေးခွန်းပြန်ထုတ်ရမယ့်ဟာရှိတာပေါ့။ သက်ဆိုင်ရာ မြို့နယ်အလိုက်ရဲ့စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဖို့ဆိုတာလည်း ရှိမယ်။ နောက်တစ်ခုက ထပ်တိုးလာတဲ့ ပြည့်ဖြိုးမြဲ စွမ်းအင်တွေကတော့ မြန်မာနိုင်ငံရဲ့ လျှပ်စစ်လိုအပ်ချက်ကို လုံလောက်အောင်ဖြည့်ပေးနိုင်မှာတော့ မဟုတ်ဘူး”

ဒီစီမံကိန်းတွေဟာ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (National Electrification Project- NEP) ရဲ့ စွမ်းအင်ဆိုင်ရာမူဝါဒတွေထဲက ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်းတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီအစီအစဉ်ကို သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်မှာ ရေးဆွဲခဲ့ပြီး NLD အစိုးရလက်ထက်မှာစလို့ အကောင်အထည်ဖော်ခဲ့တာပါ။

စွမ်းအင်ဆိုင်ရာမူဝါဒထဲမှာ ရေအားလျှပ်စစ်က ၅၇ ရာခိုင်နှုန်း၊ ကျောက်မီးသွေးသုံးစွမ်းအင်က ၃၀ ရာခိုင်နှုန်းနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းတွေက ၃ ရာခိုင်နှုန်း ထုတ်လုပ်ဖို့ မူဝါဒ ချမှတ်ထားတယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ကာလကိုတော့ ၂၀၁၅ ခုနှစ်ကနေ ၂ဝ၃ဝ ခုနှစ်အထိ သတ်မှတ်ထားပါတယ်။

လေအားလျှပ်စစ်စီမံကိန်းတွေရဲ့ ရလဒ်ကို ချက်ချင်းခံစားရမှာ မဟုတ်ဘူးလို့ စစ်ကောင်စီရဲ့ လျှပ်စစ်စီမံကိန်းတွေကို လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

“ပြည်သူတွေအတွက် ဘယ်လောက်အထောက်အကူပြုမလဲဆိုတာတော့ အခုလက်ရှိမှာလည်း မီးတွေပျက်နေတာပဲလေ။ တအားပျက်နေတော့ အဲဒီပြဿနာကို ဘယ်လိုမှမဖြေရှင်းနိုင်ဘူး။ (Project) ဒီစီမံကိန်းတွေက ကြာဦးမှာ။ လေအားလျှပ်စစ်ထုတ်လုပ်ရေး ဆိုတာက အချိန်တစ်နှစ်လောက်တော့ ကြာမယ်ထင်တယ်။ မြန်တယ်ဆိုတာတောင်မှ တစ်နှစ်၊ တစ်နှစ်ခွဲပဲ"

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသင်းဥက္ကဋ္ဌ ဦးသန်းဌေးကတော့ လေအားလျှပ်စစ်စီမံကိန်းတွေ အမှန်တကယ် ဖြစ်လာရင် မြန်မာနိုင်ငံက လျှပ်စစ်လိုအပ်ချက်ကို အထောက်အကူပြုနိုင်တယ်လို့ ပြောပါတယ်။

“အမှန်တကယ် ထွက်တယ်(ဓာတ်အား) ဆိုရင်တော့ ဒါကတစ်ထောင့်တစ်နေရာအနေနဲ့ အထောက်အကူ ဖြစ်မှာပါ။ လျှပ်စစ်ကလည်း အခုက အခက်အခဲဖြစ်နေတာ၊ တော်တော်လေးဒုက္ခရောက်နေကြ တာ၊ အဲဒါဆိုတော့ ပြန်လည်ပြည့်မြဲစွမ်းအင်ကနေပြီးတော့ တစ်ခန်းတစ်ကဏ္ဍ ထုတ်ယူအသုံးချနိုင်တာကတော့ ကျွန်တော်တို့ ကြိုဆိုရမှာပါ။ ကောင်းတယ်လို့ပဲ ပြောရမှာပေါ့”

image (10).jpg
စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးနှင့် Rusatom International Network, ROSATOM အဖွဲ့တို့ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၀ ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ်။ (Photo: Myanmar Digital News)

လက်ရှိမှာ လျှပ်စစ်မီးလိုအပ်ချက်ကို အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေက အလူးအလဲ ခံစားနေရတာပါ။ လျှပ်စစ်မီးပုံမှန်မရလို့ စက်သုံးဆီကိုအသုံးပြုပြီးလုပ်ငန်းလည်ပတ်နေပေမယ့် လောင်စာဆီရှားပြီး ဈေးကြီးလို့ လုပ်ငန်းရပ်နားရတာတွေလည်း ရှိနေပါတယ်။

ရန်ကုန်မြို့က အသေးစားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ စစ်ကောင်စီရဲ့ လျှပ်စစ်စီမံကိန်းကို အယုံအကြည်မရှိလို့ နေရောင်ခြည်သုံး ဆိုလာစနစ်တပ်ဖို့ စီစဉ်နေတယ်လို့ပြောပါတယ်။

“နွေပိုင်းတောင် ဒီလောက်ပျက်နေတာ မထင်တော့မထင်ဘူး။ ဒါပေမဲ့ လျှပ်စစ်မီးမှန်အောင် လုပ်ပေးမယ် ဆိုရင်တော့လည်း လုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေးတွေ အဆင်ပြေတာပေါ့။ ညီမလည်းအခု ညီမသူငယ်ချင်း တစ်ယောက်နဲ့ တိုင်ပင်နေတာ။ ဘက်ထရီအိုးနဲ့ဆိုလာနဲ့တပ်ရင်ကောင်းမလား။ ဒီပုံစံအတိုင်းဆိုရင် ဆီကလည်းဝယ်လို့မရ၊ ညီမတို့ အလုပ်တွေက အကုန်ရပ်ထားရမယ့်ပုံ ဖြစ်လာတာ။ ဘက်ထရီနဲ့ဆိုလာတပ်ရင်တောင် အကုန်လုံး သိန်း ၁၅၀ လောက် ကုန်မယ်”

နောက်ထပ်အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းရှင်နှစ်ဦးကလည်း စစ်ကောင်စီရဲ့လျှပ်စစ်စီမံကိန်းတွေကို အယုံအကြည်မရှိဘူးလို့ ပြောပါတယ်။

အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နဲ့ စွမ်းအင်ဆိုင်ရာကော်မတီအဖွဲ့ဝင် ဖြစ်ခဲ့ပြီး အခုလွတ်မြောက်နယ်မြေတစ်နေရာမှာရှိတဲ့ ဦးမောင်မောင်ဆွေက စစ်ကောင်စီနဲ့ရုရှား ပူးပေါင်းအကောင်အထည်ဖော်မယ့် ဒီစီမံကိန်းတွေက ဟန်ပြသက်သက်ပဲလို့ ဝေဖန်ပါတယ်။

“ဟန်ပြစီမံကိန်းပဲဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ လေအားလျှပ်စစ်စီမံကိန်းဆိုတာနည်းပညာ အရဆိုရင် လေကောင်းကောင်းရတဲ့ လေထန်တဲ့နေရာတွေမှာ ဥပမာ-ပင်လယ်ကမ်းစပ်လို၊ တောင်ကုန်းအမြင့်လို အဲလိုနေရာမျိုးမှာပဲလုပ်တာ။ မြေပြန့်လွင်ပြင်မှာ လုပ်မယ်ဆိုကတည်းက မဖြစ်နိုင်တဲ့စီမံကိန်းတွေပဲ။ နှစ်ဦးနှစ်ဖက်က တစ်ယောက်ကိုတစ်ယောက်က အမှီသဟဲပြုပြီးတော့ နိုင်ငံတတကာ အသိုင်းအဝိုင်းရဲ့ အာရုံစိုက်မှုရရုံပြတဲ့ သဘောပါပဲ”

နိုင်ငံတကာကဆက်ဆံရေး ဖြတ်တောက်ထားချိန်မှာ စစ်ကောင်စီက ရုရှားနဲ့ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံလာတာလို့ သူကပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဟာ အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်နေတယ်လို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်က နေပြည်တော်မှာ လုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။ ဒါ့ကြောင့် ၂၀၂၅ မှာ လျှပ်စစ်ဓာတ်အားလုံလုံ လောက်လောက်ရဖို့ ဆောင်ရွက်နေတယ်လို့ သူကပြောပါတယ်။

ဒီအတောတွင်းမှာပဲ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ထဲက ဂွ၊ အမ်းနဲ့သံတွဲမြို့နယ်တွေမှာ လေအားလျှပ်စစ်စီမံကိန်းသုံးခုကို အကောင်အထည်ဖော်ဖို့ တရုတ်နဲ့ သဘောတူထားပါတယ်။

စစ်ကောင်စီရဲ့ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေမှာတော့ ၂ဝ၂၃ - ၂၄ ခုနှစ် ဘဏ္ဍာနှစ်မှာ လျှပ်စစ်စွမ်းအားအတွက် အသုံးစရိတ်ကျပ်ငွေ ၆၈၂ ဘီလီယံနဲ့ စွမ်းအင်ကဏ္ဍအတွက် အသုံးစရိတ်ကျပ်ငွေ ၁၃ ဘီလီယံကျော် သတ်မှတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။